bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese 2021
/
Haggai 2
Haggai 2
Burmese 2021
← Chapter 1
Jump to:
Chapter 1
Chapter 2
1
သတ္တမလ နှစ်ဆယ်တစ်ရက်နေ့တွင်၊ ပရောဖက်ဟဂ္ဂဲအားဖြင့် ထာဝရဘုရား၏ နှုတ်ကပတ်တော် ရောက်လာ၍၊
2
သင်သည် ယုဒမြို့ဝန်၊ ရှာလသေလသား ဇေရုဗဗေလနှင့် ယဇ်ပုရောဟိတ်မင်း ယောဇဒက်သား ယောရှုမှစ၍ ကျန်ကြွင်းသောသူတို့အား ဆင့်ဆိုရမည်မှာ၊
3
ဤအိမ်တော်သည် ရှေးဘုန်းနှင့် ပြည့်စုံသည်ကို မြင်ဖူး၍ သင်တို့တွင် ကျန်ကြွင်းသောသူကား အဘယ်သူနည်း။ ယခုအဘယ်အရာကို မြင်သနည်း။ နှိုင်းယှဉ်လျှင် သင်တို့မျက်မှောက်၌ အဘယ်မျှ မဟုတ်သကဲ့သို့ ဖြစ်သည်မဟုတ်လော။
4
သို့သော်လည်း၊ အို ဇေရုဗဗေလ၊ အားယူလော့ဟု၊ ထာဝရဘုရားမိန့်တော်မူ၏။ အို ယဇ်ပုရောဟိတ်မင်း ယောဇဒက်သားယောရှု၊ အားယူလော့။ အို ပြည်သူပြည်သားအပေါင်းတို့၊ အားယူကြလော့ဟု၊ ထာဝရဘုရား မိန့်တော်မူ၏။
5
အဲဂုတ္တုပြည်မှ ထွက်သောအခါ သင်တို့နှင့် ငါဖွဲ့သော ပဋိညာဉ်စကားနှင့်အညီ ငါသည် သင်တို့နှင့်အတူရှိ၏။ ငါ၏ဝိညာဉ်တော်သည် သင်တို့တွင် နေရာကျ၏။ မစိုးရိမ်ကြနှင့်ဟု၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူ၏။
6
ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားမိန့်တော်မူသည်ကား၊ ကာလမကြာမမြင့်မီ ကောင်းကင်၊ မြေကြီး၊ ပင်လယ်၊ ကုန်းတို့ကို တစ်ဖန်ငါလှုပ်ဦးမည်။
7
လူမျိုးအပေါင်းတို့ကိုလည်း ငါလှုပ်ဦးမည်။ လူမျိုးအပေါင်းတို့ နှစ်သက်ဖွယ်သောအရာသည် ရောက်၍၊ ဤအိမ်ကိုဘုန်းနှင့် ငါပြည့်စုံစေမည်ဟု၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူ၏။
8
ရွှေနှင့် ငွေကို ငါပိုင်သည်ဟု၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားမိန့်တော်မူ၏။
9
နောက်တည်သော ဤအိမ်တော်သည် အရင်အိမ်တော်ထက် ဘုန်းသာ၍ ကြီးလိမ့်မည်ဟု၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားမိန့်တော်မူ၏။ ဤအရပ်၌လည်း ငြိမ်သက်ခြင်းကို ငါပေးမည်ဟု၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားမိန့်တော်မူ၏။
10
ဒါရိမင်းကြီး နန်းစံနှစ်နှစ်၊ နဝမလနှစ်ဆယ် လေးရက်နေ့တွင်၊ ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ပရောဖက်ဟဂ္ဂဲအားဖြင့် ရောက်လာလျက်၊
11
ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားက၊ သင်သည်တရားအမှုကို ယဇ်ပုရောဟိတ်၌ မေးမြန်းရမည်မှာ၊
12
လူသည် သန့်ရှင်းသောအမဲသားကို မိမိအဝတ်နှင့် ထုတ်၍ ဆောင်ခဲ့လျက်၊ မုန့်၊ ဟင်း၊ စပျစ်ရည်၊ ဆီ အစရှိသော စားစရာတစ်စုံတစ်ခုကို ထိုအဝတ်နှင့်ထိလျှင်၊ ထိုစားစရာသည် သန့်ရှင်းလိမ့်မည်လောဟု မေးမြန်းသော်၊ ယဇ်ပုရောဟိတ်တို့က၊ ထိုစားစရာသည် မသန့်ရှင်းဟု ပြန်ပြောကြ၏။
13
ဟဂ္ဂဲကလည်း၊ အသေကောင်အားဖြင့် မစင်ကြယ်သော သူသည် ထိုအရာ တစ်စုံတစ်ခုကိုထိလျှင် ညစ်ညူးခြင်းရှိလိမ့်မည်လောဟု မေးမြန်းသော်၊ ယဇ်ပုရောဟိတ်တို့က၊ ညစ်ညူးခြင်းရှိလိမ့်မည်ဟု ပြန်ပြောကြ၏။
14
ဟဂ္ဂဲကလည်း၊ ဤလူမျိုး၊ ဤပြည်သားတို့သည် ငါ့မျက်မှောက်၌ ထိုအတူ ဖြစ်ကြ၏။ သူတို့လုပ်ဆောင်သမျှသည်လည်း ထိုအတူဖြစ်၏။ ငါ့ထံမှာ ပူဇော်သောအရာသည်လည်း ညစ်ညူး၏ဟု၊ ထာဝရဘုရား မိန့်တော်မူ၏။
15
ထာဝရဘုရား၏ ဗိမာန်တော်၌ ကျောက်တစ်ခုပေါ်မှာ တစ်ခုကို မတင်မီ၊ ယခုနေ့မှစ၍ အထက်အမှုကို ပြန်ကြည့်ဆင်ခြင်ကြပါလော့။
16
ထိုကာလတွင် ဆန်အတင်းနှစ်ဆယ်ထွက်ရသော စပါးပုံသို့ လူလာသောအခါ တစ်ဆယ်ကိုသာရ၏။ စပျစ်ရည်အိုးငါးဆယ်ကို ယူခြင်းငှာ စပျစ်သီးနယ်ရာကျင်းသို့ လာသောအခါ နှစ်ဆယ်ကိုသာရ၏။
17
သင်တို့ လုပ်ဆောင်သမျှတို့တွင် လေထိ၍အပင်သေဘေး၊ အရည်ယို၍ သေဘေး၊ မိုးသီးဘေးဖြင့် ငါသည် ဒဏ်ခတ်ခဲ့ပြီ။ သို့သော်လည်း၊ သင်တို့သည် ငါ့ထံသို့ ပြန်၍မလာကြဟု ထာဝရဘုရား မိန့်တော်မူ၏။
18
ထာဝရဘုရား၏ ဗိမာန်တော်တိုက်မြစ်ကျ၍၊ နဝမလ နှစ်ဆယ်လေးရက်နေ့၊ ယနေ့မှစ၍ ရှေ့သို့မျှော်ကြည့်ဆင်ခြင်ကြပါလော့။ ဆင်ခြင်ရမည် အကြောင်းအရာဟူမူကား၊
19
စပါးကျီ၌ စပါးရှိသလော။ မရှိ။ စပျစ်ပင်၊ သင်္ဘောသဖန်းပင်၊ သလဲပင်၊ သံလွင်ပင်တို့သည် အသီးကို မသီးကြသေး။ သို့သော်လည်း၊ ယနေ့မှစ၍ သင်တို့ကို ငါကောင်းချီးပေးမည်ဟု မိန့်တော်မူ၏။
20
ထိုလနှစ်ဆယ်လေးရက်နေ့တွင်၊ ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ဟဂ္ဂဲသို့တစ်ဖန်ရောက်လာ၍၊
21
သင်သည် ယုဒမြို့ဝန်၊ ဇေရုဗဗေလကို ဆင့်ဆိုရမည်မှာ၊ ငါသည် ကောင်းကင်နှင့် မြေကြီးကိုလှုပ်မည်။
22
တိုင်းနိုင်ငံတို့၏ ရာဇပလ္လင်များကိုမှောက်လှန်၍၊ အမျိုးမျိုးသော တိုင်းနိုင်ငံတန်ခိုးကို ဖျက်ဆီးမည်။ ရထားနှင့် ရထားစီးသူရဲတို့ကိုလည်း မှောက်လှန်မည်။ မြင်းနှင့် မြင်းစီးသူရဲတို့သည် တစ်ယောက်ကို တစ်ယောက်ခုတ်၍ လဲကြလိမ့်မည်။
23
ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားမိန့်တော်မူသည်ကား၊ အို ရှာလသေလသား၊ ငါ့ကျွန် ဇေရုဗဗေလ၊ ထိုအခါ သင့်ကိုငါယူ၍ တံဆိပ်လက်စွပ်ကဲ့သို့ ခန့်ထားမည်ဟု၊ ထာဝရဘုရား မိန့်တော်မူ၏။ သင့်ကို ငါရွေးချယ်ပြီဟု၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူ၏။ ပရောဖက်ဟဂ္ဂဲ စီရင်ရေးထားသော အနာဂတ္တိကျမ်းပြီး၏။
← Chapter 1
Jump to:
Chapter 1
Chapter 2
All chapters:
1
2