bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese 2021
/
Philippians 4
Philippians 4
Burmese 2021
← Chapter 3
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
1
ထိုကြောင့် ငါဝမ်းမြောက်ခြင်းအကြောင်း၊ ငါ့ဦးရစ်သရဖူတည်းဟူသော၊ ငါချစ်၍ အလွန်လွမ်းသော ညီအစ်ကိုတို့၊ ငါဆိုခဲ့ပြီးသည်အတိုင်း သခင်ဘုရား၌ တည်နေကြလော့၊ ငါ့ချစ်သူတို့။-
2
ဧဝေါဒိနှင့်သုန္တုတ်တို့သည် သခင်ဘုရား၌ သဘော တညီတညွတ်တည်း ဖြစ်ရကြမည်အကြောင်းကို ငါတောင်းပန် သွေးဆောင်ပါ၏။-
3
အချင်း ငါ့လုပ်ဖော်ဆောင်ဖက်စစ်၊ သင့်ကိုလည်း ငါတောင်းပန်၏။ ငါနှင့် ကလေမင်မှစ၍ အသက်စာရင်းဝင်သော အခြားသော ငါ၏လုပ်ဖော်ဆောင်ဖက်တို့နှင့်အတူ၊ ဧဝံဂေလိတရားကို ဟောပြောသောအမှု၌ ကူညီ၍ ကြိုးစားအားထုတ်သော မိန်းမတို့ကို မစထောက်ပံ့ပါလော့။
4
သခင်ဘုရား၌ အစဉ်မပြတ် ဝမ်းမြောက်ခြင်းရှိကြလော့။ တစ်ဖန် ငါဆိုသည်ကား ဝမ်းမြောက်ကြလော့။-
5
လူအပေါင်းတို့ရှေ့၌ သင် တို့၏ ဖြည်းညင်းခြင်း သဘောကို ထင်ရှားစေကြလော့။ သခင်ဘုရားသည် အနီးအပါး၌ ရှိတော်မူ၏။-
6
အဘယ်အမှုကိုမျှ စိုးရိမ်ခြင်းမရှိဘဲ အရာရာ၌ ကျေးဇူးတော်ကို ချီးမွမ်းခြင်းနှင့်တကွ ဆုတောင်းပတ္ထနာ ပြုသောအားဖြင့်၊ သင်တို့တောင်းပန်လိုသော အရာများတို့ကို ဘုရားသခင်အား ကြားလျှောက်ကြလော့။-
7
ထိုသို့ပြုလျှင် အဘယ်သူမျှကြံ၍ မမီနိုင်သော ဘုရားသခင်၏ ငြိမ်သက်ခြင်းသည် ယေရှုခရစ်အားဖြင့် သင်တို့၏စိတ်နှလုံးတို့ကို စောင့်မလိမ့်မည်။
8
ကြွင်းသေးသော စကားဟူမူကား၊ ညီအစ်ကိုတို့၊ သမ္မာတရားနှင့် ဆိုင်သောအကျင့်၊ လျောက်ပတ်သော အကျင့်၊ ဖြောင့်မတ်သော အကျင့်၊ စင်ကြယ်သော အကျင့်၊ သူတပါးနှစ်သက်ဖွယ်သော အကျင့်၊ ချီးမွမ်းဖွယ်သောအကျင့် ရှိသမျှတို့ကိုလည်းကောင်း၊ ပါရမီတစ်ပါးပါး၊ ကောင်းသော သတင်းတစ်ပါးပါးနှင့် ဆိုင်သောအကျင့်တို့ကိုလည်းကောင်း၊ နှလုံးသွင်းကြလော့။-
9
သင်တို့သည် အထက်ကသင်ယူ၍ ငါ၌ကြားမြင် ခဲ့ပြီးသမျှတို့ကို ကျင့်ကြလော့။ ထိုသို့ကျင့်လျှင်၊ ငြိမ်သက်ခြင်း၏ အရှင်ဘုရားသခင်သည် သင်တို့နှင့်အတူ ရှိတော်မူလိမ့်မည်။
10
ယခု၌လည်း သင်တို့သည် ငါ့ကို ကြည့်ရှုပြုစုချင်သော စေတနာစိတ်နှင့် ပြည့်စုံပြန်သည်ဖြစ်၍၊ ငါသည် သခင်ဘုရား၌ အလွန်ဝမ်းမြောက်ခြင်းရှိ၏။ ထိုစေတနာစိတ်သည် အထက်ကရှိသော်လည်း ပြုစုရသောအခွင့် မရှိပြီ။-
11
ထိုသို့ငါဆိုသော်၊ ကိုယ်တိုင်ဆင်းရဲခြင်းကို ရည်မှတ်၍ ဆိုသည်မဟုတ်။ အကြောင်းမူကား၊ ငါသည် တွေ့ကြုံသမျှသော အခြင်းအရာတို့၌ ရောင့်ရဲသောစိတ် ရှိအံ့သောငှာ သင်မိပြီ။-
12
ရှုတ်ချခြင်းကိုလည်းကောင်း၊ ကြွယ်ဝခြင်းကိုလည်းကောင်း၊ ခံတတ်၏။ ဝစွာစားခြင်း၊ မွတ်သိပ်ခြင်း၊ စည်းစိမ်ရှိခြင်း၊ ဆင်းရဲခြင်းတို့ကို ခံရအံ့သောငှာ၊ အရပ်ရပ်တို့တွင် အရာရာ၌ သင်မိပြီ။-
13
ငါ့ကို ခွန်အားနှင့်ပြည့်စုံစေတော်မူသော ခရစ်တော်အားဖြင့် ခပ်သိမ်းသောအမှုတို့ကို ငါတတ်စွမ်းနိုင်၏။-
14
သို့သော်လည်း ဆင်းရဲဒုက္ခကိုငါ ခံရစဉ်အခါ၊ သင်တို့သည် ငါနှင့်ဆက်ဆံသောအားဖြင့် ကောင်းမွန်စွာ ပြုကြပြီ။-
15
အချင်းဖိလိပ္ပိမြို့သားတို့၊ ဧဝံဂေလိတရားကို ဟောစပြု၍၊ မာကေဒေါနိပြည်မှ ငါထွက်ဆဲရှိသောအခါ အလှူလှူခြင်း၊ အလှူခံခြင်းအမှု၌၊ သင်တို့မှတစ်ပါး အဘယ်အသင်းတော်မျှ ငါနှင့်မဆက်ဆံကြ။-
16
သက်သာလောနိတ်မြို့၌ ငါရှိစဉ်ပင်၊ ငါလိုသောအရာကို သင်တို့သည် နှစ်ကြိမ်တိုင်အောင် ပေးလိုက်ကြ၏။-
17
ထိုသို့ငါဆိုသော်၊ အလှူကို ရှာသည်မဟုတ်၊ သင်တို့၌ ကြွယ်ဝသောအကျိုးကို ရှာ၏။-
18
ယခုအခါ အရာရာ၌ ငါရတတ်၏။ ဥစ္စာ ကြွယ်ဝ၏။ မွှေးကြိုင်သောအနံ့နှင့် ပြည့်စုံ၍၊ ဘုရားသခင် နှစ်သက်အားရတော်မူသော ယဇ်တည်းဟူသော သင်တို့ ပေးလိုက်သောအရာတို့ကို ဧပဖြောဒိတ်လက်မှ ငါခံရသည်ဖြစ်၍ ကြွယ်ဝလျက်ရှိ၏။-
19
ငါ၏ဘုရားသခင်သည် ဘုန်းအာနုဘော်၌ စံပယ်တော်မူသော စည်းစိမ်ရှိသည်အတိုင်း၊ သင်တို့အလို ရှိသမျှတို့ကို ယေရှုခရစ်အားဖြင့် ပြည့်စုံစေတော်မူလိမ့်မည်။-
20
ငါတို့အဘတည်းဟူသော ဘုရားသခင်သည် ကမ္ဘာအဆက်ဆက် ဘုန်းကြီးတော်မူစေသတည်း။ အာမင်။
21
ယေရှုခရစ်၌ရှိသော သန့်ရှင်းသူအပေါင်းတို့ကို နှုတ်ဆက်ကြလော့။-
22
ငါနှင့်အတူရှိသော ညီအစ်ကိုမှစ၍ သန့်ရှင်းသော သူအပေါင်းတို့သည် သင်တို့ကို နှုတ်ဆက်ကြ၏။ ကဲသာဘုရင်၏ နန်းတော်၌နေသော သန့်ရှင်းသူတို့သည် အထူးသဖြင့် နှုတ်ဆက်ကြ၏။-
23
ငါတို့ သခင်ယေရှုခရစ်၏ ကျေးဇူးတော်သည် သင်တို့အပေါင်း၌ ရှိစေသတည်း။ အာမင်။ ဖိလိပ္ပိဩဝါဒစာပြီး၏။
← Chapter 3
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
All chapters:
1
2
3
4