bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese MSBU
/
Colossians 3
Colossians 3
Burmese MSBU
← Chapter 2
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 4 →
1
သို့ဖြစ်၍ သင်တို့သည် ခရစ်တော်နှင့်အတူထမြောက်ကြသည်ဆိုလျှင် ဘုရားသခင်၏လက်ယာတော်ဘက်၌ ထိုင်တော်မူသောခရစ်တော်ရှိရာ အထက်အရပ်၌ရှိသည့်အရာများကို ရှာဖွေကြလော့။
2
မြေကြီးပေါ်၌ရှိသောအရာတို့ကို မစွဲလမ်းဘဲ အထက်အရပ်၌ရှိသောအရာတို့ကို စွဲလမ်းကြလော့။
3
အကြောင်းမှာ သင်တို့သည် သေဆုံးခဲ့ပြီဖြစ်၍ သင်တို့၏အသက်သည် ခရစ်တော်နှင့်အတူ ဘုရားသခင်၌ဝှက်ထားလျက်ရှိ၏။
4
သင်တို့၏အသက်ဖြစ်သောခရစ်တော်ထင်ရှားတော်မူသောအခါ သင်တို့သည်လည်း ကိုယ်တော်နှင့်အတူ ဘုန်းအသရေ၌ထင်ရှားကြလိမ့်မည်။
5
ထို့ကြောင့် တရားနှင့်မညီမေထုန်ပြုခြင်း၊ ညစ်ညူးခြင်း၊ ကိလေသာပြင်းပြခြင်း၊ ဆိုးယုတ်သောတပ်မက်ခြင်းနှင့် ရုပ်တုကိုးကွယ်ခြင်းတည်းဟူသော လောဘလွန်ကျူးခြင်း စသည့်မြေကြီးနှင့်ဆိုင်သောကိုယ်အင်္ဂါများကို သေစေကြလော့။
6
ထိုအမှုများကြောင့် ဘုရားသခင်၏အမျက်တော်သည် နာခံမှုမရှိသောသူတို့အပေါ်သို့ သက်ရောက်လာ၏။
7
သင်တို့သည်လည်း ယခင်က ထိုအရာတို့၌ အသက်ရှင်ကြစဉ် ထိုအရာတို့ထဲတွင် ကျင်လည်ခဲ့ကြ၏။
8
ယခုမူကား သင်တို့သည် အမျက်ထွက်ခြင်း၊ ဒေါသကြီးခြင်း၊ မလိုတမာဖြစ်ခြင်း၊ စော်ကားပြောဆိုခြင်းနှင့် သင်တို့၏နှုတ်မှထွက်သည့် ညစ်ညမ်းရိုင်းစိုင်းသောစကား စသည့်အမှုအလုံးစုံတို့ကို ဖယ်ရှားကြလော့။
9
အချင်းချင်းမလိမ်ညာကြနှင့်။ အကြောင်းမူကား သင်တို့သည် လူဟောင်းကို ၎င်း၏အကျင့်များနှင့်အတူချွတ်ပယ်၍
10
ဖန်ဆင်းတော်မူသောအရှင်၏ပုံသဏ္ဌာန်နှင့်အညီ စစ်မှန်သောအသိပညာအားဖြင့် အသစ်ပြုပြင်ခြင်းခံရသောလူသစ်ကို ဝတ်ဆင်ကြပြီဖြစ်၏။
11
ထိုသို့ဖန်ဆင်းပြုပြင်ရာ၌ ဂရိလူမျိုးနှင့်ဂျူးလူမျိုး၊ အရေဖျားလှီးထားသောသူနှင့်မလှီးထားသောသူ၊ သကုသိလူနှင့်လူရိုင်း၊ ကျွန်နှင့်လွတ်လပ်သူဟူ၍မရှိ။ ခရစ်တော်သည် အလုံးစုံဖြစ်ပြီး အလုံးစုံတို့၌ရှိတော်မူ၏။
12
ထို့ကြောင့် သင်တို့သည် ဘုရားသခင်ရွေးကောက်တော်မူသောသူများ၊ သန့်ရှင်းသောသူများနှင့် ချစ်တော်မူသောသူများဖြစ်ကြသည့်အလျောက် ကြင်နာခြင်းနှင့်ပြည့်ဝသည့်သက်ညှာခြင်း၊ ကျေးဇူးပြုခြင်း၊ စိတ်နှိမ့်ချခြင်း၊ နူးညံ့သိမ်မွေ့ခြင်းနှင့် စိတ်ရှည်သည်းခံခြင်းတို့ကို ဝတ်ဆင်ကြလော့။
13
အချင်းချင်းသည်းခံ၍ တစ်ဦးအပေါ်တစ်ဦးအပြစ်တင်စရာရှိလျှင် သခင်ဘုရားသည် သင်တို့ကိုခွင့်လွှတ်တော်မူသကဲ့သို့ သင်တို့သည်လည်း အချင်းချင်းခွင့်လွှတ်ကြလော့။
14
ဤအရာအားလုံးတို့အပေါ်၌ စုံလင်ခြင်း၏နှောင်ကြိုးဖြစ်သော ချစ်ခြင်းမေတ္တာကို ဝတ်ဆင်ကြလော့။
15
သင်တို့၏စိတ်နှလုံးထဲ၌ ခရစ်တော်၏ငြိမ်သက်ခြင်းကို အုပ်စိုးစေကြလော့။ အကြောင်းမူကား သင်တို့သည် ဤငြိမ်သက်ခြင်းအတွက် ကိုယ်ခန္ဓာတစ်ခုတည်းထဲသို့ ခေါ်ယူတော်မူခြင်းခံရကြ၏။ ကျေးဇူးသိတတ်သောစိတ်ရှိကြလော့။
16
ခရစ်တော်၏နှုတ်ကပတ်တရားကို သင်တို့၌ ကြွယ်ဝစွာတည်စေ၍ အချင်းချင်းတို့ကို အမျိုးမျိုးသောဉာဏ်ပညာဖြင့်သွန်သင်လျက် သတိပေးဆုံးမကာ ကျေးဇူးတော်ချီးမွမ်းခြင်းနှင့်တကွ ဆာလံသီချင်းများ၊ ဓမ္မသီချင်းများနှင့် ဝိညာဉ်ရေးဆိုင်ရာသီချင်းများကို သင်တို့၏စိတ်နှလုံးနှင့်တကွ ဘုရားသခင်ထံ သီဆိုကြလော့။
17
သင်တို့ပြုသမျှသောအရာတို့ကိုလည်း ပြောဆိုမှု၌ဖြစ်စေ၊ လုပ်ဆောင်မှု၌ဖြစ်စေ အရာခပ်သိမ်းတို့ကို သခင်ယေရှု၏နာမတော်၌ပြုလျက် ကိုယ်တော်အားဖြင့် ခမည်းတော်ဘုရားသခင်ကို ကျေးဇူးတင်ကြလော့။
18
ဇနီးသည်တို့၊ သခင်ဘုရား၌ရှိသောသူနှင့်သင့်လျော်သည်နှင့်အညီ ခင်ပွန်းသည်ကို နာခံကြလော့။
19
ခင်ပွန်းသည်တို့၊ ဇနီးသည်ကို ချစ်ကြလော့။ သူတို့အား ခါးခါးသီးသီးမဆက်ဆံကြနှင့်။
20
သားသမီးတို့၊ အရာရာ၌ မိဘစကားကိုနားထောင်ကြလော့။ အကြောင်းမူကား ဤအရာသည် သခင်ဘုရားနှစ်သက်တော်မူသောအရာဖြစ်၏။
21
ဖခင်တို့၊ သင်တို့၏သားသမီးများစိတ်ဓာတ်မကျစေရန် သူတို့ကိုစိတ်နာကြည်းအောင်မလုပ်ကြနှင့်။
22
ကျွန်ဖြစ်သူတို့၊ သင်တို့၏လောကီသခင်များကို အရာရာ၌ နာခံကြလော့။ မျက်နှာလိုမျက်နှာရလုပ်သူများကဲ့သို့ မျက်မှောက်၌သာ လုပ်ဆောင်ခြင်းမျိုးမဟုတ်ဘဲ သခင်ဘုရားကိုကြောက်ရွံ့လျက် ရိုးသားသောစိတ်နှလုံးဖြင့် နာခံကြလော့။
23
သင်တို့လုပ်ဆောင်သမျှသောအရာကို လူတို့အတွက်လုပ်ဆောင်သကဲ့သို့မဟုတ်ဘဲ သခင်ဘုရားအတွက်လုပ်ဆောင်သကဲ့သို့ စိတ်နှလုံးပါလျက် လုပ်ဆောင်ကြလော့။
24
သင်တို့သည် သခင်ခရစ်တော်ကို အစေခံကြသည်ဖြစ်၍ ဆုလာဘ်အဖြစ်အမွေတော်ကို သခင်ဘုရားထံမှ ရရှိမည်ဖြစ်ကြောင်း သိမှတ်ကြလော့။
25
မတရားမှုပြုသောသူမူကား မိမိပြုသောမတရားမှု၏အကျိုးကို ခံစားရလိမ့်မည်။ ဤတွင် မျက်နှာလိုက်ခြင်းမရှိ။
← Chapter 2
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 4 →
All chapters:
1
2
3
4