bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese MSBZ
/
Zechariah 1
Zechariah 1
Burmese MSBZ
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 2 →
1
ဒါရိမင်းကြီးနန်းစံ ဒုတိယနှစ်၊ အဋ္ဌမလတွင် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ဣဒေါ၏မြေး၊ ဗေရခိ၏သား ပရောဖက်ဇာခရိထံသို့ရောက်လာ၍
2
“ထာဝရဘုရားသည် သင်တို့၏ဘိုးဘေးတို့အား ပြင်းစွာအမျက်ထွက်တော်မူပြီ။
3
ထို့ကြောင့် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက ‘ငါ့ထံ ပြန်လာကြလော့။ ငါသည်လည်း သင်တို့ထံသို့ ပြန်လာမည်’ဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော်မူကြောင်းကို သူတို့အား ပြောလော့။
4
သင်တို့၏ဘိုးဘေးများကဲ့သို့ သင်တို့မပြုကြနှင့်။ ရှေးပရောဖက်တို့က သူတို့အား ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက ‘သင်တို့၏မကောင်းသောအပြုအမူ၊ မကောင်းသောအကျင့်အကြံတို့ကို စွန့်ပစ်ပြီး ပြန်လှည့်လာကြလော့ဟု မိန့်တော်မူသော်လည်း သူတို့ နားမထောင်ကြ၊ အာရုံမစိုက်ကြ’ဟု မိန့်တော်မူ၏။
5
သင်တို့၏ဘိုးဘေးတို့ကား အဘယ်မှာနည်း။ ပရောဖက်တို့လည်း အစဉ်အမြဲအသက်ရှင်နိုင်သလော။
6
သို့သော် ငါ့အစေအပါးပရောဖက်တို့အား ငါမိန့်မှာထားသောစကားများနှင့် ပြဋ္ဌာန်းချက်များသည် သင်တို့ဘိုးဘေးတို့အပေါ်ကျရောက်လာခဲ့သည်မဟုတ်လော။ ထို့နောက် သူတို့ပြန်လှည့်လာ၍ ‘ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားသည် စိတ်ပိုင်းဖြတ်ထားသည့်အတိုင်း ငါတို့အပြုအမူအကျင့်အကြံတို့နှင့်အညီ ငါတို့ကို အပြစ်ပေးတော်မူပြီ’ဟူ၍ ဆိုကြသည်”ဟု မိန့်ဆို၏။
7
တစ်ဖန် ဒါရိမင်းကြီးနန်းစံ ဒုတိယနှစ်၊ ရှေဗတ်လဟုခေါ်သော တစ်ဆယ့်တစ်လ၊ နှစ်ဆယ့်လေးရက်နေ့တွင် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ဣဒေါ၏မြေး၊ ဗေရခိ၏သား ပရောဖက်ဇာခရိထံသို့ရောက်လာ၏။
8
ညဥ့်အခါ၌ ငါကြည့်လိုက်ရာ လူတစ်ဦးသည် အနီရောင်မြင်းကိုစီးလာပြီး မုရတုပင်တို့အလယ်တောနက်ထဲတွင် ရပ်နေ၍ သူ့နောက်တွင် မြင်းနီ၊ မြင်းညို၊ မြင်းဖြူတို့လည်း ရပ်နေသည်ကို ငါမြင်ရ၏။
9
ငါကလည်း “သခင်၊ အကျွန်ုပ်မြင်ရသောဤအရာများကား မည်သို့ ဆိုလိုသနည်း”ဟု မေးလျှောက်လျှင် ငါနှင့်စကားပြောနေသောကောင်းကင်တမန်က “ဤအရာများ မည်သို့ဆိုလိုသည်ကို သင့်အား ငါပြမည်”ဟု မိန့်ဆိုပြီးလျှင်
10
မုရတုပင်တို့အလယ်၌ရပ်နေသောသူက “ဤအရာများကား ကမ္ဘာမြေပေါ်သို့သွား၍ လှည့်လည်ကြည့်ရှုရန် ထာဝရဘုရားစေလွှတ်လိုက်သောသူများဖြစ်သည်”ဟု ဆို၏။
11
ထိုသူတို့က မုရတုပင်တို့အလယ်၌ရပ်နေသော ထာဝရဘုရား၏ကောင်းကင်တမန်အား “အကျွန်ုပ်တို့သည် ကမ္ဘာမြေပေါ်သို့သွား၍ လှည့်လည်ခဲ့ပြီ။ မြေတစ်ပြင်လုံး တိတ်ဆိတ်ငြိမ်သက်နေပါ၏”ဟု လျှောက်တင်ကြ၏။
12
ထိုအခါ ထာဝရဘုရား၏ကောင်းကင်တမန်က “အို ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား၊ နှစ်ပေါင်းခုနစ်ဆယ်ပတ်လုံး ကိုယ်တော်အမျက်တော်ရှခဲ့သော ယုဒပြည်ရှိမြို့များနှင့် ဂျေရုဆလင်မြို့ကို ကရုဏာတော်မပြဘဲ မည်မျှကြာအောင် နေတော်မူမည်နည်း”ဟု လျှောက်ဆိုလေ၏။
13
ထာဝရဘုရားကလည်း ငါနှင့်စကားပြောနေသောကောင်းကင်တမန်အား ကောင်းမွန်သောစကား၊ နှစ်သိမ့်သောစကားမိန့်ကြားတော်မူလျှင်
14
ငါနှင့်စကားပြောနေသောကောင်းကင်တမန်က ငါ့အား “ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော်မူသောစကားများကို သင်ပြန်လည်ဆင့်ဆိုရမည်။ ကိုယ်တော်က ‘ငါသည် ဂျေရုဆလင်မြို့နှင့်ဇိအုန်တောင်ကို အလွန်ကြင်နာ၏။
15
ငါအနည်းငယ်အမျက်ထွက်၍ ဂျေရုဆလင်မြို့ကို ဘေးပြုဆုံးမစေသော်လည်း ငြိမ်းချမ်းစွာနေရသောလူမျိုးခြားတို့သည် ပို၍ ပြုကြသောကြောင့် သူတို့ကို ငါအလွန်အမျက်ထွက်၏’ဟု မိန့်တော်မူ၏။
16
ထို့ကြောင့် ထာဝရဘုရားက ‘ဂျေရုဆလင်မြို့ကို ငါပြန်လည်သနားစုံမက်မည်။ ထိုမြို့၌ ငါ့အိမ်တော်ကို ပြန်လည်တည်ဆောက်မည်’ဟု မိန့်တော်မူပြီ။ ‘ဂျေရုဆလင်မြို့ကိုလည်း တိုင်းတာမည်’ဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော်မူပြီ။
17
တစ်ဖန် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက ‘ငါ့မြို့တို့ကိုကောင်းကျိုးချမ်းသာများနှင့် ပြန်လည်ပြည့်စုံစေမည်။ ထာဝရဘုရားသည် ဇိအုန်မြို့ကို ပြန်လည်နှစ်သိမ့်ပေးမည်။ ဂျေရုဆလင်မြို့ကို ပြန်လည်ရွေးကောက်မည်’ဟူ၍ မိန့်တော်မူပြီ”ဟု မိန့်ဆို၏။
18
ထို့နောက် ငါမျှော်ကြည့်လျှင် ချိုလေးချောင်းကို မြင်ရ၏။
19
ထို့ကြောင့် ငါနှင့်စကားပြောနေသောကောင်းကင်တမန်အား “ဤအရာများကား မည်သို့ ဆိုလိုသနည်း”ဟု မေးလျှောက်လျှင် သူက “ဤချိုများကား ယုဒလူမျိုး၊ အစ္စရေးလူမျိုးနှင့် ဂျေရုဆလင်မြို့တို့ကို ကွဲလွင့်စေသောချိုများဖြစ်သည်”ဟု ငါ့အား ပြောပြ၏။
20
တစ်ဖန် ထာဝရဘုရားသည် ငါ့အား လက်မှုပညာသည် လေးဦးကို ပြတော်မူ၏။
21
ထိုအခါ ငါကလည်း “ဤသူတို့သည် မည်သည့်အတွက် လာကြသနည်း”ဟု မေးလျှောက်လျှင် ကိုယ်တော်က “ဤချိုများသည် ယုဒလူမျိုးတစ်ယောက်မျှ ခေါင်းမဖော်ဝံ့အောင် ကွဲလွင့်စေသောချိုများ ဖြစ်၏။ ဤသူတို့မူကား ချိုထောင်၍ ယုဒလူမျိုးကိုကွဲလွင့်စေသောလူမျိုးခြားတို့ ကြောက်ရွံ့တုန်လှုပ်သွားအောင် သူတို့၏ချိုများကို ချိုးပစ်ရန် ရောက်လာခြင်းဖြစ်သည်”ဟု ပြန်ဖြေ၏။
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 2 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14