bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese MSBU
/
Jonah 1
Jonah 1
Burmese MSBU
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 2 →
1
ထာဝရဘုရား၏နှုတ်ကပတ်တော်သည် အမိတ္တဲ၏သားယောနထံသို့ ရောက်လာ၍
2
“ထလော့။ နိနေဝေမြို့ကြီးသို့ သွားလော့။ သူတို့ပြုသောမကောင်းမှုများသည် ငါ့ရှေ့မှောက်တွင် ထင်ရှားလှပြီဖြစ်၍ သူတို့ကို ဆန့်ကျင်ဟောပြောလော့”ဟု မိန့်ဆို၏။
3
သို့သော် ယောနသည် ထ၍ ထာဝရဘုရားထံတော်မှ တာရှုပြည်သို့ ထွက်ပြေးလေ၏။ သူသည် ယုပ္ပေမြို့သို့ဆင်းသွားပြီး တာရှုပြည်သို့သွားမည့်သင်္ဘောကို တွေ့သဖြင့် သင်္ဘောခပေးပြီး အထဲသို့ဝင်ကာ ထာဝရဘုရားထံတော်မှ တာရှုပြည်သို့ သင်္ဘောသားတို့နှင့်အတူ လိုက်သွားလေ၏။
4
ထိုအခါ ထာဝရဘုရားသည် ပင်လယ်ပြင်တွင် လေပြင်းတိုက်ခတ်စေသဖြင့် လေမုန်တိုင်းကြီးကျရောက်လေ၏။ သင်္ဘောမှာလည်း ကျိုးပဲ့လုမတတ်ဖြစ်လေ၏။
5
သင်္ဘောသားတို့သည် ကြောက်ရွံ့၍ အသီးသီးကိုယ့်ဘုရားများထံ အော်ဟစ်ဆုတောင်းကြလေ၏။ သင်္ဘောပေါ့စေရန် ကုန်ပစ္စည်းများကို ပင်လယ်ထဲသို့ပစ်ချကြ၏။ ယောနမူကား သင်္ဘောဝမ်းထဲသို့ ဆင်းသွားပြီး နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေ၏။
6
မာလိန်မှူးသည် သူ့ထံသို့သွား၍ “သင် အဘယ်ကြောင့် အိပ်မောကျနေသနည်း။ ထပြီး သင့်ဘုရားထံ ဆုတောင်းပါလော့။ ငါတို့ သေကျေပျက်စီးမသွားအောင် သင့်ဘုရားသည် ငါတို့ကို ကယ်တင်ကောင်းကယ်တင်လိမ့်မည်”ဟု ဆို၏။
7
ထို့နောက် သူတို့က “မည်သူ့ကြောင့် ငါတို့အပေါ် ဤဘေးဆိုးကျရောက်သည်ကိုသိရှိနိုင်ရန် လာကြ၊ မဲချကြစို့”ဟု အချင်းချင်းပြောဆိုပြီး မဲချကြရာ ယောန၌မဲကျလေ၏။
8
ထိုအခါ သူတို့က “ယခု ပြောပါလော့။ ငါတို့အပေါ် ဤဘေးဆိုးကျရောက်သည်မှာ မည်သူ့ကြောင့်နည်း။ သင် မည်သည့်အလုပ်လုပ်သနည်း။ မည်သည့်အရပ်မှ လာသနည်း။ မည်သည့်ပြည်သား ဖြစ်သနည်း။ မည်သည့်လူမျိုး ဖြစ်သနည်း”ဟု မေးကြလျှင်
9
သူက “ငါသည် ဟေဗြဲလူမျိုးဖြစ်၏။ ပင်လယ်နှင့်ကုန်းမြေကို ဖန်ဆင်းတော်မူသောကောင်းကင်ဘုံရှင်ဘုရားသခင် ထာဝရဘုရားကို ကိုးကွယ်သူ ဖြစ်ပါသည်”ဟု သူတို့အား ဆို၏။
10
ထို့ပြင် သူသည် ထာဝရဘုရားထံတော်မှ ထွက်ပြေးခဲ့ကြောင်းကို လူတို့အား ပြောပြသဖြင့် သူတို့သိသွားကြသောအခါ အလွန်ကြောက်ရွံ့ထိတ်လန့်၍ သူ့အား “အဘယ်ကြောင့် ဤသို့ပြုသနည်း”ဟု ဆိုကြ၏။
11
ထိုစဉ် ပင်လယ်ပြင်တွင် လေမုန်တိုင်းပိုမိုပြင်းထန်လာသဖြင့် သူတို့က “ပင်လယ်ငြိမ်သက်သွားအောင် သင့်ကို ငါတို့ မည်သို့ပြုရမည်နည်း”ဟု သူ့အားမေးလျှင်
12
သူက “ငါ့ကိုချီ၍ ပင်လယ်ထဲသို့ ပစ်ချလော့။ သို့ပြုလျှင် ပင်လယ်သည် ငြိမ်သက်သွားလိမ့်မည်။ ငါ့ကြောင့် ဤလေမုန်တိုင်းကြီး သင်တို့အပေါ်ကျရောက်ကြောင်းကို ငါသိ၏”ဟု ပြန်ပြော၏။
13
လူတို့သည် ကမ်းသို့ရောက်အောင် ကြိုးစားလှော်ခတ်ကြသေး၏။ သို့သော် ပင်လယ်ပြင်တွင် လေမုန်တိုင်းပိုမိုပြင်းထန်လာသဖြင့် ကမ်းသို့ မရောက်နိုင်ကြ။
14
ထိုအခါ သူတို့က “အို ထာဝရဘုရား၊ ဤသူ၏အသက်ကြောင့် အကျွန်ုပ်တို့ကိုပါ ဖျက်ဆီးတော်မမူပါနှင့်။ အပြစ်မဲ့သောသူအား သတ်သောအပြစ်ကို အကျွန်ုပ်တို့အပေါ် ကျရောက်စေတော်မမူပါနှင့်။ ထာဝရဘုရား၊ ကိုယ်တော်သည် အလိုတော်အတိုင်း ပြုတော်မူပါပြီ”ဟု ထာဝရဘုရားထံ အော်ဟစ်ပြောဆိုကြ၏။
15
ထို့နောက် ယောနကိုချီမ၍ ပင်လယ်ထဲသို့ပစ်ချကြလျှင် ပင်လယ်ပြင်မှ ပြင်းထန်သောလေမုန်တိုင်းကြီးလည်း ငြိမ်သက်သွားလေ၏။
16
ထိုအခါ လူတို့သည် ထာဝရဘုရားကို အလွန်ကြောက်ရွံ့ကြသဖြင့် ထာဝရဘုရားထံယဇ်ပူဇော်ပြီး ကတိသစ္စာပြုကြ၏။
17
ယောနကိုမျိုချရန် ငါးကြီးတစ်ကောင်ကို ထာဝရဘုရား ပြင်ဆင်ထားသဖြင့် ယောနသည် ငါးကြီးဝမ်းထဲတွင် သုံးရက်သုံးည နေရလေ၏။
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 2 →
All chapters:
1
2
3
4