bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese MSBU
/
1 Peter 1
1 Peter 1
Burmese MSBU
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 2 →
1
ယေရှုခရစ်တော်၏တမန်တော်ငါပေတရုသည် ပုန္တုပြည်၊ ဂလာတိပြည်၊ ကပ္ပဒေါကိပြည်၊ အာရှပြည်နှင့် ဗိသုနိပြည်အရပ်ရပ်တို့၌ ကွဲလွင့်ပျံ့နှံ့နေသည့်အာဂန္တုများတည်းဟူသော
2
ယေရှုခရစ်တော်ကိုနာခံရန်နှင့် ကိုယ်တော်၏သွေးတော်ပက်ဖျန်းခြင်းခံရရန်အတွက် ဝိညာဉ်တော်အားဖြင့်သန့်ရှင်းစေခြင်းခံရ၍ ခမည်းတော်ဘုရားသခင်၏ကြိုတင်သိမြင်သောဉာဏ်တော်အတိုင်း ရွေးကောက်ခံရသောသူတို့ထံသို့ စာရေးလိုက်ပါ၏။ ကျေးဇူးတော်နှင့်ငြိမ်သက်ခြင်းသည် သင်တို့၌တိုးပွားပါစေသော။
3
ငါတို့သခင်ယေရှုခရစ်တော်၏ခမည်းတော်ဖြစ်တော်မူသောဘုရားသခင်သည် မင်္ဂလာရှိပါစေသော။ ကိုယ်တော်သည် မိမိ၏ကြီးမြတ်သောကရုဏာတော်နှင့်အညီ ယေရှုခရစ်တော်၏သေသောသူတို့ထဲမှ ရှင်ပြန်ထမြောက်ခြင်းအားဖြင့် ငါတို့ကို အသက်ရှင်သောမျှော်လင့်ခြင်းထဲသို့လည်းကောင်း၊
4
သင်တို့အတွက် ကောင်းကင်ဘုံ၌ထိန်းသိမ်းထားသည့် ယိုယွင်းပျက်စီးခြင်း၊ ညစ်ညူးခြင်းနှင့် မှေးမှိန်ခြင်းတို့မရှိသော အမွေတော်ထဲသို့လည်းကောင်း အသစ်တစ်ဖန်မွေးဖွားစေတော်မူ၏။
5
သင်တို့သည် နောက်ဆုံးသောကာလ၌ဖော်ပြရန် အသင့်ပြင်ဆင်ထားသောကယ်တင်ခြင်းအတွက် ဘုရားသခင်၏တန်ခိုးတော်၌ ယုံကြည်ခြင်းအားဖြင့် စောင့်ရှောက်ခြင်းကိုခံရကြ၏။
6
သင်တို့သည် ယခုအချိန်တွင် စုံစမ်းနှောင့်ယှက်ခြင်းအမျိုးမျိုးကြောင့် ခေတ္တခဏဝမ်းနည်းရလျှင်လည်း အထက်၌ဆိုခဲ့ပြီးသောအကြောင်းကြောင့် ရွှင်မြူးခြင်းရှိကြ၏။
7
ဤသည်ကား မီးဖြင့်စစ်ဆေးခြင်းခံရပြီဖြစ်သော်လည်း ပျက်စီးတတ်သည့်ရွှေထက် များစွာအဖိုးတန်သော သင်တို့၏ယုံကြည်ခြင်းကို စစ်ကြောစုံစမ်းခြင်းသည် ယေရှုခရစ်တော်ပေါ်ထွန်းတော်မူသောအချိန်၌ ချီးမွမ်းခြင်း၊ ဘုန်းအသရေနှင့် ဂုဏ်သရေအဖြစ်သို့ရောက်မည့်အကြောင်းတည်း။
8
သင်တို့သည် ထိုသခင်ကို မမြင်ဖူးသော်လည်း ချစ်ကြ၏။ ထိုသခင်ကို ယခုမမြင်သော်လည်း ယုံကြည်ကြပြီး ပြော၍မမီနိုင်သောဝမ်းမြောက်ခြင်းဖြင့် ရွှင်မြူးလျက် ဘုန်းတော်ကိုချီးမွမ်းကြ၏။
9
ဤသည်ကား သင်တို့၏ယုံကြည်ခြင်းအကျိုးရလဒ်တည်းဟူသော စိတ်ဝိညာဉ်ကယ်တင်ခြင်းကို ရရှိကြသောကြောင့်ဖြစ်၏။
10
သင်တို့ခံစားရမည့်ကျေးဇူးတော်နှင့်ပတ်သက်၍ ဟောပြောခဲ့သည့်ပရောဖက်တို့သည် ထိုကယ်တင်ခြင်းအကြောင်းကို ရှာဖွေစူးစမ်းခဲ့ကြ၏။
11
သူတို့အထဲ၌ရှိသော ခရစ်တော်၏ဝိညာဉ်တော်သည် ခရစ်တော်၏ဒုက္ခဝေဒနာများနှင့် ထိုဝေဒနာများနောက်တွင်ဖြစ်လာမည့် ဘုန်းအသရေတို့အကြောင်းကို ကြိုတင်သက်သေခံသောအခါ မည်သူ၊ သို့မဟုတ် မည်သည့်အချိန်ကိုဆိုလိုကြောင်း သူတို့စူးစမ်းလေ့လာကြ၏။
12
ထိုအခါ သူတို့ပြုစုသောအရာတို့သည် မိမိတို့အတွက်မဟုတ်ဘဲ သင်တို့အတွက်ဖြစ်ကြောင်း သူတို့အားဖွင့်ပြတော်မူ၏။ ယခု ထိုအရာတို့သည် ကောင်းကင်ဘုံမှစေလွှတ်ခြင်းခံရသည့် သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ကောင်းမြတ်သောသတင်းကိုဟောပြောသောသူများမှတစ်ဆင့် သင်တို့ထံ ဖော်ပြခြင်းခံရပြီ။ ကောင်းကင်တမန်တို့ပင်လျှင် ထိုအရာတို့ကိုကြည့်ရှုရန် အလွန်အလိုရှိကြ၏။
13
သို့ဖြစ်၍ သင်တို့၏စိတ်နှလုံးကို အသင့်ပြင်ဆင်ထားလျက် သမ္မာသတိရှိကြလော့။ ယေရှုခရစ်တော်ပေါ်ထွန်းတော်မူသောအခါ သင်တို့ထံသို့ သက်ရောက်လာမည့်ကျေးဇူးတော်ကို အပြည့်အဝမျှော်လင့်ကြလော့။
14
ယခင် သင်တို့မသိနားမလည်စဉ်က လိုက်ခဲ့သောတပ်မက်မှုများနောက်သို့ ယခုမလိုက်ကြဘဲ နာခံမှုရှိသောသားသမီးများကဲ့သို့ဖြစ်၍
15
သင်တို့ကိုခေါ်ယူတော်မူသောအရှင်သည် သန့်ရှင်းတော်မူသည့်နည်းတူ သင်တို့ကိုယ်တိုင်လည်း အသက်ရှင်နေထိုင်မှုရှိသမျှတို့၌ သန့်ရှင်းခြင်းရှိကြလော့။
16
အဘယ်ကြောင့်ဆိုသော် “ငါသည် သန့်ရှင်းသောကြောင့် သင်တို့သည် သန့်ရှင်းခြင်းရှိကြရမည်” ဟု ရေးထား၏။
17
သင်တို့သည် လူတို့အား မျက်နှာလိုက်ခြင်းမရှိဘဲ တစ်ဦးစီတို့ပြုသောအမှုအတိုင်း တရားစီရင်တော်မူသောအရှင် ကို အဖဟုခေါ်ကြလျှင် ဤလောကတွင် ဧည့်သည်အဖြစ်နေထိုင်စဉ်ကာလတစ်လျှောက်လုံး ကြောက်ရွံ့ရိုသေသောစိတ်ဖြင့် အသက်ရှင်နေထိုင်ကြလော့။
18
အကြောင်းမူကား သင်တို့သည် ဘိုးဘေးများထံမှဆက်ခံသည့် သင်တို့၏အချည်းနှီးသောအသက်ရှင်နေထိုင်မှုထဲမှ ရွေးနုတ်ကယ်တင်ခြင်းခံရသည်မှာ ရွှေ၊ ငွေ စသောယိုယွင်းပျက်စီးတတ်သည့်အရာများအားဖြင့်မဟုတ်ဘဲ
19
အစွန်းအထင်းကင်းလျက် အပြစ်အနာအဆာမရှိသည့် သိုးသငယ်ကဲ့သို့သော ခရစ်တော်၏အဖိုးတန်သောသွေးတော်အားဖြင့်ဖြစ်ကြောင်း သင်တို့သိကြ၏။
20
ကိုယ်တော်သည် ကမ္ဘာမတည်မရှိမီကပင် သိမှတ်ခွဲခန့်ထားခြင်းခံရသော်လည်း ဤနောက်ဆုံးသောအချိန်ကာလ၌ သင်တို့အတွက်ပေါ်ထွန်းတော်မူ၏။
21
ကိုယ်တော်အား သေသောသူတို့ထဲမှ ထမြောက်စေ၍ ဘုန်းအသရေပေးတော်မူသောဘုရားသခင်ကို ကိုယ်တော်အားဖြင့် သင်တို့ယုံကြည်ကြ၏။ သို့ဖြစ်၍ သင်တို့၏ယုံကြည်ခြင်းနှင့်မျှော်လင့်ခြင်းတို့သည် ဘုရားသခင်ထဲ၌တည်ရှိကြ၏။
22
သင်တို့သည် သမ္မာတရားကိုနာခံခြင်းအားဖြင့် သင်တို့၏စိတ်ဝိညာဉ်များကို သန့်ရှင်းစင်ကြယ်စေပြီး ဟန်ဆောင်မှုကင်းသည့် ညီအစ်ကိုချင်းချစ်သောမေတ္တာကိုရရှိကြသည်ဖြစ်၍ ဖြူစင်သောစိတ်နှလုံးဖြင့် အချင်းချင်းခိုင်မြဲစွာချစ်ကြလော့။
23
သင်တို့သည် ယိုယွင်းပျက်စီးတတ်သောမျိုးစေ့အားဖြင့်မဟုတ်ဘဲ ယိုယွင်းပျက်စီးခြင်းနှင့်ကင်းသည့်မျိုးစေ့တည်းဟူသော အသက်ရှင်၍ အစဉ်တည်မြဲသည့် ဘုရားသခင်၏နှုတ်ကပတ်တော်အားဖြင့် အသစ်တစ်ဖန်မွေးဖွားစေခြင်းကိုခံရကြပြီ။
24
အဘယ်ကြောင့်ဆိုသော် လူအပေါင်းတို့သည် မြက်ပင်ကဲ့သို့ဖြစ်၍ သူတို့၏ဘုန်းအသရေရှိသမျှသည်လည်း မြက်ပွင့်ကဲ့သို့ဖြစ်၏။ မြက်ပင်သည် ညှိုးနွမ်းခြောက်သွေ့သွား၍ အပွင့်သည်လည်း ကြွေတတ်၏။
25
ထာဝရဘုရား၏နှုတ်ကပတ်တော်မူကား ကာလအစဉ်အဆက်တည်၏။ ဤနှုတ်ကပတ်တော်သည် သင်တို့အားဟောပြောသည့် ကောင်းမြတ်သောသတင်းပင်ဖြစ်၏။
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 2 →
All chapters:
1
2
3
4
5