bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese MSBU
/
Ruth 3
Ruth 3
Burmese MSBU
← Chapter 2
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 4 →
1
တစ်နေ့တွင် ယောက္ခမနောမိက ရုသအား “ငါ့သမီး၊ သင့်အတွက် အေးချမ်းသောနားခိုရာကို ငါရှာပေးသင့်သည်မဟုတ်လော။
2
သင်သွား၍အလုပ်အတူတူလုပ်ခဲ့သောအစေအပါးတို့၏သခင် ဗောဇသည် ငါတို့၏ဆွေမျိုးသားချင်း မဟုတ်လော။ ယခုည သူသည် တလင်းပြင်တွင် မုယောစပါးလာလှေ့လိမ့်မည်။
3
သင်သည် ရေချိုး၊ ဖီးလိမ်းပြီးလျှင် ကောင်းကောင်းမွန်မွန် ဝတ်ဆင်၍ တလင်းပြင်သို့သွားပါ။ သူ စားသောက်၍မပြီးမချင်း သင်ရောက်နေသည်ကို သူမသိစေနှင့်။
4
သူအိပ်သောအခါ သူအိပ်သည့်နေရာကို မှတ်ထားပြီး သူ၏ခြေ၌ဖုံးထားသောအဝတ်ကိုလှစ်၍ သင်လှဲအိပ်နေပါ။ ထိုအခါ သင်ပြုရမည့်အရာကို သူပြောပြလိမ့်မည်”ဟု ဆို၏။
5
ရုသကလည်း “အမေပြောသည့်အတိုင်း အကျွန်ုပ် လုပ်ပါမည်”ဟု ဆိုပြီး
6
တလင်းပြင်သို့သွား၍ ယောက္ခမပြောသည့်အတိုင်း ပြုလေ၏။
7
ဗောဇသည် စားသောက်ပြီးလျှင် စိတ်အလိုပြည့်စုံသွားပြီဖြစ်၍ ကောက်လှိုင်းပုံအစွန်တွင် သွားအိပ်လေ၏။ ရုသလည်း ဗောဇအနီးသို့ တိတ်တဆိတ်ချဉ်းကပ်လာ၍ သူ၏ခြေ၌ဖုံးထားသောအဝတ်ကိုလှစ်၍ လှဲအိပ်လေ၏။
8
ညသန်းခေါင်အချိန်တွင် ဗောဇသည် နိုး၍လှည့်ကြည့်လိုက်ရာ ခြေရင်း၌ အမျိုးသမီးတစ်ယောက် အိပ်နေသည်ကို တွေ့သဖြင့် ထိတ်လန့်သွား၏။
9
ထို့ကြောင့် ဗောဇက “သင် မည်သူနည်း”ဟု မေးရာ ရုသက “အကျွန်ုပ်သည် သခင့်ကျွန်မ ရုသ ဖြစ်ပါ၏။ သခင်သည် အကျွန်ုပ်ကို ရွေးနုတ်ခွင့်ရှိသူဖြစ်သောကြောင့် သခင်၏ဝတ်လုံစွန်း ဖြင့် သခင့်ကျွန်မကို လွှမ်းခြုံပေးပါတော့”ဟု ဆို၏။
10
ဗောဇကလည်း “ငါ့သမီး၊ ထာဝရဘုရားသည် သင့်ကို ကောင်းချီးပေးတော်မူပါစေသော။ သင်သည် ဆင်းရဲသောလူပျို၊ ချမ်းသာသောလူပျိုတို့နောက်သို့ မလိုက်။ ယခု သင်ပြသောမေတ္တာကရုဏာသည် ယခင် ပြခဲ့သည်ထက် သာ၍မြတ်၏။
11
ယခုမှာ ငါ့သမီး၊ ဘာမျှမစိုးရိမ်နှင့်။ သင်တောင်းသမျှကို ငါပြုပေးမည်။ သင်သည် အကျင့်သီလနှင့်ပြည့်စုံသောအမျိုးသမီးဖြစ်ကြောင်းကို ဤတစ်မြို့လုံးရှိငါတို့လူမျိုးတို့ သိကြ၏။
12
ငါသည် ရွေးနုတ်ခွင့်ရှိသူ မှန်သော်လည်း ငါ့ထက် ပို၍ရွေးနုတ်ခွင့်ရှိသူတစ်ဦး ရှိသေး၏။
13
ဤညတွင် အိပ်ဦးလော့။ နံနက်ရောက်မှ ထိုသူသည် သင့်ကို ရွေးနုတ်မည်ဆိုလျှင် ရွေးနုတ်ပါစေ။ ကောင်းပါ၏။ အကယ်၍ သူမရွေးနုတ်လျှင် ထာဝရဘုရား အသက်ရှင်တော်မူသည်နှင့်အညီ သင့်ကို ငါရွေးနုတ်မည်။ ယခုမူ နံနက်တိုင်အောင် အိပ်ဦးလော့”ဟု ဆို၏။
14
ရုသသည် ဗောဇ၏ခြေရင်းတွင် နံနက်တိုင်အောင် အိပ်ပြီး တစ်ယောက်ကိုတစ်ယောက် သိနိုင်သည့်အချိန်မရောက်မီ ထလေ၏။ ဗောဇကလည်း သူ့အား “ဤတလင်းပြင်သို့ သင်လာသည်ကို မည်သူမျှမသိစေနှင့်”ဟု ဆိုပြီးလျှင်
15
“သင့် ကိုယ်ပေါ်က ခြုံထည်ကို ဖြန့်၍ ကိုင်ထားပါ”ဟု ဆို၏။ ရုသကလည်း ခြုံထည်ကို ဖြန့်၍ကိုင်ထားရာ ဗောဇက မုယောစပါးခြောက်ဧဖာ ခြင်ထည့်ပြီး ရုသအား ပေး၏။ ရုသလည်း ယူ၍ မြို့သို့ပြန်သွားလေ၏။
16
ယောက္ခမထံပြန်ရောက်သောအခါ ယောက္ခမက “ငါ့သမီး၊ မည်သို့နည်း”ဟု မေးသော် ရုသကလည်း ဗောဇပြုပေးခဲ့သမျှကို ပြန်ပြောပြပြီးလျှင်
17
“သူက ‘ယောက္ခမထံသို့ လက်ချည်းသက်သက်ပြန်မသွားနှင့်’ဟုဆိုကာ အကျွန်ုပ်အား မုယောစပါးခြောက်ဧဖာကိုလည်း ပေးလိုက်ပါ၏”ဟု ဆို၏။
18
ထိုအခါ နောမိက ရုသအား “ငါ့သမီး၊ ဤကိစ္စ မည်သို့ဖြစ်လာမည်ကို သိရသည်အထိ စောင့်နေပါ။ ထိုသူသည် ဤကိစ္စကို ယနေ့ဖြေရှင်း၍မပြီးမချင်း ငြိမ်ငြိမ်နေမည်မဟုတ်”ဟု ဆို၏။
← Chapter 2
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 4 →
All chapters:
1
2
3
4