bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese MSBU
/
Ruth 1
Ruth 1
Burmese MSBU
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 2 →
1
တရားသူကြီးတို့ အုပ်စိုးသည့်ကာလတွင် အစ္စရေးပြည်၌ ငတ်မွတ်ခေါင်းပါးခြင်းဘေးကျရောက်သဖြင့် ယုဒပြည်၊ ဗက်လင်မြို့သားတစ်ဦးသည် မိမိ၏မယား၊ မိမိသားနှစ်ယောက်နှင့်အတူ မောဘပြည်သို့ သွားရောက်ခိုလှုံနေထိုင်၏။
2
ထိုသူ၏အမည်မှာ ဧလိမလက်၊ မယား၏အမည်မှာ နောမိ၊ သားနှစ်ယောက်၏အမည်မှာ မဟာလုန်၊ ခိလျုန်တို့ဖြစ်၍ ယုဒပြည်၊ ဗက်လင်မြို့သား ဧဖရတ်အနွယ်ဝင်ဖြစ်၏။ သူတို့သည် မောဘပြည်သို့ သွားရောက်နေထိုင်ကြ၏။
3
နောမိ၏ခင်ပွန်း ဧလိမလက် သေဆုံးသွားသဖြင့် သူသည် သားနှစ်ယောက်နှင့် ကျန်ရစ်ခဲ့၏။
4
ထိုသားနှစ်ယောက်သည် ဩရပ၊ ရုသ အမည်ရှိသောမောဘသမီးပျိုတို့နှင့် စုံဖက်ပြီး မောဘပြည်၌ ဆယ်နှစ်ခန့် နေထိုင်ကြ၏။
5
ထို့နောက် မဟာလုန်နှင့် ခိလျုန် နှစ်ယောက်စလုံးလည်း သေဆုံးသွားသဖြင့် နောမိသည် သားနှစ်ယောက်မရှိ၊ ခင်ပွန်းသည်မရှိဘဲ ကျန်ရစ်ခဲ့ရ၏။
6
ထာဝရဘုရားသည် မိမိလူမျိုးတော်အား ကြည့်ရှုထောက်မ၍ အစာရေစာပေးတော်မူကြောင်းကို မောဘပြည်မှ နောမိကြားသိသောအခါ သူသည် ချွေးမတို့နှင့်အတူ မောဘပြည်မှ နေရင်းပြည်သို့ ပြန်သွားရန် ပြင်ဆင်၏။
7
ထို့နောက် ချွေးမနှစ်ယောက်နှင့်အတူ လက်ရှိနေထိုင်ရာအရပ်မှ ယုဒပြည်သို့ ခရီးပြုထွက်ခွာလာကြ၏။
8
နောမိက ချွေးမနှစ်ဦးအား “သင်တို့ ကိုယ့်မိခင်အိမ်သို့ ပြန်သွားကြလော့။ ကွယ်လွန်သွားသောသင်တို့ခင်ပွန်းနှင့် ငါ့အပေါ် သင်တို့မေတ္တာကရုဏာပြခဲ့သည့်အတိုင်း ထာဝရဘုရားသည် သင်တို့အပေါ် မေတ္တာကရုဏာ ပြတော်မူပါစေသော။
9
သင်တို့သည် နောက်အိမ်ထောင်ပြုပြီး အေးချမ်းစွာနေရသောအခွင့်ကို သင်တို့အား ထာဝရဘုရား ပေးသနားတော်မူပါစေသော”ဟု ဆိုပြီး သူတို့ကို နမ်းရာ သူတို့သည် အော်ဟစ်ငိုကြွေး၍
10
“အကျွန်ုပ်တို့သည် အမေနှင့်အတူ အမေ့လူမျိုးတို့ရှိရာသို့ လိုက်သွားမည်”ဟု ဆို၏။
11
နောမိကလည်း “ငါ့သမီးတို့၊ ပြန်သွားကြပါ။ အဘယ်ကြောင့် ငါနှင့်အတူ လိုက်မည်နည်း။ သင်တို့ယောက်ျားရဖို့ ငါ့ဝမ်းထဲက သားမွေးနိုင်သေးသလော။
12
ငါ့သမီးတို့၊ ပြန်သွားကြပါ။ ငါ အသက်ကြီးလှပြီ။ အိမ်ထောင်မပြုသင့်တော့။ အကယ်၍ ဤညတွင် အိမ်ထောင်ပြု၍သားမွေးနိုင်သည့်မျှော်လင့်ချက်ရှိသည်ဆိုလျှင်ပင်
13
သူတို့ကြီးလာသည်အထိ သင်တို့အိမ်ထောင်မပြုဘဲ စောင့်နေကြမည်လော။ ငါ့သမီးတို့၊ ထိုသို့မဖြစ်သင့်။ ထာဝရဘုရားသည် ငါ့ကို ဆုံးမတော်မူသဖြင့် သင်တို့ထက် ငါပို၍ခါးသီးစွာခံစားရ၏”ဟု ဆို၏။
14
ချွေးမနှစ်ယောက်သည် တစ်ဖန် အော်ဟစ်ငိုကြွေးကြပြီး ဩရပသည် ယောက္ခမကိုနှုတ်ဆက်ကာ ထွက်သွားလေ၏။ ရုသမူကား ယောက္ခမနှင့်အတူ လိုက်သွား၏။
15
ထို့ကြောင့် နောမိက ရုသအား “ကြည့်ပါ။ သင့်အစ်မသည် သူ့လူမျိုး၊ သူ့ဘုရားရှိရာသို့ ပြန်သွားပြီ။ သင်လည်း သူ့နောက်သို့လိုက်သွားလော့”ဟု ဆိုလျှင်
16
ရုသကလည်း “အမေ့ကို ထားခဲ့ပြီး နောက်ပြန်လှည့်သွားရန် အကျွန်ုပ်ကို မတိုက်တွန်းပါနှင့်။ အမေသွားသည့်နေရာသို့ အကျွန်ုပ်လိုက်မည်။ အမေအိပ်သည့်နေရာတွင် အကျွန်ုပ်အိပ်မည်။ အမေ့လူမျိုးသည် အကျွန်ုပ်လူမျိုး၊ အမေ့ဘုရားသည် အကျွန်ုပ်ဘုရား ဖြစ်ပါ၏။
17
အမေသေသည့်နေရာတွင် အကျွန်ုပ်လိုက်သေ၍ ထိုနေရာတွင်ပင် အသင်္ဂြိုဟ်ခံပါမည်။ သေခြင်းမှတစ်ပါး အခြားအကြောင်းကြောင့် အမေ့ကို အကျွန်ုပ်ခွဲခွာသွားလျှင် ထာဝရဘုရားသည် အကျွန်ုပ်ကို ဒဏ်ခတ်ပါစေ”ဟု ပြန်ပြော၏။
18
ရုသက မိမိနှင့်အတူလိုက်ရန် အခိုင်အမာစိတ်ပိုင်းဖြတ်ထားကြောင်း နောမိ သိမြင်လျှင် ရုသအား ထပ်မတိုက်တွန်းတော့ချေ။
19
သူတို့နှစ်ယောက် ဗက်လင်မြို့သို့ ခရီးဆက်လာခဲ့ကြ၏။ ဗက်လင်မြို့သို့ရောက်သောအခါ သူတို့ကိုမြင်သည်နှင့် တစ်မြို့လုံး ပွက်လောရိုက်သွားလေ၏။ အမျိုးသမီးတို့က “ဤသူကား နောမိလော”ဟု မေးမြန်းကြ၏။
20
နောမိကလည်း “အကျွန်ုပ်ကို နောမိ ဟု မခေါ်ပါနှင့်။ မာရ ဟု ခေါ်ပါ။ အနန္တတန်ခိုးရှင်သည် အကျွန်ုပ်အား ခါးသီးစွာခံစားရစေတော်မူပြီ။
21
အကျွန်ုပ်သည် ထွက်သွားစဉ်က ပြည့်ပြည့်စုံစုံနှင့် ထွက်သွား၏။ ယခုမူကား ထာဝရဘုရားသည် လက်ချည်းသက်သက်ပြန်လာစေတော်မူ၏။ အဘယ်ကြောင့် အကျွန်ုပ်ကို နောမိဟု ခေါ်ကြဦးမည်နည်း။ ထာဝရဘုရားသည် အကျွန်ုပ်ကို ဆုံးမတော်မူပြီ။ အနန္တတန်ခိုးရှင်သည် အကျွန်ုပ်ကို ဒုက္ခရောက်စေတော်မူပြီ”ဟု ပြန်ပြော၏။
22
ဤသို့ဖြင့် နောမိသည် သူ၏ချွေးမ မောဘအမျိုးသမီးရုသနှင့်အတူ မောဘပြည်မှ ပြန်လာ၍ မုယောစပါးရိတ်သိမ်းစအချိန်တွင် ဗက်လင်မြို့သို့ ရောက်လာကြလေ၏။
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 2 →
All chapters:
1
2
3
4
Recommended Reading
Commentary
Ruth Commentaries
→
Devotional
Ruth Devotional Guide
→
Get This Bible
Burmese MSBU Study Bible
→