bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese MCLZV
/
Habakkuk 3
Habakkuk 3
Burmese MCLZV
← Chapter 2
Jump to:
Chapter 1
Chapter 2
Chapter 3
1
ပရောဖက်ဟဗက္ကုတ်၏ဆုတောင်းပတ္ထနာမှာ အောက်ပါအတိုင်းဖြစ်၏။
2
အို ထာဝရဘုရား၊ ကိုယ်တော်ရှင်ပြတော်မူခဲ့သော အမှုတော်တို့ကို ကြားသိရပြီဖြစ်၍၊ ကျွန်တော်မျိုးသည် ထိတ်လန့်အံ့ဩလျက်ရှိပါ၏။ ကိုယ်တော်ရှင်ပြတော်မူခဲ့သော ကြီးမြတ်သည့် အမှုတို့ကို၊ ကျွန်တော်မျိုးတို့ခေတ်အခါ၌လည်း တစ်ဖန်ပြတော်မူပါ၏။ အမျက်တော်ထွက်ချိန်၌ပင် ကရုဏာထားတော်မူပါ။
3
ဘုရားသခင်သည်တေမန်မြို့မှတစ်ဖန် ကြွလာတော်မူလိမ့်မည်။ သန့်ရှင်းမြင့်မြတ်သည့်ဘုရားသခင်သည် ပါရန်တောင်ကုန်းမှ ကြွလာတော်မူလိမ့်မည်။ ကိုယ်တော်၏ဘုန်းအသရေတော်သည် မိုးကောင်းကင်ကိုလွှမ်းခြုံလျက်ရှိပါ၏။ ကမ္ဘာမြေကြီးသည်လည်း ကိုယ်တော်အား ထောမနာပြုသံများနှင့် ပြည့်နှက်လျက်နေပါ၏။
4
ကိုယ်တော်သည် နေရောင်ကဲ့သို့အရောင်အဝါ တောက်ပလျက်ကြွလာတော်မူပါ၏။ တန်ခိုးတော်ကိန်းအောင်းရာဖြစ်သည့် လက်ရုံးတော်မှ ရောင်ခြည်တော်ထွက်လျက်နေ၏။
5
ကိုယ်တော်သည် မိမိရှေ့တော်မှအနာရောဂါဘေးကို စေလွှတ်တော်မူ၍၊ နောက်တော်မှသေမင်းကို လိုက်စေတော်မူ၏။
6
ကိုယ်တော်သည်ရပ်တန့်တော်မူသောအခါ မြေလှုပ်ခါပါ၏။ တစ်ချက်မျှကြည့်တော်မူရုံဖြင့် လူမျိုးတကာတို့တုန်လှုပ်ကြပါ၏။ ထာဝရကာလတည်ရှိသောတောင်ကြီးတို့သည် ကြေမွ၍သွားလျက်၊ ရှေးပဝေသဏီကကိုယ်တော်လျှောက်သွားခဲ့သော အစဉ်အမြဲတည်ရှိခဲ့သည့်တောင်ငယ်များသည် တိမ်မြုပ်၍သွားပါ၏။
7
ကုရှန်ပြည်သားတို့ကြောက်လန့်လျက်၊ နေသည်ကိုလည်းကောင်း၊ မိဒျန်ပြည်သားတို့ တုန်လှုပ်လျက်နေသည်ကိုလည်ကောင်း ကျွန်တော်မျိုးမြင်ပါ၏။
8
အို ထာဝရဘုရား၊ ကိုယ်တော်ရှင်၏အမျက်ဒေါသကိုလှုံ့ဆော်သည်မှာ မြစ်ချောင်းများပေလော။ ကိုယ်တော်ရှင်အား ပြင်းစွာဒေါသထွက်စေသော အရာမှာ ပင်လယ်ပေလော။ ကိုယ်တော်ရှင်သည် တိမ်လွှာများကိုစီးတော်မူပါ၏။ ကိုယ်တော်၏လူတို့ထံသို့ အောင်မြင်ခြင်းကို ဆောင်ယူခဲ့သောအခါ မိုးသက်မုန်တိုင်းတိမ်လွှာသည် ကိုယ်တော်၏စစ်မြင်းရထားဖြစ်ပါ၏
9
ကိုယ်တော်ရှင်သည် မိမိ၏လေးတော်ကိုလည်းကောင်း ပစ်လွှတ်ရန်မြားတော်တို့ကိုလည်းကောင်း၊ အသစ်ပြင်တော်မူပါ၏။ ကိုယ်တော်ရှင်၏လျှပ်စီးသည် ကမာမြေကြီးကို ကွဲအက်စေတော်မူပါ၏။
10
ကိုယ်တော်ရှင်ကိုမြင်သောအခါတောင်များသည် တုန်လှုပ်ကြပါ၏။ ရေတို့သည် တောင်ကမ်းပါးရံများမှ စီးထွက်ကြပါ၏။ မြေလွှာအောက်ရှိရေများသည် အသံမြည်ဟည်းကြပါ၏။ လှိုင်းလုံးများသည်လည်း မြင့်တက်ကြပါ၏။
11
လျင်မြန်လှသည့် မြားတော်တို့သည် ဝင်းကနဲဝင်းကနဲ အရောင်လက်၍ လှံတော်တို့သည် ပြိုးပြိုးပြက်ပြက်၊ ရောင်ခြည်ထွက်ကြသောအခါ နေနှင့် လတို့သည် ရပ်တန့်၍သွားကြ၏။
12
ကိုယ်တော်ရှင်သည် အမျက်ထွက်တော်မူ၍ ကမ္ဘာမြေပြင်ကိုဖြတ်ကျော်ကာဒေါသအဟုန်ဖြင့် လူမျိုးတကာတို့အားနင်းချေတော်မူပါ၏။
13
ကိုယ်တော်ရှင်သည် မိမိလူမျိုးတော်နှင့်၊ မိမိဘိသိက်ပေးတော်မူသောသူအား ကယ်တင်ရန်ထွက်ကြွတော်မူပါ၏။ ကိုယ်တော်ရှင်သည် သူယုတ်မာခေါင်းဆောင်ကို ချိုးနှိမ်တော်မူ၍ သူ၏နောက်လိုက်တို့ကို အစတုံး စီရင်တော်မူပါ၏။
14
ကိုယ်တော်ရှင်၏မြားတော်တို့သည် တပ်မှူးကို ထုတ်ချင်းခတ်ထိုးဖောက်၍သွားပါ၏။ သူ၏တပ်မတော်သည် လေမုန်တိုင်းသဖွယ် ကျွန်တော်မျိုးတို့အား တိုက်လွှင့်ရန်ချီတက်လာပါ၏။ သူတို့သည် ဆင်းရဲသားတို့အား ညှင်းပန်းနှိပ်စက်သောသူတို့ကဲ့သို့ကျိတ်၍ နှစ်ထောင်းအားရလျက်ရှိနေကြပါ၏။
15
ကိုယ်တော်ရှင်သည် မိမိ၏မြင်းတော်များဖြင့် ပင်လယ်ကိုနင်းချေတော်မူသောအခါ ရေတို့သည်အမြှုပ်ထကြပါ၏။
16
ကျွန်တော်မျိုးသည် ဤအမှုအရာအပေါင်းကို ကြားလျှင် ထိတ်လန့်၍သွားပါ၏။ ကြောက်စိတ်ဖြင့် ကျွန်တော်မျိုး၏နှုတ်ခမ်းတို့သည် ဆတ်ဆတ်တုန်လျက် ကိုယ်ခနွာသည် ပြော့အိကာ ခြေတို့သည် ခွေယိုင်လျက်နေပါ၏။ ကျွန်တော်မျိုးတို့ကို တိုက်ခိုက်သူတို့အား ဘုရားသခင်အပြစ်ဒဏ်ခတ်တော်မူမည့်အချိန်ကို ကျွန်တော်မျိုးသည် ငြိမ်သက်စွာစောင့်မျှော်၍နေပါမည်။
17
သင်္ဘောသဖန်းပင်များတွင်အသီးမရှိ။ စပျစ်ပင်များသည် စပျစ်သီးမသီး။ သံလွင်ပင်တို့သည် မအောင်မြင်။ လယ်များမှ အသီးအနှံမထွက်။ သိုးတို့သည်သေကြကုန်လျက်၊ နွားတင်းကုပ်များတွင် ဗလာကျင်း၍နေသော်လည်း
18
ဘုရားသခင်၊ ကိုယ်တော်ရှင်သည် ကျွန်တော်မျိုး၏ ကယ်တင်ရှင်ဖြစ်သောကြောင့် ကျွန်တော်မျိုးသည် ဝမ်းမြောက်ရွှင်လန်းလျက် နေပါမည်။
19
အနန္တတန်ခိုးရှင်ထာဝရဘုရားသည် ကျွန်တော်မျိုးအားခွန်အားကိုပေးတော်မူပါ၏။ ကိုယ်တော်ရှင်သည် ကျွန်တော်မျိုးအား သမင်ကဲ့သို့ခြေမြဲစေတော်မူ၍ တောင်များပေါ်၌ ဘေးမဲ့လုံခြုံစွာ ထားတော်မူပါ၏။
← Chapter 2
Jump to:
Chapter 1
Chapter 2
Chapter 3
All chapters:
1
2
3