bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese 2021
/
Hebrews 11
Hebrews 11
Burmese 2021
← Chapter 10
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 12 →
1
ယုံကြည်ခြင်းသည် မျှော်လင့်သောအရာတို့ကို မျက်မှောက်ပြုခြင်းဖြစ်၏။ မမြင်သေးသော အရာတို့ကို သိမှတ်စွဲလမ်းခြင်းအကြောင်း ဖြစ်၏။-
2
ထိုပါရမီကြောင့်၊ ရှေးလူဟောင်းတို့သည် ချီးမွမ်းတော်မူခြင်းကို ခံရကြ၏။-
3
ယခုမြင်ရသောအရာတို့သည်၊ အရင်ထင်ရှားသော အရာထဲက မဖြစ်ဘဲ၊ လောကဓာတ်တို့သည် ဘုရားသခင်၏ အမိန့်တော်ကြောင့်သာ တည်သည်ကို ငါတို့သည် ယုံကြည်ခြင်းအားဖြင့် သိကြ၏။-
4
အာဗေလသည်၊ ကာဣနပူဇော်သောယဇ်ထက် သာ၍ မြတ်သောယဇ်ကို၊ ယုံကြည်ခြင်းအားဖြင့် ဘုရားသခင်အား ပူဇော်၏။ ထိုသို့သောယဇ်ကို ပူဇော်၍၊ မိမိဖြောင့်မတ်သည်ဟု သက်သေခံတော်မူခြင်းကို ရလေ၏။ အဘယ်သို့နည်းဟူမူကား၊ သူလှူသောအလှူကို ဘုရားသခင်သည် လက်ခံတော်မူ၏။ သို့ဖြစ်၍၊ အာဗေလသည် သေလွန်သော်လည်း ယခုပင် တရားဟောသေး၏။-
5
ဧနောက်သည် ယုံကြည်ခြင်းအားဖြင့် သေခြင်းနှင့်လွတ်၍ ဘဝပြောင်းရ၏။ ဘုရားသခင်သည် သူ့ကို ဘဝပြောင်းစေတော်မူသောကြောင့်၊ သူသည် နောက်တစ်ဖန် မပေါ်မရှိ။ သူသည် ဘဝမပြောင်းမီ ဘုရားသခင်၏ စိတ်တော်နှင့် တွေ့သောသူဖြစ်သည်ဟု သက်သေခံခြင်းကို ရလေ၏။-
6
ယုံကြည်ခြင်းမရှိလျှင်၊ ဘုရားသခင်၏ စိတ်တော်နှင့်မတွေ့နိုင်။ အကြောင်းမူကား၊ ဘုရားသခင့် အထံတော်သို့ ချဉ်းကပ်သောသူသည်၊ ဘုရားသခင် ရှိတော်မူသည်ကိုလည်းကောင်း၊ ကိုယ်တော်ကို ရှာသောသူအား အကျိုးပေးတော်မူသည်ကိုလည်းကောင်း၊ ယုံကြည်ရမည်။-
7
နောဧသည် မမြင်သေးသော အမှုအရာတို့ကို ဖော်ပြသော ဗျာဒိတ်တော်ကိုခံရပြီးမှ၊ ယုံကြည်ခြင်းအားဖြင့် ကြောက်ရွံ့သောစိတ်ရှိ၍၊ မိမိအိမ်သူအိမ်သားတို့ကို ကယ်တင်ခြင်းငှာ သင်္ဘောကိုတည်လေ၏။ ထိုယုံကြည်ခြင်းအားဖြင့် လောကီသားတို့ကို အပြစ်တင်၍ ယုံကြည်ခြင်းနှင့်ယှဉ်သော ဖြောင့်မတ်ခြင်းကိုလည်း အမွေခံရ၏။
8
အာဗြဟံသည် အမွေခံရလတ္တံ့သောပြည်သို့ ထွက်သွားမည်အကြောင်း၊ ဘုရားသခင်ခေါ်တော်မူသောအခါ၊ သူသည် အဘယ်အရပ်သို့သွားသည်ကို ကိုယ်တိုင်မသိဘဲလျက်၊ ယုံကြည်ခြင်းအားဖြင့် နားထောင်၍ ထွက်သွားလေ၏။-
9
သူတစ်ပါးပိုင်သောပြည်၌ ဧည့်သည်နေသကဲ့သို့၊ ကတိတော်နှင့် စပ်ဆိုင်သောပြည်၌ ယုံကြည်ခြင်းအားဖြင့် ဧည့်သည်ဖြစ်၍နေ၏။ ထိုကတိတော်ကို အမွေခံရသော အဖော်အဖက်တည်းဟူသော ဣဇာက်၊ ယာကုပ်တို့နှင့်အတူ တဲ၌နေလေ၏။-
10
အကြောင်းမူကား၊ ဘုရားသခင် တည်ထောင်ပြုစုတော်မူသော၊ ခိုင်ခံ့မြဲမြံသောမြို့ကို မျှော်လင့်သတည်း။-
11
သူ၏ခင်ပွန်းစာရာသည်လည်း အရွယ်လွန်သောအခါ၊ ပဋိသန္ဓေယူနိုင်သော အခွင့်တန်ခိုးကို ယုံကြည်ခြင်းအားဖြင့် ခံရလေ၏။ အကြောင်းမူကား၊ ကတိထားတော်မူသောသူသည် သစ္စာရှိသည်ဟု စိတ်စွဲလမ်းခြင်းရှိ၏။-
12
သို့ဖြစ်၍၊ ထိုအမှုအရာ၌ လူသေနှင့်တူသော သူတစ်ယောက်သည်၊ အရေအတွက်အားဖြင့် ကောင်းကင်ကြယ်ကဲ့သို့လည်းကောင်း၊ သမုဒ္ဒရာကမ်းနား၌ မရေတွက်နိုင်သော သဲလုံးကဲ့သို့လည်းကောင်း၊ များစွာသောသူတို့၏အဘ ဖြစ်သတည်း။-
13
ယခုဆိုခဲ့ပြီးသော သူအပေါင်းတို့သည်၊ ကတိတော်နှင့်စပ်ဆိုင်သော အကျိုးကျေးဇူးကို မခံရဘဲ၊ အဝေးကမြော်မြင်လျက်၊ စိတ်နှလုံးနှင့် ဖက်ယမ်းလျက်၊ မိမိတို့သည် မြေကြီးပေါ်မှာ တစ်ကျွန်းသူတစ်နိုင်ငံသား၊ ဧည့်သည် အာဂန္တုဖြစ်သည်ကို ထင်ရှားစွာဝန်ခံလျက်၊ ယုံကြည်ခြင်းစိတ်နှင့် သေလွန်ကြ၏။-
14
ထိုသို့ ဝန်ခံသောသူတို့သည် မိမိတို့အဘပြည်ကို ရှာကြသည်ဟု အတည့်အလင်းပြောဆိုကြ၏။-
15
ထိုသူတို့သည် အထက်ကထွက်သွားသော ပြည်ကို အောက်မေ့သည်မှန်လျှင်၊ ထိုပြည်သို့ ပြန်ရသောအခွင့် ရှိကြ၏။-
16
ထိုပြည်ကိုမအောက်မေ့ဘဲ၊ ကောင်းကင်ပြည် တည်းဟူသော သာ၍မြတ်သောပြည်ကို တောင့်တခြင်းရှိကြ၏။ ထိုကြောင့်၊ ဘုရားသခင်သည် သူတို့၏ဘုရားဟူ၍ ခေါ်ဝေါ်ခြင်းကိုရှက်တော်မမူ၊ သူတို့နေစရာဖို့ မြို့ကို တည်ထောင်တော်မူပြီ။
17
အာဗြဟံသည် စုံစမ်းတော်မူခြင်းကို ခံရသောအခါ၊ ယုံကြည်ခြင်းအားဖြင့် ဣဇာက်ကိုပူဇော်၏။-
18
ဣဇာက်၌သာ သင်၏အမျိုးတည်လိမ့်မည်ဟူသော ဗျာဒိတ်တော်မှစ၍ ကတိတော်များကို ခံရသောသူသည်၊ မိမိ၌ တစ်ယောက်တည်းသော ထိုသားကို ပူဇော်၏။-
19
ထိုသို့ပူဇော်သောအခါ သေခြင်းမှ ထမြောက်စေခြင်းငှာ၊ ဘုရားသခင် တတ်နိုင်တော်မူသည်ကို သူသည်အောက်မေ့၏။ ထိုသားကို ပုံစကားအားဖြင့် သေခြင်းထဲကရ၏။-
20
ဣဇာက်သည်လည်း၊ ယုံကြည်ခြင်းအားဖြင့် အနာဂတ်အရာတို့ကို အမှတ်ပြု၍ ယာကုပ်နှင့် ဧသောကို ကောင်းချီးပေး၏။-
21
ယာကုပ်သည်လည်း၊ သေချိန်နီးသောအခါ၊ ယုံကြည်ခြင်းအားဖြင့် ယောသပ်၏ သားနှစ်ယောက်ကို ကောင်းချီးပေး၍၊ တောင်ဝှေးထိပ်အပေါ်မှာ ကိုးကွယ်လေ၏။-
22
ယောသပ်သည် သေဆဲရှိသောအခါ၊ ယုံကြည်ခြင်းအားဖြင့် ဣသရေလအမျိုးသားတို့၏ ထွက်မြောက်ခြင်းအရာကို ပြ၍၊ မိမိအရိုးတို့၏ အကြောင်းကို မှာထားလေ၏။
23
မောရှေကို ဖွားမြင်ပြီးမှ အဆင်းလှသော သူငယ်ဖြစ်သည်ကို မိဘတို့သည်မြင်လျှင်၊ ယုံကြည်ခြင်းအားဖြင့် ရှင်ဘုရင်အမိန့်တော်ကို မကြောက်ဘဲ သုံးလပတ်လုံး သူ့ကို ဝှက်ထားလေ၏။-
24
မောရှေသည် အသက်အရွယ်ကြီးသောအခါ အပြစ်ရှိသော ကာမဂုဏ်ကို ခဏခံစားခြင်းထက်၊ ဘုရားသခင်၏လူတို့နှင့် အတူညှဉ်းဆဲခံရခြင်းကို သာ၍ အလိုရှိသဖြင့်လည်းကောင်း၊ အဲဂုတ္တုပြည်၏ စည်းစိမ်ထက် ခရစ်တော်ကြောင့် ကဲ့ရဲ့ခြင်းဒုက္ခသည် သာ၍မြတ်သော စည်းစိမ်ဖြစ်သည်ကို စိတ်ထင်သဖြင့်လည်းကောင်း၊ ယုံကြည်ခြင်းစိတ်ရှိ၍ ဖာရောဘုရင်သမီး၏သားဟူ၍ ခေါ်ဝေါ်ခြင်းအခွင့်ကို ပယ်၏။ အကြောင်းမူကား၊ နောက်ရလတ္တံ့သောအကျိုးကို ထောက်စာမျှော်လင့်လျက်နေ၏။-
27
ယုံကြည်ခြင်းအားဖြင့် ရှင်ဘုရင်အမျက်ကို မကြောက်ဘဲ၊ အဲဂုတ္တုပြည်ကို စွန့်သွား၏။ အကြောင်းမူကား၊ မျက်မြင်မရသော ဘုရားသခင်ကို မြင်ရဘိသကဲ့သို့ တည်ကြည်ခြင်းရှိ၏။-
28
သားဦးများကို ဖျက်ဆီးသောသူသည် ဣသရေလလူတို့ကို ဒဏ်မခတ်စေခြင်းငှာ၊ ယုံကြည်ခြင်းအားဖြင့် ပသခါပွဲကိုလည်းကောင်း၊ အသွေးဖျန်းဆွတ်ခြင်းကိုလည်းကောင်း စောင့်လေ၏။-
29
ဣသရေလလူတို့သည် ကုန်းကြောင်းသွားသကဲ့သို့၊ ယုံကြည်ခြင်းအားဖြင့် ဧဒုံပင်လယ်အလယ်၌ လျှောက်သွားရကြ၏။ ထိုသူတို့နည်းတူ အဲဂုတ္တုလူတို့သည် သွားမည်အားထုတ်သောအခါ နစ်မြုပ်ကြ၏။-
30
ယေရိခေါမြို့ကို ခုနစ်ရက်ပတ်လုံးဝိုင်း၍ လှည့်ပြီးမှ၊ ယုံကြည်ခြင်းအားဖြင့် မြို့ရိုးသည် ပြိုလဲ၏။-
31
ပြည်တန်ဆာရာခပ်သည် သူလျှိုတို့ကို အဆွေဖွဲ့၍ လက်ခံသောကြောင့်၊ မယုံကြည်သောသူတို့နှင့် အတူ မပျက်စီးဘဲ၊ ယုံကြည်ခြင်းအားဖြင့် ချမ်းသာရ၏။
32
ထိုမှတစ်ပါး၊ အဘယ်သို့ ပြောစရာရှိသေးသနည်း။ ဂိဒေါင်၊ ဗာရက်၊ ရှံဆုံ၊ ယေဖသ၊ ဒါဝိဒ်၊ ရှမွေလမှစ၍ ပရောဖက်တို့အကြောင်းများကို ပြော၍မကုန်နိုင်။-
33
ထိုသူတို့သည် ယုံကြည်ခြင်းအားဖြင့် အခြားသောတိုင်းနိုင်ငံကို အောင်ခြင်း၊ တရားသဖြင့် စီရင်ခြင်း၊ ကတိတော်ကို ဝင်စားခြင်း၊ ခြင်္သေ့နှုတ်ကို ပိတ်ခြင်း၊-
34
မီးအရှိန်ကို ငြိမ်းစေခြင်း၊ ဓားလက်နက်ဘေးနှင့် ကင်းလွတ်ခြင်း၊ အနာမှထမြောက်၍ ကျန်းမာခြင်း၊ စစ်တိုက်သောအခါ ခွန်အားနှင့်ပြည့်စုံခြင်း၊ တစ်ပါးအမျိုးသားတို့၏ တပ်များကို ဖျက်ဆီးခြင်းအမှုများကို ပြုကြ၏။-
35
မိန်းမတို့သည်လည်း၊ သေခြင်းမှ ထမြောက်သော မိမိတို့သားကို ရပြန်ကြ၏။ အချို့သောသူတို့သည်၊ သာ၍မြတ်သော ထမြောက်ခြင်းသို့ ရောက်လိုသောငှာ၊ လွှတ်ခြင်းကိုမခံမယူဘဲ ပြင်းစွာသော ညှဉ်းဆဲခြင်းကို ခံကြ၏။-
36
အချို့သောသူတို့သည် ကဲ့ရဲ့ရိုက်ပုတ်ခြင်း၊ ချည်နှောင်ခြင်းကိုခံ၍ ထောင်ထဲမှာနေရသဖြင့်၊ စုံစမ်းခြင်းကို ခံရကြ၏။-
37
ကျောက်ခဲနှင့် ပစ်ခြင်း၊ လွှနှင့် အပိုင်းပိုင်းတိုက်ဖြတ်ခြင်း၊ စုံစမ်းနှောင့်ယှက်ခြင်း၊ ဓားလက်နက်နှင့် ကွပ်မျက်ခြင်းကို ခံရကြ၏။ အလွန်ဆင်းရဲလျက် ညှဉ်းဆဲနှိပ်စက်ခြင်းကို ခံလျက်၊ သိုးရေ၊ ဆိတ်ရေကိုဝတ်၍ လှည့်လည်ရကြ၏။-
38
ဤလောကသည် ထိုသူတို့နှင့် မထိုက်မတန်။ သူတို့သည် တောကြိုတောင်ကြား၊ ဥမင်မြေတွင်းထဲမှာ အပြောင်းပြောင်း အလည်လည် နေရကြ၏။-
39
ထိုသူအပေါင်းတို့သည် ယုံကြည်ခြင်းအားဖြင့် ချီးမွမ်းခြင်းသို့ ရောက်သော်လည်း၊ ကတိတော်အတိုင်း အကျိုးကျေးဇူးကို မခံရကြ။-
40
အဘယ်ကြောင့်နည်းဟူမူကား၊ ထိုသူတို့သည် ငါတို့မပါဘဲ စုံလင်ခြင်းသို့ မရောက်ရမည်အကြောင်း၊ ဘုရားသခင်သည် ငါတို့အဖို့ အလိုငှာ သာ၍မြတ်သော ကျေးဇူးကို ကြံစည်တော်မူ၏။
← Chapter 10
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 12 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13