bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese MSBU
/
Romans 8
Romans 8
Burmese MSBU
← Chapter 7
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 9 →
1
ထို့ကြောင့် ယခုအခါ ခရစ်တော်ယေရှု၌ရှိသောသူတို့သည် ပြစ်ဒဏ်စီရင်ခြင်းမခံရ။
2
အကြောင်းမူကား ခရစ်တော်ယေရှု၌ရှိသည့် အသက်ရှင်ခြင်း၏ဝိညာဉ်တော်နှင့်ဆိုင်သောတရားသည် အပြစ်နှင့်သေခြင်းတို့နှင့်ဆိုင်သောတရားမှ သင့်ကိုလွတ်မြောက်စေပြီဖြစ်၏။
3
ဘုရားသခင်သည် မိမိ၏သားတော်ကို အပြစ်နှင့်ပြည့်ဝသည့် သွေးသားဇာတိနှင့်တူညီသောသဏ္ဌာန်၌ အပြစ်အတွက်စေလွှတ်တော်မူ၍ သွေးသားဇာတိ၌ရှိသောအပြစ်ကို ဒဏ်ခတ်တော်မူပြီး သွေးသားဇာတိကြောင့် အားနည်း၍ ပညတ်တရားမဆောင်ရွက်နိုင်သောအမှုကို ဆောင်ရွက်ပေးတော်မူ၏။
4
ဤသည်ကား သွေးသားဇာတိအလိုအတိုင်းမဟုတ်ဘဲ ဝိညာဉ်တော်အလိုအတိုင်း အသက်ရှင်လျှောက်လှမ်းနေကြသောငါတို့၌ ပညတ်တရား၏ပြဋ္ဌာန်းချက်များ ပြည့်စုံစေရန်ဖြစ်၏။
5
သွေးသားဇာတိအလိုအတိုင်း အသက်ရှင်သောသူတို့သည် သွေးသားဇာတိနှင့်ဆိုင်သောအရာများကို စွဲလမ်းကြ၏။ ဝိညာဉ်တော်အလိုအတိုင်း အသက်ရှင်သောသူတို့မူကား ဝိညာဉ်တော်နှင့်ဆိုင်သောအရာများကို စွဲလမ်းကြ၏။
6
သွေးသားဇာတိနှင့်ဆိုင်သောစိတ်သဘောသည် သေခြင်းဖြစ်၏။ ဝိညာဉ်တော်နှင့်ဆိုင်သောစိတ်သဘောမူကား အသက်ရှင်ခြင်းနှင့်ငြိမ်သက်ခြင်းဖြစ်၏။
7
အဘယ်ကြောင့်ဆိုသော် သွေးသားဇာတိနှင့်ဆိုင်သောစိတ်သဘောသည် ဘုရားသခင်နှင့် ရန်ဘက်ဖြစ်၏။ အကြောင်းမူကား ထိုစိတ်သဘောသည် ဘုရားသခင်၏ပညတ်တရားကို နာခံခြင်းမရှိ။ အမှန်စင်စစ် နာခံ၍လည်းမရနိုင်။
8
ထို့ကြောင့် သွေးသားဇာတိအားဖြင့်အသက်ရှင်သောသူတို့သည် ဘုရားသခင်ကိုမနှစ်သက်စေနိုင်ကြ။
9
သို့သော် ဘုရားသခင်၏ဝိညာဉ်တော်သည် သင်တို့အထဲ၌ကိန်းဝပ်တော်မူလျှင် သင်တို့သည် သွေးသားဇာတိ၌မဟုတ်ဘဲ ဝိညာဉ်တော်၌ရှိကြ၏။ ခရစ်တော်၏ဝိညာဉ်တော်ကိုမရသောသူသည် ခရစ်တော်နှင့်မဆိုင်။
10
သို့ရာတွင် ခရစ်တော်သည် သင်တို့အထဲ၌ရှိတော်မူလျှင် ကိုယ်ခန္ဓာသည် အပြစ်ကြောင့် သေနေသော်လည်း ဝိညာဉ်သည် ဖြောင့်မတ်ခြင်းကြောင့် အသက်ရှင်လျက်ရှိ၏။
11
ထိုမျှမက ယေရှုကို သေသောသူတို့ထဲမှ ထမြောက်စေတော်မူသောဘုရားရှင်၏ဝိညာဉ်တော်သည် သင်တို့အထဲ၌ကိန်းဝပ်တော်မူလျှင် ခရစ်တော်ကို သေသောသူတို့ထဲမှထမြောက်စေတော်မူသောဘုရားရှင်သည် သင်တို့အထဲ၌တည်နေသော မိမိ၏ဝိညာဉ်တော်အားဖြင့် သေတတ်သော သင်တို့၏ကိုယ်ခန္ဓာကိုလည်း အသက်ရှင်စေတော်မူလိမ့်မည်။
12
သို့ဖြစ်၍ ညီအစ်ကိုတို့၊ ငါတို့သည် သွေးသားဇာတိအလိုအတိုင်းအသက်ရှင်ရန် သွေးသားဇာတိအပေါ် တာဝန်ရှိသည်မဟုတ်။
13
အဘယ်ကြောင့်ဆိုသော် သင်တို့သည် သွေးသားဇာတိအလိုအတိုင်းအသက်ရှင်လျှင် သေကြရမည်။ သို့သော် ဝိညာဉ်တော်အားဖြင့် ကိုယ်ခန္ဓာ၏လုပ်ဆောင်မှုများကိုသေစေလျှင် သင်တို့သည် အသက်ရှင်ကြလိမ့်မည်။
14
အကြောင်းမူကား ဘုရားသခင်၏ဝိညာဉ်တော်ရှေ့ဆောင်လမ်းပြမှုကို ခံယူသမျှသောသူတို့သည် ဘုရားသခင်၏သားများဖြစ်ကြ၏။
15
သင်တို့သည် ကြောက်ရွံ့ခြင်းသို့ တစ်ဖန်ရောက်စေသော ကျွန်၏ဝိညာဉ်ကိုခံယူရရှိကြသည်မဟုတ်ဘဲ သားသမီးအရာကိုပေးသောဝိညာဉ်တော်ကို ခံယူရရှိကြ၏။ ထိုဝိညာဉ်တော်အားဖြင့် “အဗ္ဗ၊ အဖ”ဟု ငါတို့ခေါ်ကြ၏။
16
ငါတို့သည် ဘုရားသခင်၏သားသမီးများဖြစ်ကြောင်းကို ဝိညာဉ်တော်ကိုယ်တိုင် ငါတို့၏ဝိညာဉ်နှင့်အတူသက်သေခံတော်မူ၏။
17
ထိုသို့ သားသမီးများဖြစ်ကြလျှင် အမွေခံများလည်း ဖြစ်ကြ၏။ ငါတို့သည် ခရစ်တော်နှင့်အတူဘုန်းတော်ချီးမြှောက်ခြင်းခံရရန် ဒုက္ခဆင်းရဲခြင်းကိုလည်း ကိုယ်တော်နှင့်အတူခံရကြလျှင် ဘုရားသခင်၏အမွေခံများဖြစ်ကြပြီး ခရစ်တော်နှင့်အတူအမွေဆက်ခံသူများလည်း ဖြစ်ကြ၏။
18
ယခုမျက်မှောက်ကာလ၌ ခံရသောဒုက္ခဝေဒနာများသည် ငါတို့၌ထင်ရှားမည့်ဘုန်းအသရေနှင့်နှိုင်းလျှင် မပြောပလောက်ဟု ငါမှတ်ယူ၏။
19
ဖန်ဆင်းခံလောကသည် ဘုရားသခင့်သားများ၏ထင်ရှားခြင်းကို အလွန်တောင့်တသောစိတ်ဖြင့် စောင့်မျှော်လျက်နေ၏။
20
အဘယ်ကြောင့်ဆိုသော် ဖန်ဆင်းခံလောကသည် အချည်းနှီးအဖြစ်သို့ချထားခြင်းခံရသည်မှာ မိမိဆန္ဒအလျောက်မဟုတ်ဘဲ ချထားတော်မူသောအရှင်ကြောင့်သာဖြစ်ပြီး
21
ဖန်ဆင်းခံလောကကိုယ်တိုင် ပျက်စီးခြင်း၏အနှောင်အဖွဲ့မှ လွတ်မြောက်၍ ဘုရားသခင့်သားသမီးများ၏ဘုန်းအသရေနှင့်ပြည့်စုံသော လွတ်လပ်ခြင်းသို့ဝင်စားခွင့်ရမည်ဟူသည့် မျှော်လင့်ခြင်းရှိသောကြောင့်ဖြစ်၏။
22
ဖန်ဆင်းခံလောကတစ်ခုလုံးသည် ယခုတိုင်အောင် အတူတကွညည်းတွားလျက် အတူတကွသားဖွားခြင်းဝေဒနာကိုခံစားလျက်ရှိကြောင်း ငါတို့သိကြ၏။
23
ထိုမျှမက ဝိညာဉ်တော်၏အသီးဦးကိုရရှိသော ငါတို့ကိုယ်တိုင်သည်လည်း သားသမီးအရာကိုရခြင်းတည်းဟူသော ငါတို့၏ကိုယ်ခန္ဓာရွေးနုတ်ခံရခြင်းကို စောင့်မျှော်လျက် စိတ်နှလုံးထဲ၌ ညည်းတွားနေကြ၏။
24
ငါတို့သည် ဤမျှော်လင့်ခြင်းအားဖြင့် ကယ်တင်ခြင်းခံရကြ၏။ သို့သော် မြင်နေရသောမျှော်လင့်ခြင်းသည် မျှော်လင့်ခြင်းမဟုတ်။ အကြောင်းမှာ မည်သူသည် မြင်နေသောအရာကို ဆက်၍မျှော်လင့်မည်နည်း။
25
မမြင်သေးသောအရာကို ငါတို့မျှော်လင့်ကြလျှင်မူကား ထိုအရာကို သည်းခံသောစိတ်နှင့်စောင့်မျှော်ကြ၏။
26
ထိုနည်းတူ ဝိညာဉ်တော်သည်လည်း ငါတို့၏အားနည်းခြင်းကို ဖေးမကူညီပေးတော်မူ၏။ ငါတို့သည် ဆုတောင်းသင့်သည့်အတိုင်း မည်သို့ဆုတောင်းရမည်ကို မသိကြ။ သို့သော် ဝိညာဉ်တော်ကိုယ်တော်တိုင် စကားဖြင့်ဖော်ပြ၍မရနိုင်သော ညည်းတွားသံများဖြင့် ငါတို့အတွက် အသနားခံပေးတော်မူ၏။
27
စိတ်နှလုံးတို့ကိုစူးစမ်းတော်မူသောအရှင်သည်လည်း ဝိညာဉ်တော်၏စိတ်သဘောကို သိတော်မူ၏။ အကြောင်းမူကား ဝိညာဉ်တော်သည် ဘုရားသခင်၏အလိုတော်နှင့်အညီ သန့်ရှင်းသူများအတွက် အသနားခံပေးတော်မူ၏။
28
ဘုရားသခင်ကိုချစ်သောသူများတည်းဟူသော အကြံအစည်တော်အတိုင်း ခေါ်ယူတော်မူခြင်းခံရသောသူများအတွက် ဘုရားသခင်သည် ခပ်သိမ်းသောအမှုအရာတို့ကို ပူးပေါင်းလုပ်ဆောင်စေ၍ ကောင်းကျိုးဖြစ်စေတော်မူကြောင်းကို ငါတို့သိကြ၏။
29
အကြောင်းမူကား ဘုရားသခင်သည် သိထားနှင့်တော်မူသောသူတို့ကို မိမိသားတော်၏ပုံသဏ္ဌာန်နှင့်တူညီစေရန် ကြိုတင်သတ်မှတ်ထားတော်မူ၏။ ဤသည်ကား သားတော်သည် များစွာသောညီအစ်ကိုတို့တွင် သားဦးဖြစ်မည့်အကြောင်းတည်း။
30
ထိုသို့ကြိုတင်သတ်မှတ်ထားတော်မူသောသူတို့ကို ဘုရားသခင်သည် ခေါ်ယူတော်မူပြီး ခေါ်ယူတော်မူသောသူတို့ကို ဖြောင့်မတ်သည်ဟုအသိအမှတ်ပြုတော်မူ၍ ဖြောင့်မတ်သည်ဟုအသိအမှတ်ပြုတော်မူသောသူတို့ကို ချီးမြှောက်တော်မူ၏။
31
သို့ဖြစ်လျှင် ဤအရာများကိုထောက်၍ မည်သို့ဆိုရမည်နည်း။ ဘုရားသခင်သည် ငါတို့ဘက်၌ရှိတော်မူလျှင် မည်သူသည် ငါတို့ကို ဆန့်ကျင်နိုင်မည်နည်း။
32
မိမိသားတော်ရင်းကိုပင် ချန်လှပ်မထားဘဲ ငါတို့အားလုံးအတွက် စွန့်တော်မူသောအရှင်သည် သားတော်နှင့်တကွ အရာခပ်သိမ်းတို့ကိုလည်း ငါတို့အားမပေးဘဲနေတော်မူမည်လော။
33
မည်သူသည် ဘုရားသခင်ရွေးကောက်တော်မူသောသူတို့ကို ပြစ်တင်စွဲဆိုမည်နည်း။ ဖြောင့်မတ်သည်ဟုအသိအမှတ်ပြုတော်မူသောအရှင်ကား ဘုရားသခင်ပေတည်း။
34
မည်သူသည် ပြစ်ဒဏ်စီရင်မည်နည်း။ အသေခံတော်မူသည်သာမက ထမြောက်တော်မူသော ခရစ်တော်ယေရှုသည် ဘုရားသခင်၏လက်ယာတော်ဘက်၌နေ၍ ငါတို့အတွက် အသနားခံပေးတော်မူ၏။
35
မည်သူသည် ငါတို့ကို ခရစ်တော်၏ချစ်ခြင်းမေတ္တာတော်နှင့် ကွဲကွာစေမည်နည်း။ ဆင်းရဲဒုက္ခ၊ နာကျင်ခြင်းဝေဒနာ၊ ညှဉ်းဆဲခြင်း၊ ငတ်မွတ်ခေါင်းပါးခြင်း၊ အဝတ်အချည်းစည်းရှိခြင်း၊ ဘေးအန္တရာယ်နှင့် ဓားဘေးစသည်တို့လော။
36
“အကျွန်ုပ်တို့သည် ကိုယ်တော်အတွက် တစ်နေ့လုံးသေခြင်းနှင့်ရင်ဆိုင်နေကြရပါ၏။ အကျွန်ုပ်တို့သည် သတ်ရန်လျာထားသောသိုးများကဲ့သို့ မှတ်ယူခြင်းခံရကြပါ၏” ဟု ကျမ်းစာ၌ရေးထားသည့်အတိုင်းဖြစ်၏။
37
သို့သော် ငါတို့သည် ငါတို့ကိုချစ်တော်မူသောအရှင်အားဖြင့် ထိုအမှုခပ်သိမ်းတို့ကိုခံရစဉ်၌ပင် လုံးလုံးလျားလျားအောင်မြင်လျက်ရှိကြ၏။
38
အကြောင်းမူကား သေခြင်းဖြစ်စေ၊ အသက်ရှင်ခြင်းဖြစ်စေ၊ ကောင်းကင်တမန်များဖြစ်စေ၊ အုပ်ချုပ်သူများဖြစ်စေ၊ မျက်မှောက်အရာများဖြစ်စေ၊ နောင်လာမည့်အရာများဖြစ်စေ၊ တန်ခိုးများဖြစ်စေ၊
39
အထက်အရာဖြစ်စေ၊ အောက်အရာဖြစ်စေ၊ ဖန်ဆင်းတော်မူသောအခြားမည်သည့်အရာပင်ဖြစ်စေ ငါတို့၏သခင်ခရစ်တော်ယေရှု၌ရှိသော ဘုရားသခင်၏ချစ်ခြင်းမေတ္တာတော်နှင့် ငါတို့ကို မကွဲကွာစေနိုင်ဟု ငါသည် ယုံကြည်စိတ်ချ၏။
← Chapter 7
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 9 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16