bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese MSBU
/
2 Peter 1
2 Peter 1
Burmese MSBU
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 2 →
1
ယေရှုခရစ်တော်၏အစေအပါးနှင့်တမန်တော်ဖြစ်သောငါရှိမုန်ပေတရုသည် ငါတို့ဘုရားသခင်နှင့်ကယ်တင်ရှင်ဖြစ်တော်မူသော ယေရှုခရစ်တော်၏ဖြောင့်မတ်ခြင်းအားဖြင့် ငါတို့နည်းတူ အဖိုးထိုက်သည့်ယုံကြည်ခြင်းကို ခံယူရရှိသောသူတို့ထံသို့ စာရေးလိုက်ပါ၏။
2
ဘုရားသခင်နှင့်ငါတို့၏သခင်ယေရှုကို သိခြင်းအားဖြင့် ကျေးဇူးတော်နှင့်ငြိမ်သက်ခြင်းသည် သင်တို့၌တိုးပွားပါစေသော။
3
ငါတို့ကို မိမိ၏ဘုန်းအသရေနှင့်ကောင်းမြတ်တော်မူခြင်းထဲသို့ ခေါ်ယူတော်မူသောအရှင်ကို ငါတို့သိခြင်းအားဖြင့် ကိုယ်တော်၌ရှိသောဘုရားတန်ခိုးတော်သည် အသက်ရှင်ခြင်းနှင့်တကွ ဘုရားဝတ်၌မွေ့လျော်ခြင်းတို့နှင့်ဆိုင်သော အရာခပ်သိမ်းတို့ကို ငါတို့အားပေးသနားတော်မူပြီ။
4
ကိုယ်တော်သည် ထိုဘုန်းအသရေနှင့်ကောင်းမြတ်တော်မူခြင်းတို့အားဖြင့် ကြီးမြတ်၍ အဖိုးတန်သောကတိတော်များကို ငါတို့အား ပေးသနားတော်မူ၏။ ဤသည်ကား ထိုကတိတော်အားဖြင့် သင်တို့သည် ဤကမ္ဘာလောက၌ရှိသည့်တပ်မက်ခြင်းကြောင့် ဖြစ်ပေါ်လာသောပျက်စီးခြင်းမှ လွတ်မြောက်၍ ဘုရားဇာတိအဖြစ်တော်ကိုမျှဝေခံစားသူများဖြစ်လာကြမည့်အကြောင်းတည်း။
5
ဤအကြောင်းကြောင့် သင်တို့၏ယုံကြည်ခြင်း၌ ကောင်းမြတ်ခြင်းကိုလည်းကောင်း၊ ကောင်းမြတ်ခြင်း၌ အသိပညာကိုလည်းကောင်း၊
6
အသိပညာ၌ မိမိကိုယ်ကိုချုပ်တည်းခြင်းကိုလည်းကောင်း၊ မိမိကိုယ်ကိုချုပ်တည်းခြင်း၌ သည်းခံခြင်းကိုလည်းကောင်း၊ သည်းခံခြင်း၌ ဘုရားဝတ်၌မွေ့လျော်ခြင်းကိုလည်းကောင်း၊
7
ဘုရားဝတ်၌မွေ့လျော်ခြင်း၌ ညီအစ်ကိုချင်းချစ်သောမေတ္တာကိုလည်းကောင်း၊ ညီအစ်ကိုချင်းချစ်သောမေတ္တာ၌ ချစ်ခြင်းမေတ္တာကိုလည်းကောင်း လုံ့လဝီရိယရှိသမျှဖြင့် ထပ်ဆင့်ဖြည့်စွက်ကြလော့။
8
အကြောင်းမူကား ဤပါရမီများသည် သင်တို့၌ရှိ၍ တိုးပွားနေသည်ဆိုလျှင် သင်တို့သည် ငါတို့၏သခင်ယေရှုခရစ်တော်ကိုသိခြင်းအရာ၌ အကျိုးမရှိသောသူ၊ အသီးမသီးသောသူ ဖြစ်ကြလိမ့်မည်မဟုတ်။
9
ထိုပါရမီများမရှိသောသူမူကား မျက်စိမမြင်သောသူ၊ အဝေးမှုန်သောသူဖြစ်ပြီး ယခင်ပြုခဲ့သောမိမိအပြစ်များ စင်ကြယ်စေခြင်းခံရသည်ကို မေ့လျော့နေ၏။
10
ထို့ကြောင့် ညီအစ်ကိုတို့၊ သင်တို့ခံရသော ခေါ်ယူတော်မူခြင်းနှင့်ရွေးကောက်တော်မူခြင်းကို တည်မြဲစေရန် သာ၍ကြိုးစားကြလော့။ အကြောင်းမူကား ထိုသို့ပြုနေသရွေ့ သင်တို့သည် မည်သည့်အခါမျှ မှားယွင်းကြမည်မဟုတ်။
11
ထို့ပြင် ငါတို့၏သခင်နှင့် ကယ်တင်ရှင်ဖြစ်တော်မူသောယေရှုခရစ်တော်၏ထာဝရနိုင်ငံတော်ထဲသို့ ဝင်စားရသောအခွင့်ကို သင်တို့သည် ကြွယ်ဝစွာရရှိကြလိမ့်မည်။
12
ထို့ကြောင့် သင်တို့သည် ဤအကြောင်းအရာများကိုသိရှိကြ၍ သင်တို့တွင်ရှိသောသမ္မာတရား၌ ခိုင်ခံ့မြဲမြံကြပြီဖြစ်သော်လည်း ၎င်းတို့နှင့်ပတ်သက်၍ သင်တို့ကို အစဉ်သတိပေးနှိုးဆော်ရန် ငါကြံရွယ်ထား၏။
13
ဤခန္ဓာတဲ၌ ငါရှိနေသမျှကာလပတ်လုံး ထိုသို့သတိပေးနှိုးဆော်ခြင်းအားဖြင့် သင်တို့ကိုနိုးကြားတက်ကြွစေသင့်သည်ဟု ငါမှတ်ယူထား၏။
14
အဘယ်ကြောင့်ဆိုသော် ငါတို့သခင်ယေရှုခရစ်တော်သည်လည်း ငါ့အားဖော်ပြတော်မူသည့်အတိုင်း ငါ၏ခန္ဓာတဲကို မကြာမီချွတ်ပယ်ရမည်ဖြစ်ကြောင်း ငါသိ၏။
15
ဤလောကမှ ငါထွက်ခွာသွားပြီးနောက်တွင်လည်း ဤအကြောင်းအရာများကို သင်တို့အစဉ်အမြဲသတိရစေရန် ငါကြိုးစားမည်။
16
အကြောင်းမူကား ငါတို့သည် ငါတို့သခင်ယေရှုခရစ်တော်၏တန်ခိုးတော်နှင့် ကြွလာတော်မူခြင်းတို့ကို သင်တို့အားပြောပြသောအခါ ပါးနပ်စွာဖန်တီးထားသောဒဏ္ဍာရီများကို အသုံးပြုသည်မဟုတ်။ ငါတို့သည် ထိုအရှင်၏ကြီးမြတ်သောတန်ခိုးတော်ကို ကိုယ်တိုင်မြင်တွေ့ရသူများဖြစ်ကြ၏။
17
အကြောင်းမူကား ခမည်းတော်ဘုရားသခင်ထံမှ ဂုဏ်တော်နှင့်ဘုန်းတော်ကို ကိုယ်တော်ခံယူတော်မူစဉ် ကြီးမြတ်သောဘုန်းအသရေထဲမှ “ဤသူကား ငါချစ်သော ငါ့သားပေတည်း။ သူ့ကို ငါနှစ်သက်၏” ဟူသောအသံတော်သည် ကိုယ်တော်ထံသို့ရောက်ရှိလာ၏။
18
ငါတို့သည် သန့်ရှင်းသောတောင်ပေါ်တွင် ကိုယ်တော်နှင့်အတူရှိကြစဉ် ကောင်းကင်မှရောက်လာသော ထိုအသံတော်ကိုကြားရကြ၏။
19
ထို့ပြင် ငါတို့၌ ပို၍ခိုင်လုံသော ပရောဖက်တို့၏စကားလည်းရှိ၏။ သင်တို့၏စိတ်နှလုံးထဲ၌ အရုဏ်တက်၍ မိုးသောက်ကြယ်ပေါ်ထွက်လာသည့်တိုင်အောင် သင်တို့သည် ထိုစကားကို မှောင်သောအရပ်၌ထွန်းလင်းနေသည့်ဆီမီးသဖွယ် ကောင်းစွာအာရုံစိုက်သင့်၏။
20
ကျမ်းစာ၌ပါသော ပရောဖက်ပြုဟောပြောချက်အားလုံးသည် လူတစ်ဦးတစ်ယောက်၏ကိုယ်ပိုင်အနက်ဖွင့်ဆိုချက်မဟုတ်ကြောင်း ဦးစွာသိမှတ်ရမည်။
21
အကြောင်းမူကား ပရောဖက်ပြုဟောပြောချက်သည် မည်သည့်အခါမျှ လူ၏အလိုဆန္ဒအရဖြစ်ပေါ်လာသည်မဟုတ်။ သန့်ရှင်းသောဝိညာဉ်တော်၏နှိုးဆော်ခြင်းကို ခံရသောသူတို့သည် ဘုရားသခင်ထံမှလာသောစကားကို ဟောပြောကြခြင်းဖြစ်၏။
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 2 →
All chapters:
1
2
3
Recommended Reading
Commentary
2 Peter Commentaries
→
Devotional
2 Peter Devotional Guide
→
Get This Bible
Burmese MSBU Study Bible
→