bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese MSBU
/
James 1
James 1
Burmese MSBU
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 2 →
1
ဘုရားသခင်နှင့်သခင်ယေရှုခရစ်တော်၏ကျွန် ငါယာကုပ်သည် အရပ်ရပ်တို့၌ကွဲလွင့်ပျံ့နှံ့နေသော မျိုးနွယ်စုတစ်ဆယ့်နှစ်စုတို့အား နှုတ်ခွန်းဆက်သလိုက်ပါ၏။
2
ငါ့ညီအစ်ကိုတို့၊ သင်တို့သည် အမျိုးမျိုးသောစုံစမ်းနှောင့်ယှက်ခြင်းနှင့် ကြုံတွေ့ရသောအခါ ဝမ်းမြောက်စရာသက်သက်ဖြစ်သည်ဟု မှတ်ယူကြလော့။
3
အကြောင်းမူကား သင်တို့၏ယုံကြည်ခြင်းကိုစစ်ကြောစုံစမ်းခြင်းသည် သည်းခံခြင်းကိုဖြစ်ပေါ်စေကြောင်း သင်တို့သိကြ၏။
4
သင်တို့သည် မည်သည့်ချို့တဲ့မှုမျှမရှိဘဲ ရင့်ကျက်၍ပြည့်စုံသောသူဖြစ်ကြမည့်အကြောင်း ထိုသည်းခံခြင်းစုံလင်သည့်တိုင်အောင် ပြုစုကြလော့။
5
သင်တို့ထဲတွင် ဉာဏ်ပညာလိုအပ်သောသူရှိလျှင် ကဲ့ရဲ့ပြစ်တင်ခြင်းကိုပြုတော်မမူဘဲ ခပ်သိမ်းသောသူတို့အား ရက်ရောစွာပေးတော်မူသောဘုရားသခင်ထံ တောင်းလျှောက်စေ။ တောင်းလျှင်ရလိမ့်မည်။
6
သို့သော် သံသယစိတ်မရှိဘဲ ယုံကြည်သောစိတ်နှင့် တောင်းလျှောက်ရမည်။ အကြောင်းမူကား သံသယစိတ်ရှိသောသူသည် လေတိုက်၍ထကြွလှုပ်ရှားတတ်သော ပင်လယ်လှိုင်းတံပိုးနှင့်တူ၏။
7
ထိုသူသည် ထာဝရဘုရားထံတော်မှ တစ်စုံတစ်ခုကိုရလိမ့်မည်ဟု မထင်မှတ်စေနှင့်။
8
ထိုသို့သောသူသည် စိတ်နှစ်ခွရှိ၍ မိမိပြုလေသမျှတို့၌ တည်ကြည်မှုမရှိသောသူဖြစ်၏။
9
နိမ့်ပါးသည့်အခြေအနေ၌ရှိသောညီအစ်ကိုသည် မိမိချီးမြှောက်ခြင်းခံရသောအခါ ဂုဏ်ယူဝမ်းမြောက်စေ။
10
ချမ်းသာသောသူသည် မိမိနှိမ့်ချခြင်းခံရသောအခါ ဂုဏ်ယူဝမ်းမြောက်စေ။ အကြောင်းမူကား ချမ်းသာသောသူသည် မြက်ပွင့်ကဲ့သို့ ကွယ်ပျောက်သွားလိမ့်မည်။
11
နေသည် အပူရှိန်နှင့်တကွထွက်လာသောအခါ မြက်ပင်ကို ညှိုးနွမ်းခြောက်သွေ့စေတတ်၏။ ထိုအခါ မြက်ပွင့်သည်ကြွေ၍ ၎င်း၏တင့်တယ်သောအဆင်းသည်ပျက်စီးသွား၏။ ထိုနည်းတူ ချမ်းသာသောသူသည်လည်း မိမိ၏စီးပွားရှာဖွေမှုအလယ်၌ပင် မှေးမှိန်ကွယ်ပျောက်သွားလိမ့်မည်။
12
စုံစမ်းနှောင့်ယှက်ခြင်းကိုသည်းခံသောသူသည် မင်္ဂလာရှိ၏။ အကြောင်းမူကား စုံစမ်းစစ်ဆေးခြင်းကိုအောင်မြင်သောအခါ ကိုယ်တော်ကိုချစ်သောသူတို့အား ကတိထားတော်မူသော အသက်သရဖူကို ရလိမ့်မည်။
13
ဖြားယောင်းသွေးဆောင်ခြင်းကိုခံရသည့်အခါ “ဘုရားသခင်သည် ငါ့ကိုဖြားယောင်းသွေးဆောင်သည်”ဟု မည်သူမျှ မပြောနှင့်။ အကြောင်းမူကား မကောင်းမှုသည် ဘုရားသခင်ကို မသွေးဆောင်နိုင်ရာ။ ကိုယ်တော်သည်လည်း မည်သူ့ကိုမျှ ဖြားယောင်းသွေးဆောင်တော်မမူ။
14
လူသည် မိမိတပ်မက်ခြင်း၏ဆွဲငင်ရာသို့လိုက်ပါလျက် လှည့်ဖြားဆွဲဆောင်ခြင်းခံရကာ ဖြားယောင်းသွေးဆောင်ရာသို့ ရောက်တတ်၏။
15
ထိုအခါ တပ်မက်ခြင်းသည် သန္ဓေတည်၍ အပြစ်ကိုဖွားမြင်ပြီး အပြစ်သည် ကြီးပြင်းရင့်မာသောအခါ သေခြင်းကိုဖြစ်ပွားစေ၏။
16
ငါချစ်သောညီအစ်ကိုတို့၊ အယူမလွဲကြနှင့်။
17
ကောင်းမြတ်သောလက်ဆောင်ရှိသမျှနှင့် စုံလင်သောဆုကျေးဇူးရှိသမျှတို့သည် အထက်အရပ်မှလာ၍ အလင်းတို့၏အဖထံတော်မှဆင်းသက်၏။ ထိုအဖထံတော်၌ ပြောင်းလဲခြင်း၊ သို့မဟုတ် ရွေ့လျားတတ်သည့်အရိပ်ဟူ၍မရှိ။
18
ကိုယ်တော်သည် မိမိဖန်ဆင်းတော်မူသောအရာတို့တွင် ငါတို့ကို အသီးဦးသဖွယ်ဖြစ်စေရန် အလိုတော်ရှိသည့်အတိုင်း သမ္မာတရား၏နှုတ်ကပတ်တော်အားဖြင့် ငါတို့ကိုဖြစ်ပွားစေတော်မူ၏။
19
ငါချစ်သောညီအစ်ကိုတို့၊ ဤအချက်ကို သိမှတ်ကြလော့။ လူတိုင်းသည် ကြားနာခြင်းအရာ၌ လျင်မြန်၍ စကားပြောခြင်းနှင့်အမျက်ထွက်ခြင်းအရာတို့၌ နှေးကွေးကြစေ။
20
အကြောင်းမူကား လူ၏အမျက်ဒေါသသည် ဘုရားသခင်၏ဖြောင့်မတ်ခြင်းတရားကို မဖြစ်ထွန်းစေနိုင်ပေ။
21
ထို့ကြောင့် ညစ်ညူးခြင်းရှိသမျှနှင့် ပြည့်လျှံကဲလွန်သောမကောင်းမှုတို့ကို ဖယ်ရှား၍ သင်တို့အထဲ၌ ထည့်သွင်းထားသောနှုတ်ကပတ်တော်ကို နူးညံ့သိမ်မွေ့သောစိတ်ဖြင့်ခံယူကြလော့။ ထိုနှုတ်ကပတ်တော်သည် သင်တို့၏စိတ်ဝိညာဉ်ကို ကယ်တင်နိုင်၏။
22
နှုတ်ကပတ်တော်ကို လိုက်နာကျင့်သုံးသောသူများဖြစ်ကြလော့။ မိမိတို့ကိုယ်ကိုလှည့်စား၍ ကြားနာသူသက်သက်မဖြစ်ကြနှင့်။
23
မည်သူမဆို နှုတ်ကပတ်တော်ကို ကြားနာသော်လည်း လိုက်နာကျင့်သုံးခြင်းမရှိလျှင် ထိုသူသည် မိမိ၏ပကတိမျက်နှာကို မှန်ထဲ၌ကြည့်သောသူနှင့်တူ၏။
24
အကြောင်းမူကား သူသည် မိမိကိုယ်ကိုကြည့်ပြီး ထွက်ခွာသွားသည်နှင့် မိမိသည် မည်သည့်ပုံသဏ္ဌာန်ရှိသည်ကို ချက်ချင်းမေ့လျော့သွားတတ်၏။
25
သို့သော် လွတ်လပ်ခြင်းနှင့်ဆိုင်သောစုံလင်သည့်တရားတော်ကို သေချာစွာကြည့်ရှုလျက် စောင့်ထိန်းသောသူသည် ကြားနာ၍မေ့လျော့တတ်သူမဟုတ်ဘဲ လက်တွေ့လိုက်နာကျင့်သုံးသောသူဖြစ်၏။ ထိုသူသည် မိမိပြုသောအမှု၌ ကောင်းချီးမင်္ဂလာကိုခံစားရလိမ့်မည်။
26
တစ်စုံတစ်ယောက်သည် မိမိကိုယ်ကို ဘာသာတရားကိုင်းရှိုင်းသူဖြစ်သည်ဟု ထင်မှတ်သော်လည်း မိမိလျှာကိုမချုပ်တည်းဘဲ မိမိစိတ်နှလုံးကိုလှည့်ဖြားလျှင် ထိုသူ၏ဘာသာတရားကိုင်းရှိုင်းမှုသည် အချည်းနှီးဖြစ်၏။
27
ခမည်းတော်ဘုရားသခင်ရှေ့တော်၌ စင်ကြယ်၍ညစ်ညူးခြင်းကင်းသော ဘာသာတရားကိုင်းရှိုင်းမှုဟူသည်မှာ ဆင်းရဲဒုက္ခခံရသော မိဘမဲ့ကလေးနှင့်မုဆိုးမတို့ကို ကြည့်ရှုခြင်း၊ လောကီအညစ်အကြေးတို့နှင့်ကင်းစင်စေရန် မိမိကိုယ်ကိုစောင့်ထိန်းခြင်းတို့ပင်ဖြစ်၏။
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 2 →
All chapters:
1
2
3
4
5
Recommended Reading
Commentary
James Commentaries
→
Devotional
James Devotional Guide
→
Get This Bible
Burmese MSBU Study Bible
→