bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese MSBU
/
Ruth 2
Ruth 2
Burmese MSBU
← Chapter 1
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 3 →
1
နောမိ၏ခင်ပွန်းသည်၌ ဗောဇဟု အမည်ရှိသော ချမ်းသာကြွယ်ဝသူဆွေမျိုးတစ်ဦးရှိ၏။ သူသည် ဧလိမလက်မျိုးနွယ်စုမှ ဆင်းသက်လာ၏။
2
မောဘအမျိုးသမီးရုသက နောမိအား “လယ်ထဲသို့ အကျွန်ုပ်သွားပါရစေ။ ခွင့်ပြုသူရှိလျှင် ကောက်ရိတ်သမားတို့နောက်မှ ကောက်သင်းကောက်ပါရစေ”ဟု ဆိုလျှင် နောမိက “ငါ့သမီး၊ သွားပါ”ဟု ဆို၏။
3
ရုသလည်း လယ်ထဲသို့ ထွက်သွား၍ ကောက်ရိတ်သမားတို့နောက်မှလိုက်ပြီး ကောက်သင်းကောက်ရာ တိုက်တိုက်ဆိုင်ဆိုင် ထိုလယ်ကွက်သည် ဧလိမလက်မျိုးနွယ်စုဝင် ဗောဇပိုင်သောလယ်ကွက်ဖြစ်နေ၏။
4
ထိုစဉ် ဗောဇသည် ဗက်လင်မြို့မှ ရောက်လာ၍ ကောက်ရိတ်သမားတို့အား “ထာဝရဘုရားသည် သင်တို့နှင့်အတူ ရှိပါစေသော”ဟု နှုတ်ဆက်လျှင် သူတို့ကလည်း “ထာဝရဘုရားသည် သခင့်ကို ကောင်းချီးပေးတော်မူပါစေသော”ဟု ပြန်နှုတ်ဆက်ကြ၏။
5
ဗောဇကလည်း မိမိအစေအပါးဖြစ်သည့် အလုပ်သမားခေါင်းဆောင်အား “ထိုအမျိုးသမီးသည် အဘယ်ကနည်း”ဟု မေးလျှင်
6
သူ၏အစေအပါး ကောက်ရိတ်သမားခေါင်းဆောင်က “သူသည် နောမိနှင့်အတူ မောဘပြည်မှလိုက်လာသော မောဘအမျိုးသမီး ဖြစ်ပါ၏။
7
သူက ‘အကျွန်ုပ် ကောက်သင်းကောက်ပါရစေ၊ ကောက်ရိတ်သမားတို့နောက်မှ ကျန်ခဲ့သောသီးနှံကို ကောက်သိမ်းပါရစေ’ဟု လာ၍ခွင့်တောင်းပြီး မနက်ကတည်းက ယခုချိန်ထိ ကောက်သင်းကောက်ပါ၏။ ယခုမှသာ တဲတွင် ခဏနားနေပါသည်”ဟု ပြန်ပြောပြ၏။
8
ထိုအခါ ဗောဇက ရုသအား “ငါ့သမီး၊ နားထောင်ပါ။ အခြားလယ်ကွက်သို့သွား၍ ကောက်သင်းမကောက်နှင့်။ ဤနေရာမှ ထွက်မသွားနှင့်။ ငါ့အစေအပါးမိန်းကလေးတို့အနားမှာသာ နေပါ။
9
လုလင်တို့ ကောက်ရိတ်သောလယ်ကွက်ကိုကြည့်မှတ်၍ သူတို့နောက်သို့လိုက်ပါ။ သူတို့သည် သင့်ကို မထိပါးစေရန် ငါမှာထားပြီ။ ရေဆာလျှင် လုလင်တို့ ခပ်ထားသောရေအိုးထဲမှရေကို သွား၍ခပ်သောက်ပါ”ဟု ဆို၏။
10
ရုသကလည်း မြေမှာပျပ်ဝပ်လျက် “တစ်ပါးအမျိုးသားဖြစ်သောအကျွန်ုပ်ကို သခင်က အဘယ်ကြောင့် အသိအမှတ်ပြုမျက်နှာသာပေးပါသနည်း”ဟု မေးရာ
11
ဗောဇကလည်း “သင်သည် ခင်ပွန်းသည်သေဆုံးပြီးနောက် သင့်ယောက္ခမကို ပြုစုခဲ့ရကြောင်း၊ သင့်မိဘ၊ သင့်မွေးရပ်မြေကိုစွန့်ပြီး ယခင်က သင်မသိခဲ့ဖူးသောလူမျိုးတို့ထံ လာခဲ့ရကြောင်းကို ငါ အလုံးစုံကြားသိရပြီ။
12
သင်ပြုခဲ့သည့်အတိုင်း ထာဝရဘုရား သင့်အား ပြန်လည်ကျေးဇူးပြုပါစေသော။ သင်သည် အစ္စရေးလူမျိုးတို့၏ဘုရားသခင် ထာဝရဘုရား၏အတောင်တော်အရိပ်အောက်၌ လာရောက်ခိုလှုံသည်ဖြစ်၍ ထိုအရှင်ထံမှ အကျိုးကျေးဇူးကြွယ်ဝစွာ ခံစားရပါစေသော”ဟု ပြန်ပြော၏။
13
ရုသကလည်း “အကျွန်ုပ်၏သခင်၊ အကျွန်ုပ်သည် သခင့်ရှေ့တွင် မျက်နှာရပါစေ။ အကျွန်ုပ်သည် သခင်၏ကျွန်မတစ်ဦးမဟုတ်သော်လည်း သခင်သည် အကျွန်ုပ်အား ကြင်နာစွာစကားဆို၍နှစ်သိမ့်ပါပြီ”ဟု ပြန်ပြော၏။
14
စားသောက်ချိန်ရောက်သောအခါ ဗောဇက ရုသအား “မုန့် လာစားပါ။ မုန့်ကို ဝိုင်အချဉ်ရည်နှင့် တို့စားပါ”ဟု ဆိုသဖြင့် သူသည် ကောက်ရိတ်သမားတို့ထိုင်သောဘေးတွင် ဝင်ထိုင်၏။ ထိုအခါ ဗောဇက သူ့အား မုန့်ဆန်းကိုလှမ်းပေးသဖြင့် သူသည် ဝအောင်စားပြီး ကျန်သောမုန့်ကို သိမ်းထား၏။
15
ထို့နောက် သူသည် ကောက်သင်းကောက်ရန် ထသွားသောအခါ ဗောဇက ငယ်သားတို့အား “သူသည် ကောက်လှိုင်းများကြား၌ကောက်ယူလျှင်လည်း သူ့ကို အပြစ်မပြောကြနှင့်။
16
သင်တို့ရိတ်ထားသောကောက်ဆုပ်ထဲမှ ကောက်နှံအချို့ကို ချထားခဲ့ပါ။ သူကောက်ယူပါစေ။ သူ့ကို အပြစ်မပြောကြနှင့်”ဟု မှာထားလေ၏။
17
ရုသလည်း ညနေတိုင်အောင် လယ်ထဲ၌ကောက်သင်းကောက်ပြီး ကောက်ထားသောကောက်နှံကို ရိုက်ခြွေသောအခါ မုယောစပါးတစ်ဧဖာ ခန့် ရ၏။
18
သူသည် မြို့သို့ပြန်သွား၍ ကောက်သင်းကောက်ရာမှရခဲ့သောထိုမုယောစပါးကို ယောက္ခမအား ပြ၏။ ထို့ပြင် သူဝအောင်စားပြီးမှ ကျန်သေးသောမုန့်ကိုလည်း ယောက္ခမအား ပေး၏။
19
သူ့ယောက္ခမကလည်း “ယနေ့ သင် အဘယ်မှာကောက်သင်းကောက်ခဲ့သနည်း။ အဘယ်မှာ အလုပ်လုပ်ခဲ့သနည်း။ သင့်ကို ခွင့်ပြုသောသူသည် မင်္ဂလာရှိပါစေသော”ဟု ဆိုလျှင် သူက “ယနေ့ အကျွန်ုပ် အလုပ်လုပ်ခဲ့သောလယ်ကွက်ပိုင်ရှင်၏နာမည်မှာ ဗောဇ ဖြစ်၏”ဟု ဆိုပြီး သူအလုပ်လုပ်ခဲ့သောလယ်ကွက်ပိုင်ရှင်အကြောင်းကို သူ့ယောက္ခမအား ပြောပြ၏။
20
ထိုအခါ နောမိက သူ့ချွေးမအား “အသက်ရှင်သောသူ၊ သေသောသူတို့ကို မေတ္တာကရုဏာအစဉ်ထားတော်မူသော ထာဝရဘုရားသည် သူ့ကို ကောင်းချီးပေးပါစေသော။ သူသည် ငါတို့နှင့် ဆွေးမျိုးနီးစပ်သူ၊ ငါတို့ကို ရွေးနုတ်ခွင့်ရှိသူ ဖြစ်၏”ဟု ဆို၏။
21
မောဘအမျိုးသမီးရုသကလည်း “ထိုသူက ‘သီးနှံအားလုံးရိတ်သိမ်းပြီးသည်အထိ ငါ့ငယ်သားတို့အနားမှာသာ နေပါ’ဟူ၍ အကျွန်ုပ်အား ဆိုသေး၏”ဟု ပြောပြ၏။
22
နောမိကလည်း ချွေးမရုသအား “ငါ့သမီး၊ ထိုသူ၏အစေအပါးမိန်းကလေးတို့နှင့်အတူ အလုပ်လုပ်ရသည်မှာ ကောင်းပေ၏။ အခြားလယ်များတွင် လုပ်လျှင် အနှောင့်အယှက်ခံရနိုင်၏”ဟု ဆို၏။
23
ဤသို့ဖြင့် ရုသသည် မုယောစပါးရိတ်သိမ်းပြီးချိန်၊ ဂျုံရိတ်သိမ်းပြီးချိန်အထိ ဗောဇ၏အစေအပါးမိန်းကလေးတို့အနားတွင် ကောက်သင်းကောက်လေ၏။ ယောက္ခမနှင့်လည်း အတူနေထိုင်လေ၏။
← Chapter 1
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 3 →
All chapters:
1
2
3
4