bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese MSBU
/
Philippians 1
Philippians 1
Burmese MSBU
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 2 →
1
ယေရှုခရစ်တော်၏အစေအပါးများဖြစ်ကြသော ငါပေါလုနှင့်တိမောသေတို့သည် ဖိလိပ္ပိမြို့၌နေကြသော ကြီးကြပ်သူများ၊ သင်းထောက်များနှင့်တကွ ခရစ်တော်ယေရှု၌ရှိသော သန့်ရှင်းသူအပေါင်းတို့ထံသို့ စာရေးလိုက်ပါ၏။
2
ငါတို့အဖဘုရားသခင်နှင့် သခင်ယေရှုခရစ်တော်ထံမှ ကျေးဇူးတော်နှင့်ငြိမ်သက်ခြင်းသည် သင်တို့၌ရှိပါစေသော။
3
ငါသည် သင်တို့ကိုသတိရသည့်အခါတိုင်း ငါ၏ဘုရားသခင်ကို ကျေးဇူးတင်လျက်
4
ငါဆုတောင်းသည့်အခါတိုင်း သင်တို့အားလုံးအတွက် ဝမ်းမြောက်သောစိတ်နှင့် အစဉ်အမြဲဆုတောင်း၏။
5
အဘယ်ကြောင့်ဆိုသော် သင်တို့သည် ပထမဦးဆုံးနေ့မှစ၍ ယခုတိုင်အောင် ကောင်းမြတ်သောသတင်းအတွက် ပူးပေါင်းပါဝင်ခဲ့ကြသောကြောင့်ဖြစ်၏။
6
သင်တို့၌ ကောင်းသောအမှုကိုအစပြုခဲ့သောအရှင်သည် ခရစ်တော်ယေရှု၏နေ့ရက်တိုင်အောင် ထိုအမှုကို ပြီးမြောက်စေတော်မူလိမ့်မည်ဟု ငါယုံကြည်စိတ်ချ၏။
7
သင်တို့အားလုံးနှင့်ပတ်သက်၍ ဤကဲ့သို့ ငါသဘောထားသည်မှာ သင့်မြတ်ပေ၏။ အကြောင်းမူကား သင်တို့အားလုံးသည် ငါအချုပ်အနှောင်ခံရသောအရာ၌လည်းကောင်း၊ ကောင်းမြတ်သောသတင်းအတွက် ဖြေရှင်းချက်ပေး၍ အတည်ပြုပြောဆိုရာ၌လည်းကောင်း ငါနှင့်အတူ ကျေးဇူးတော်ကိုမျှဝေခံစားသူများဖြစ်ကြသဖြင့် သင်တို့သည် ငါ၏စိတ်နှလုံး၌ရှိကြ၏။
8
ငါသည် ခရစ်တော်ယေရှု၏ကြင်နာခြင်းဖြင့် သင်တို့အားလုံးကို မည်မျှလွမ်းဆွတ်ကြောင်း ငါ့အတွက်သက်သေခံပေးသောအရှင်မှာ ဘုရားသခင်ဖြစ်တော်မူ၏။
9
သင်တို့၏ချစ်ခြင်းမေတ္တာသည် စစ်မှန်သောအသိပညာနှင့် ထိုးထွင်းဉာဏ်အမျိုးမျိုးတို့၌ ပို၍ပို၍ပြည့်စုံလာသဖြင့်
10
မြင့်မြတ်သည့်အရာများကို သင်တို့ပိုင်းခြားသိရှိနိုင်မည့်အကြောင်းနှင့် သင်တို့သည် ခရစ်တော်၏နေ့ရက်ကာလ၌ ဖြူစင်လျက် အပြစ်တင်စရာကင်းသောသူဖြစ်ကာ
11
ယေရှုခရစ်တော်အားဖြင့် ဖြောင့်မတ်ခြင်းအသီးအပွင့်နှင့်ပြည့်စုံ၍ ဘုရားသခင်၏ဘုန်းတော်ထင်ရှားခြင်းနှင့် ဂုဏ်တော်ချီးမွမ်းခြင်းအဖြစ်သို့ရောက်မည့်အကြောင်း ငါဆုတောင်း၏။
12
ညီအစ်ကိုတို့၊ ငါ၌ဖြစ်ပျက်သောအမှုအရာတို့သည် ကောင်းမြတ်သောသတင်းကို ပို၍ပြန့်ပွားစေခဲ့ကြောင်း သင်တို့အား သိစေလိုပါ၏။
13
အကြောင်းမူကား ငါအချုပ်အနှောင်ခံရခြင်းသည် ခရစ်တော်အတွက်ဖြစ်ကြောင်း ဘုရင်ခံရုံးတော်တစ်ခုလုံးနှင့် အခြားသောသူအားလုံးတို့ရှေ့၌ ထင်ရှားလာ၍
14
များစွာသောညီအစ်ကိုတို့သည် ငါအချုပ်အနှောင်ခံရခြင်းကြောင့် သခင်ဘုရား၌ ယုံကြည်စိတ်ချလျက် ကြောက်ရွံ့ခြင်းမရှိဘဲ နှုတ်ကပတ်တရားကိုဟောပြောရန် ပိုမိုရဲရင့်လာကြ၏။
15
အချို့တို့သည် မလိုမုန်းထားစိတ်နှင့် ပဋိပက္ခဖြစ်စေလိုသောစိတ်တို့ဖြင့် ခရစ်တော်အကြောင်းကို ဟောပြောကြ၏။ အချို့တို့မူကား စေတနာစိတ်ဖြင့် ဟောပြောကြ၏။
16
စေတနာစိတ်ဖြင့် ဟောပြောသောသူတို့သည် ကောင်းမြတ်သောသတင်းအတွက် ဖြေရှင်းချက်ပေးသောသူအဖြစ် ငါ့ကိုခန့်အပ်ထားကြောင်းသိလျက် ချစ်ခြင်းမေတ္တာဖြင့် ဟောပြောကြ၏။
17
အခြားသောသူတို့မူကား ငါအချုပ်အနှောင်ခံရခြင်း၌ ဆင်းရဲဒုက္ခကို ပိုမိုများပြားစေလိုသောအကြံနှင့် ရိုးသားသောစိတ်အားဖြင့်မဟုတ်ဘဲ တုပြိုင်လိုသောစိတ်ဖြင့် ခရစ်တော်အကြောင်းကို ဟောပြောကြ၏။
18
သို့ဖြစ်လျှင် မည်သို့ဆိုရမည်နည်း။ ဟန်ဆောင်ပန်ဆောင်ဖြစ်စေ၊ မှန်မှန်ကန်ကန်ဖြစ်စေ မည်သည့်နည်းဖြင့်မဆို ခရစ်တော်အကြောင်းကို ဟောပြောသည်ဖြစ်၍ ၎င်းအတွက် ငါဝမ်းမြောက်၏။ ဆက်၍လည်း ငါဝမ်းမြောက်ဦးမည်။
19
အဘယ်ကြောင့်ဆိုသော် သင်တို့၏ဆုတောင်းခြင်းများနှင့် ယေရှုခရစ်တော်၏ဝိညာဉ်တော်ထံမှလာသော ကူညီမစခြင်းအားဖြင့် ဤအခြင်းအရာသည် ငါ၏လွတ်မြောက်ရာအကြောင်းဖြစ်မည်ဟု ငါသိ၏။
20
ငါသည် မည်သည့်အရာ၌မျှ ရှက်ကြောက်ခြင်းမရှိဘဲ ခါတိုင်းကဲ့သို့ ယခုအခါတွင်လည်း ရဲရင့်ခြင်းအပြည့်အဝရှိလျက် အသက်ရှင်သည်ဖြစ်စေ၊ သေသည်ဖြစ်စေ ငါ၏ကိုယ်ခန္ဓာအားဖြင့် ခရစ်တော်သည် ချီးမွမ်းခြင်းခံရမည့်အကြောင်း မျှော်လင့်တောင့်တ၏။
21
အကြောင်းမူကား ငါ့အနေဖြင့် အသက်ရှင်ခြင်းသည် ခရစ်တော်ဖြစ်၏။ သေခြင်းသည်လည်း အကျိုးကျေးဇူးဖြစ်၏။
22
သို့သော် ဤကိုယ်ခန္ဓာ၌ ဆက်၍အသက်ရှင်လျှင် ငါသည် အကျိုးရှိသောအမှုကိုလုပ်ဆောင်နိုင်၏။ ထိုအခါ မည်သည့်အရာရွေးချယ်ရမည်ကို ငါမသိ။
23
သို့ဖြစ်၍ ငါသည် ဤနှစ်ခုကြား၌ အကျပ်ရိုက်နေ၏။ ငါသည် ဤဘဝကိုစွန့်ခွာ၍ ခရစ်တော်နှင့်အတူရှိရန် ဆန္ဒရှိ၏။ ထိုသို့ဖြစ်လျှင် များစွာသာလွန်ကောင်းမွန်၏။
24
သို့သော် ဤကိုယ်ခန္ဓာ၌ ငါဆက်၍ရှိနေခြင်းသည် သင်တို့အတွက် ပိုမိုလိုအပ်၏။
25
ဤသို့ ယုံကြည်စိတ်ချလျက် သင်တို့၏ယုံကြည်ခြင်းကြီးထွားမှုနှင့် ဝမ်းမြောက်မှုအတွက် ငါသည် ကိုယ်ခန္ဓာ၌တည်၍ သင်တို့အားလုံးနှင့်အတူ ဆက်၍ရှိနေမည်ဖြစ်ကြောင်း ငါသိ၏။
26
ထိုအခါ ငါသည် သင်တို့ထံသို့ တစ်ဖန်ရောက်လာသဖြင့် သင်တို့၏ဂုဏ်ယူဝင့်ကြွားစရာအကြောင်းသည် ငါ့ကြောင့် ခရစ်တော်ယေရှု၌ တိုးပွားလိမ့်မည်။
27
မည်သို့ပင်ဖြစ်စေ သင်တို့သည် ခရစ်တော်၏ကောင်းမြတ်သောသတင်းနှင့်ထိုက်တန်စွာ ပြုမူနေထိုင်ကြလော့။ ဤသည်ကား သင်တို့သည် ဝိညာဉ်တစ်ပါးတည်း၌ ခိုင်မြဲစွာရပ်တည်လျက် တစ်စိတ်တစ်သဘောတည်းဖြင့် ကောင်းမြတ်သောသတင်းနှင့်ဆိုင်သည့် ယုံကြည်ခြင်းအတွက် အတူတကွကြိုးစားလုပ်ဆောင်ကာ ဆန့်ကျင်သူများကြောင့် မည်သည့်အရာ၌မျှ ကြောက်ရွံ့ခြင်းမရှိကြောင်းကို ငါသည် သင်တို့နှင့်လာ၍တွေ့ဆုံသည်ဖြစ်စေ၊ ကွဲကွာနေသည်ဖြစ်စေ၊ သင်တို့နှင့်ပတ်သက်၍ ကြားသိနိုင်ရန်ဖြစ်၏။
28
ထိုသို့ကြောက်ရွံ့ခြင်းမရှိခြင်းသည် သူတို့အတွက် ပျက်စီးခြင်း၏လက္ခဏာဖြစ်၏။ သင်တို့အတွက်မူကား ကယ်တင်ခြင်း၏လက္ခဏာဖြစ်ပြီး ၎င်းသည် ဘုရားသခင်ထံမှလာ၏။
29
အကြောင်းမူကား ခရစ်တော်အတွက် ကိုယ်တော်ကိုယုံကြည်ခြင်းသာမဟုတ်ဘဲ ကိုယ်တော်အတွက် ဒုက္ခဝေဒနာခံစားခြင်းအခွင့်ကိုလည်း သင်တို့အား ပေးအပ်ထားသည်ဖြစ်၍
30
ငါရင်ဆိုင်ရသည်ကို သင်တို့တွေ့မြင်ခဲ့ပြီး ယခုလည်း ငါရင်ဆိုင်နေရသည်ဟု သင်တို့ကြားရသောဆန့်ကျင်တိုက်ခိုက်မှုမျိုးကို သင်တို့ရင်ဆိုင်နေကြ၏။
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 2 →
All chapters:
1
2
3
4
Recommended Reading
Commentary
Philippians Commentaries
→
Devotional
Philippians Devotional Guide
→
Get This Bible
Burmese MSBU Study Bible
→