bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese MSBU
/
Lamentations 1
Lamentations 1
Burmese MSBU
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 2 →
1
လူစည်ကားခဲ့သောမြို့ကြီး အထီးကျန်နေပါပြီတကား။ တိုင်းနိုင်ငံတို့၏ အထွတ်ရောက်ခဲ့ဖူးသောမြို့ကြီး မုဆိုးမဘဝသို့ရောက်ရပါပြီတကား။ ပြည်တကာတို့၏ဘုရင်မကြီး အစေခံဘဝသို့ရောက်ရပါပြီတကား။
2
သူသည် တစ်ညလုံး ခါးသီးစွာငိုကြွေးနေရပြီ။ သူ့ပါးပြင်ပေါ်တွင် မျက်ရည်များ စိုရွှဲနေပြီ။ သူ့ချစ်သူတို့လည်း သူ့ကို မနှစ်သိမ့်ကြ။ သူ့မိတ်ဆွေအပေါင်းတို့ကလည်း သူ့ကိုသစ္စာဖောက်ပြီး ရန်သူဖြစ်သွားကြပြီ။
3
ယုဒအမျိုးသည် အနှိပ်စက်ခံရပြီ။ ကြမ်းကြမ်းတမ်းတမ်းကျွန်ပြုခံရပြီ။ ဖမ်းခေါ်သွားခြင်းခံရပြီ။ လူမျိုးခြားတို့တွင် နေထိုင်ရပြီ။ နားခိုရာကိုမတွေ့။ သူ့ကိုလိုက်သောသူအပေါင်းတို့သည် လမ်းဆုံး၌ သူ့ကိုမီကြလေပြီ။
4
ပွဲတော်သို့လာသောသူမရှိတော့ပြီဖြစ်၍ ဇိအုန်မြို့လမ်းတို့ ငိုကြွေးမြည်တမ်းကြလေပြီ။ မြို့တံခါးအားလုံး ဆိတ်ညံလေပြီ။ ယဇ်ပုရောဟိတ်တို့လည်း ညည်းတွားကြလေပြီ။ အပျိုကညာတို့လည်း ဝမ်းနည်းကြေကွဲလျက် ခါးသီးစွာခံစားနေကြရလေပြီ။
5
သူ၏ရန်သူတို့သည် သူ့သခင်ဖြစ်လျက် ကောင်းစားကြလေပြီ။ သူကျူးလွန်သောအပြစ်များစွာကြောင့် ထာဝရဘုရားသည် သူ့ကို ဝမ်းနည်းကြေကွဲစေတော်မူပြီ။ သူ၏သားသမီးတို့ကို သုံ့ပန်းအဖြစ် ရန်သူတို့ခေါ်သွားလေပြီ။
6
ဇိအုန်သမီး၏ခန့်ညားထည်ဝါမှုသည် သူ့ကို စွန့်ပစ်လေပြီ။ သူ၏အကြီးအကဲတို့သည် စားကျက်မြေကိုရှာမတွေ့သော သမင်များကဲ့သို့ဖြစ်လေပြီ။ လိုက်သောသူတို့ရှေ့၌ အားအင်ချည့်နဲ့စွာဖြင့် ပြေးကြရလေပြီ။
7
ဂျေရုဆလင်မြို့သည် အနှိပ်စက်ခံရချိန်၊ ဆင်းရဲဒုက္ခရောက်ချိန်တွင် ယခင်ကစည်းစိမ်ခံစားခဲ့ရသည်ကို ပြန်လည်အောက်မေ့လေ၏။ သူ၏လူများ ရန်သူ့လက်သို့ကျရောက်ချိန်တွင် ကယ်မည့်သူမရှိ။ သူပြိုလဲသွားသည်ကိုကြည့်၍ ရန်သူတို့ ရယ်မောကြ၏။
8
ဂျေရုဆလင်မြို့သည် အပြစ်ကျူးလွန်လေပြီ။ ထို့ကြောင့် ရွံရှာဖွယ်ဖြစ်လေပြီ။ သူ့ကိုဂုဏ်ပြုချီးမွမ်းသောသူရှိသမျှတို့သည် သူ၌အဝတ်မပါအချည်းစည်းဖြစ်နေသည်ကိုမြင်သဖြင့် သူ့ကိုစက်ဆုပ်ရွံရှာကြလေပြီ။ သူသည်လည်း ညည်းတွားလျက် လှည့်ထွက်သွားလေပြီ။
9
သူ၏အညစ်အကြေးသည် သူ့အဝတ်၌စွန်းနေပြီ။ သူ၏နိဂုံးကို သူမဆင်ခြင်မိခဲ့။ သူသည် အံ့ဩဖွယ်ပြိုလဲသွားလေပြီ။ သူ့ကို နှစ်သိမ့်ပေးမည့်သူလည်းမရှိ။ အို ထာဝရဘုရား၊ ရန်သူတို့သည် အကျွန်ုပ်ကို အောင်နိုင်ကြပြီ။ အကျွန်ုပ်ခံရသော ဆင်းရဲဒုက္ခကို ကြည့်ရှုတော်မူပါ။
10
ရန်သူတို့သည် သူ၏အဖိုးတန်ပစ္စည်းအားလုံးကို လက်ဝါးကြီးအုပ်လေပြီ။ လူမျိုးခြားတို့သည် ကိုယ်တော်၏လူအစုအဝေးထဲသို့မဝင်ရဟု ကိုယ်တော်မိန့်မှာတော်မူခဲ့သော်လည်း သန့်ရှင်းရာဌာနတော်အထိပင် သူတို့ဝင်ရောက်ကြသည်ကို သူတွေ့မြင်ရလေပြီ။
11
သူ့လူအပေါင်းတို့သည် ညည်းတွားလျက် စားစရာကိုရှာဖွေနေကြရပြီ။ သူတို့သည် အသက်ရှင်သန်နိုင်ရန် သူတို့၏အဖိုးတန်ပစ္စည်းများကို စားစရာနှင့်လဲလှယ်ကြရပြီ။ အို ထာဝရဘုရား၊ အကျွန်ုပ် မထီမဲ့မြင်ပြုခြင်းခံရသည်ကို ကြည့်တော်မူပါ။ မြင်တော်မူပါ။
12
လမ်းသွားလမ်းလာအပေါင်းတို့၊ သင်တို့နှင့်ဘာမျှမဆိုင်သလော။ ထာဝရဘုရားပြင်းစွာအမျက်ထွက်တော်မူသောနေ့၌ ငါ့ကို ခံစားစေတော်မူသော ဒုက္ခဝေဒနာမျိုး မချိတင်ကဲခံရဖူးသူရှိသလော၊ ကြည့်လှည့်ပါ၊ မြင်လှည့်ပါ။
13
ကိုယ်တော်သည် ကောင်းကင်မှမီးကို စေလွှတ်၍ ငါ့အရိုးများကို လောင်ကျွမ်းစေတော်မူပြီ။ ငါ့ခြေရှေ့၌ ပိုက်ကွန်ကိုဖြန့်ထားပြီ။ ငါ့ကိုနောက်သို့ပြန်လှည့်စေတော်မူပြီ။ ငါ့ကို အထီးကျန်စေတော်မူ၍ ငါသည် တစ်နေ့လုံး ညှိုးငယ်လျက်နေရပါပြီ။
14
ဘုရားသခင်သည် လက်တော်ဖြင့် ငါ့အပြစ်ထမ်းပိုးကို ငါ့လည်ပင်းပေါ် တင်တော်မူပြီ။ ချည်နှောင်တော်မူပြီ။ ငါ့ခွန်အားကိုချည့်နဲ့စေတော်မူ၍ ငါမတွန်းလှန်နိုင်သောသူတို့၏လက်ထဲသို့ ငါ့ကိုအပ်လိုက်တော်မူပြီ။
15
ဘုရားသခင်သည် ငါ့စစ်သူရဲအားလုံးကို နင်းချေတော်မူပြီ။ စစ်သည်အလုံးအရင်းကို ဆင့်ခေါ်၍ ငါ၏လူငယ်တို့ကို ဖျက်ဆီးစေတော်မူပြီ။ ယုဒသမီးပျိုကို စပျစ်သီးနယ်ရာကျင်း၌ နင်းနယ်တော်မူပြီ။
16
ထို့ကြောင့် ငါငိုကြွေးနေရပြီ။ ငါ့မျက်စိမှ မျက်ရည်များစီးကျရလေပြီ။ နှစ်သိမ့်ပေးမည့်သူ၊ ငါ့စိတ်ဝိညာဉ်ကို ပြန်လည်အားဖြည့်ပေးမည့်သူသည် ငါနှင့်အလှမ်းဝေးလေပြီ။ ရန်သူက အနိုင်ရသောကြောင့် ငါ့သားသမီးတို့ ညှိုးငယ်ရလေပြီ။
17
ဇိအုန်မြို့သည် လက်ကိုဆန့်သော်လည်း နှစ်သိမ့်မည့်သူတစ်ယောက်မျှမရှိ။ ယာကုပ်ကို ရန်ပြုကြစေရန် ပတ်ပတ်လည်ရှိလူမျိုးတို့ကို ထာဝရဘုရားအမိန့်ပေးတော်မူပြီ။ ဂျေရုဆလင်မြို့သည် ထိုသူတို့အလယ်၌ မစင်ကြယ်သောအရာကဲ့သို့ဖြစ်လေပြီ။
18
ထာဝရဘုရားသည် ဖြောင့်မတ်တော်မူ၏။ ငါမူကား ထာဝရဘုရား၏အမိန့်တော်ကို ဖီဆန်လေပြီ။ လူမျိုးအပေါင်းတို့၊ နားထောင်ကြလော့။ ငါခံရသောဒုက္ခဝေဒနာကို ကြည့်ရှုကြလော့။ ငါ၏အပျို၊ လူပျိုတို့သည် သုံ့ပန်းအဖြစ် လိုက်ပါသွားရလေပြီ။
19
ငါ့ချစ်သူတို့ကို ငါခေါ်သော်လည်း သူတို့သည် ငါ့ကိုလှည့်စားကြလေပြီ။ ငါ၏ယဇ်ပုရောဟိတ်များနှင့်သက်ကြီးဝါကြီးတို့သည် ဆက်လက်ရှင်သန်နိုင်ရန် အစာရေစာရှာဖွေရင်း မြို့တွင်း၌ပင် သေဆုံးကြလေပြီ။
20
အို ထာဝရဘုရား၊ ကြည့်ရှုတော်မူပါ။ အကျွန်ုပ် ဆင်းရဲဒုက္ခရောက်ပါပြီ။ အကျွန်ုပ်အထဲ၌ ပွက်ပွက်ဆူနေပြီ။ အကျွန်ုပ်သည် ဖီဆန်ပုန်ကန်မိပါပြီ။ ထို့ကြောင့် အကျွန်ုပ်၏စိတ်နှလုံးသည် အကျွန်ုပ်အတွင်း၌ မငြိမ်မသက်ဖြစ်လျက်ရှိ၏။ အိမ်ပြင်၌ ဓားဘေးရှိ၏။ အိမ်ထဲ၌လည်း သေဘေးရှိ၏။
21
အကျွန်ုပ်ညည်းတွားသံကို ကြားသော်လည်း အကျွန်ုပ်ကို နှစ်သိမ့်ပေးမည့်သူ တစ်ယောက်မျှမရှိပါ။ အကျွန်ုပ်ဒုက္ခရောက်ကြောင်းကို အကျွန်ုပ်၏ရန်သူအပေါင်းတို့ ကြားကြပါပြီ။ ကိုယ်တော် ဤသို့ပြုတော်မူသည်ကို သူတို့ နှစ်သက်အားရကြပါ၏။ ကိုယ်တော်မိန့်ဆိုထားသောနေ့ရက် ရောက်လာပါစေ။ သူတို့သည် အကျွန်ုပ်ကဲ့သို့ ဖြစ်ကြပါစေ။
22
သူတို့ပြုသောမကောင်းမှုအလုံးစုံတို့သည် ကိုယ်တော်၏ရှေ့တော်သို့ ရောက်ပါစေ။ အကျွန်ုပ်ကျူးလွန်မိသောအပြစ်အလုံးစုံအတွက် အကျွန်ုပ်ခံရသကဲ့သို့ သူတို့ကိုလည်း ခံရစေပါ။ အကျွန်ုပ်အလွန်ညည်းတွားရသည်ဖြစ်၍ စိတ်နှလုံးညှိုးနွမ်းလျက်ရှိပါ၏။
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 2 →
All chapters:
1
2
3
4
5