bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese MSBU
/
Mark 14
Mark 14
Burmese MSBU
← Chapter 13
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 15 →
1
ပသခါပွဲတော်နှင့် တဆေးမဲ့မုန့်ပွဲတော်များကျရောက်ရန် နှစ်ရက်သာလိုတော့၏။ ယဇ်ပုရောဟိတ်အကြီးအကဲများနှင့် ကျမ်းပြုဆရာများသည် ယေရှုကို ပရိယာယ်အားဖြင့် မည်ကဲ့သို့ဖမ်းဆီးသတ်ဖြတ်ရမည်ကို ရှာကြံနေကြ၏။
2
သို့သော် သူတို့က “လူတို့ရုန်းရင်းဆန်ခတ်ဖြစ်မည်ကို စိုးရိမ်ရသည်ဖြစ်၍ ပွဲတော်အတွင်း မဖမ်းကြနှင့်”ဟု ပြောဆိုကြ၏။
3
ယေရှုသည် ဗေသနိရွာတွင် အနာကြီးရောဂါသည်ရှိမုန်၏အိမ်ထဲ၌ထိုင်၍ စားသောက်နေတော်မူစဉ် အမျိုးသမီးတစ်ဦးသည် အလွန်တန်ဖိုးကြီးသော နာဒုဆီမွှေးအစစ်ထည့်ထားသည့် ကျောက်ဖြူဘူးကိုယူဆောင်လာ၍ ထိုကျောက်ဖြူဘူးကိုခွဲပြီးလျှင် ကိုယ်တော်၏ခေါင်းပေါ်၌ ဆီမွှေးကို သွန်းလောင်းလေ၏။
4
ထိုအခါ လူအချို့တို့သည် စိတ်ဆိုးလျက် “အဘယ်ကြောင့် ဤဆီမွှေးကို ဖြုန်းတီးရသနည်း။
5
ဤဆီမွှေးကို ဒေနာရိသုံးရာကျော်နှင့်ရောင်း၍ ဆင်းရဲသားတို့ကို ပေးကမ်းနိုင်သည်”ဟု အချင်းချင်းပြောဆိုကာ ထိုအမျိုးသမီးကိုအပြစ်တင်ကြ၏။
6
သို့သော် ယေရှုက “သူပြုလိုရာပြုပါစေ။ သူ့ကို အဘယ်ကြောင့်နှောင့်ယှက်ကြသနည်း။ သူသည် ငါ၌ကောင်းသောအမှုကိုပြုလေပြီ။
7
အကြောင်းမူကား ဆင်းရဲသားတို့သည် သင်တို့၌ အစဉ်ရှိကြသည်ဖြစ်၍ သင်တို့အလိုရှိသည့်အခါ သူတို့ကိုကျေးဇူးပြုနိုင်၏။ ငါမူကား သင်တို့၌ အစဉ်ရှိသည်မဟုတ်။
8
သူသည် တတ်နိုင်သမျှကိုပြုခဲ့ပြီ။ သင်္ဂြိုဟ်ခြင်းအမှုအတွက် ငါ၏ကိုယ်ခန္ဓာကို ကြိုတင်၍ဆီမွှေးလိမ်းပြီ။
9
သင်တို့အား ငါအမှန်ဆိုမည်။ ကမ္ဘာတစ်ဝန်းလုံးတွင် ကောင်းမြတ်သောသတင်းကို ဟောပြောသည့်နေရာတိုင်း၌ ဤအမျိုးသမီးပြုခဲ့သောအမှုအရာကိုလည်း သူ၏အမှတ်တရအဖြစ် ပြောကြားကြလိမ့်မည်” ဟု မိန့်တော်မူ၏။
10
ထို့နောက် တစ်ဆယ့်နှစ်ပါးသောတပည့်တော်တို့ထဲမှတစ်ပါးဖြစ်သော ယုဒဣရှကာရုတ်သည် ယဇ်ပုရောဟိတ်အကြီးအကဲများလက်သို့ ကိုယ်တော်ကိုအပ်နှံရန် သူတို့ထံသို့သွားလေ၏။
11
သူတို့သည်ကြားလျှင် ဝမ်းမြောက်၍ သူ့ကိုငွေပေးမည်ဟု ကတိပေးကြ၏။ သူသည်လည်း သင့်လျော်သောအချိန်၌ ကိုယ်တော်ကိုအပ်နှံနိုင်ရန် နည်းလမ်းကိုရှာကြံလျက်နေ၏။
12
တဆေးမဲ့မုန့်ပွဲတော်၏ပထမနေ့တည်းဟူသော ပသခါပွဲတော်အတွက် သိုးသငယ်ကိုပူဇော်ရသောနေ့တွင် တပည့်တော်တို့က “ပသခါပွဲတော်ညစာကိုသုံးဆောင်ရန် အကျွန်ုပ်တို့အား မည်သည့်နေရာသို့သွား၍ ပြင်ဆင်စေလိုပါသနည်း”ဟု ကိုယ်တော်အား မေးလျှောက်ကြ၏။
13
ကိုယ်တော်ကလည်း တပည့်တော်နှစ်ပါးကိုစေလွှတ်၍ “မြို့ထဲသို့သွားကြလော့။ ထိုအခါ ရေအိုးထမ်းသောသူတစ်ဦးကို သင်တို့တွေ့ကြလိမ့်မည်။ ထိုသူ၏နောက်သို့လိုက်သွားကြပြီး
14
သူဝင်သွားသောအိမ်၏အိမ်ရှင်အား ‘ဆရာက ငါ၏တပည့်များနှင့်အတူ ပသခါပွဲတော်ညစာကိုစားမည့် ငါ့အခန်းသည် အဘယ်မှာရှိသနည်းဟု မေးလိုက်ပါ၏’ဟူ၍ ပြောကြလော့။
15
ထိုအခါ သူသည် အဆင်သင့်ခင်းကျင်းထားသောအပေါ်ထပ်ခန်းမကို သင်တို့အား ပြလိမ့်မည်။ ထိုနေရာ၌ ငါတို့အတွက် ပြင်ဆင်ကြလော့” ဟု မိန့်တော်မူ၏။
16
တပည့်တော်တို့သည်လည်း ထွက်သွား၍ မြို့ထဲသို့ဝင်ကြရာ သူတို့အား ကိုယ်တော်မိန့်တော်မူသည့်အတိုင်းတွေ့သဖြင့် ပသခါပွဲတော်ကို ပြင်ဆင်ကြ၏။
17
ညနေချမ်းအချိန်ရောက်သောအခါ ကိုယ်တော်သည် တစ်ဆယ့်နှစ်ပါးသောတပည့်တော်တို့နှင့်အတူ ကြွလာတော်မူ၏။
18
ထို့နောက် သူတို့သည် စားပွဲ၌ထိုင်လျက် စားသောက်နေကြစဉ် ယေရှုက “သင်တို့အား ငါအမှန်ဆိုသည်ကား ငါနှင့်အတူစားနေသော သင်တို့အထဲမှတစ်ဦးသည် ငါ့ကိုအပ်နှံလိမ့်မည်” ဟု မိန့်တော်မူ၏။
19
သူတို့သည် စိတ်မကောင်းဖြစ်လျက် “အကျွန်ုပ်လော”ဟု ကိုယ်တော်အား တစ်ယောက်ပြီးတစ်ယောက်မေးလျှောက်ကြ၏။
20
ကိုယ်တော်ကလည်း “တစ်ဆယ့်နှစ်ပါးသောသူတို့ထဲမှ တစ်ဦးဖြစ်ပြီး ငါနှင့်အတူတစ်ပန်းကန်ထဲတွင် လက်နှိုက်သောသူဖြစ်၏။
21
လူ့သားသည် မိမိနှင့်ပတ်သက်၍ရေးထားသည့်အတိုင်း သွားရမည်မှန်၏။ သို့သော် လူ့သားကိုအပ်နှံသောသူသည် အမင်္ဂလာရှိ၏။ ထိုသူသည် မမွေးဖွားလာခဲ့လျှင် သူ့အတွက် သာ၍ကောင်းပေလိမ့်မည်” ဟု မိန့်တော်မူ၏။
22
ထို့နောက် သူတို့စားလျက်နေကြစဉ် ကိုယ်တော်သည် မုန့်ကိုယူ၍ ကျေးဇူးတော်ချီးမွမ်းပြီးလျှင် မုန့်ကိုဖဲ့၍ သူတို့အားပေးလျက် “ယူကြလော့။ ဤမုန့်ကား ငါ၏ကိုယ်ခန္ဓာဖြစ်၏” ဟု မိန့်တော်မူ၏။
23
ခွက်ကိုလည်းယူ၍ ကျေးဇူးတော်ချီးမွမ်းပြီးလျှင် သူတို့အား ပေးတော်မူရာ သူတို့အားလုံးသည် ထိုခွက်ကိုသောက်ကြ၏။
24
ကိုယ်တော်ကလည်း “ဤသည်ကား လူများစွာအဖို့သွန်းလောင်းသည့် ပဋိညာဉ်နှင့်ဆိုင်သော ငါ၏သွေးဖြစ်၏။
25
သင်တို့အား ငါအမှန်ဆိုသည်ကား ဘုရားသခင်၏နိုင်ငံတော်၌ အသစ်ပြန်သောက်မည့် ထိုနေ့ရက်တိုင်အောင် စပျစ်သီးမှဖြစ်သောအရည်ကို ငါလုံးဝသောက်တော့မည်မဟုတ်” ဟု မိန့်တော်မူ၏။
26
ထို့နောက် သူတို့သည် ချီးမွမ်းသီချင်းသီဆိုပြီးမှ သံလွင်တောင်သို့ထွက်သွားကြ၏။
27
ထိုအခါ ယေရှုက “ ‘ငါသည် သိုးထိန်းကိုခုတ်သတ်သဖြင့် သိုးတို့သည် ကွဲလွင့်သွားကြရလိမ့်မည်’ ဟု ကျမ်းစာ၌ရေးထားသည်ဖြစ်၍ သင်တို့အားလုံးသည် စိတ်ပျက်ကြလိမ့်မည်။
28
သို့သော် ငါသည်ထမြောက်ပြီးနောက် ဂါလိလဲနယ်သို့ သင်တို့ထက်အလျင်ဦးစွာသွားနှင့်မည်” ဟု မိန့်တော်မူ၏။
29
ထိုအခါ ပေတရုက “အားလုံးစိတ်ပျက်ကြလျှင်လည်း အကျွန်ုပ်သည် စိတ်ပျက်မည်မဟုတ်ပါ”ဟု လျှောက်လေ၏။
30
ယေရှုကလည်း “သင့်အား ငါအမှန်ဆိုသည်ကား ယနေ့၊ ဤညတွင်ပင် ကြက်နှစ်ကြိမ်မတွန်မီ သင်သည် ငါ့ကို သုံးကြိမ်တိုင်တိုင်ငြင်းပယ်လိမ့်မည်” ဟု မိန့်တော်မူ၏။
31
သို့သော် ပေတရုက “အကျွန်ုပ်သည် ကိုယ်တော်အတွက်သေရလျှင်ပင် ကိုယ်တော်ကိုလုံးဝမငြင်းပယ်ပါ”ဟု အခိုင်အမာလျှောက်လေ၏။ တပည့်တော်အားလုံးတို့သည်လည်း ထိုနည်းတူလျှောက်ကြ၏။
32
ထို့နောက် သူတို့သည် ဂေသရှေမန်အမည်ရှိသောအရပ်သို့ ရောက်ကြ၏။ ကိုယ်တော်က “ငါဆုတောင်းစဉ်တွင် ဤနေရာ၌ ထိုင်နေကြလော့” ဟု တပည့်တော်တို့အား မိန့်တော်မူပြီးလျှင်
33
ပေတရု၊ ယာကုပ်နှင့် ယောဟန်တို့ကို မိမိနှင့်အတူခေါ်သွားတော်မူ၏။ ထိုအခါ ကိုယ်တော်သည် ဝမ်းနည်းပူဆွေးခြင်းနှင့် စိတ်ပူပန်ခြင်းရှိသဖြင့်
34
“ငါ၏စိတ်ဝိညာဉ်သည် သေလုမတတ် အလွန်ဝမ်းနည်းခြင်းရှိ၏။ ဤနေရာ၌နေ၍ သတိနှင့်စောင့်နေကြလော့” ဟု သူတို့အား မိန့်တော်မူ၏။
35
ထို့နောက် ရှေ့သို့အနည်းငယ်ကြွတော်မူပြီး မြေပေါ်၌ပျပ်ဝပ်လျက် ဖြစ်နိုင်လျှင် ဤအချိန်နာရီကို မိမိထံမှလွန်သွားစေမည့်အကြောင်း ဆုတောင်းကာ
36
“အို အဖခမည်းတော်၊ ကိုယ်တော်အတွက် အရာခပ်သိမ်းသည် ဖြစ်နိုင်ပါ၏။ ဤခွက်ကို အကျွန်ုပ်ထံမှ ဖယ်ရှားပေးတော်မူပါ။ သို့သော် အကျွန်ုပ်၏အလိုအတိုင်းမဟုတ်ဘဲ ကိုယ်တော်၏အလိုတော်အတိုင်းဖြစ်စေတော်မူပါ” ဟု တောင်းလျှောက်တော်မူ၏။
37
ထို့နောက် ပြန်လာ၍ သူတို့အိပ်ပျော်နေကြသည်ကိုတွေ့တော်မူလျှင် ပေတရုအား “ရှိမုန်၊ သင်သည် အိပ်ပျော်နေသလော။ တစ်နာရီမျှ သတိနှင့်မစောင့်နိုင်သလော။
38
ဖြားယောင်းသွေးဆောင်ရာထဲသို့ မကျရောက်စေရန် သတိနှင့်စောင့်နေလျက် ဆုတောင်းကြလော့။ စိတ်ဝိညာဉ်သည် ထက်သန်သော်လည်း ကိုယ်ကာယမူကား အားနည်း၏” ဟု မိန့်တော်မူ၏။
39
တစ်ဖန် ထွက်သွား၍ အထက်ကတောင်းလျှောက်ခဲ့သည့်အတိုင်း ဆုတောင်းပြီးမှ
40
နောက်တစ်ဖန် ပြန်လာ၍ တပည့်တော်တို့သည် မျက်စိလေးလံသဖြင့် အိပ်ပျော်နေကြသည်ကိုတွေ့တော်မူ၏။ သူတို့သည်လည်း ကိုယ်တော်အား မည်သို့လျှောက်ရမည်ကိုမသိကြ။
41
ထို့နောက် ကိုယ်တော်သည် တတိယအကြိမ်ပြန်လာ၍ “ယခုတိုင်အောင်အိပ်ပျော်လျက် အနားယူနေကြသလော။ တော်လောက်ပေ၏။ အချိန်ရောက်လာပြီ။ ကြည့်ရှုလော့။ လူ့သားသည် အပြစ်သားတို့၏လက်သို့ အပ်နှံခြင်းခံရတော့မည်။
42
ထကြ။ သွားကြစို့။ ငါ့ကိုအပ်နှံမည့်သူရောက်လာပြီ” ဟု မိန့်တော်မူ၏။
43
ထိုသို့ ကိုယ်တော်မိန့်တော်မူစဉ်၌ပင် တစ်ဆယ့်နှစ်ပါးသောတပည့်တော်တို့ထဲမှ တစ်ပါးဖြစ်သောယုဒသည် ရောက်လာ၏။ ယဇ်ပုရောဟိတ်အကြီးအကဲများ၊ ကျမ်းပြုဆရာများနှင့် သက်ကြီးဝါကြီးများကစေလွှတ်လိုက်သော လူအစုအဝေးတို့သည်လည်း တုတ်၊ ဓားများကိုင်ဆောင်လျက် သူနှင့်အတူပါလာ၏။
44
ကိုယ်တော်ကိုအပ်နှံသောသူက “ငါနမ်းသောသူသည် ယေရှုဖြစ်၏။ သူ့ကိုဖမ်းဆီး၍ လုံခြုံစွာခေါ်ဆောင်သွားကြလော့”ဟု ဆိုလျက် အချက်ပြအမှတ်အသားကို သူတို့အားပေးထား၏။
45
ထို့ကြောင့် သူသည် ရောက်လာသည်နှင့် ကိုယ်တော်ထံသို့ ချက်ချင်းချဉ်းကပ်၍ “ရဗ္ဗိ”ဟု ဆိုလျက် ကိုယ်တော်ကိုနမ်းလေ၏။
46
ထိုအခါ လူတို့သည် ကိုယ်တော်ကိုဖမ်းဆီးချုပ်ကိုင်ထားကြ၏။
47
ထိုစဉ် အနီး၌ရပ်နေသောသူတို့ထဲမှ တစ်ဦးသည် ဓားကိုဆွဲထုတ်လျက် ယဇ်ပုရောဟိတ်မင်း၏အစေအပါးတစ်ဦးကိုခုတ်သဖြင့် ထိုသူ၏နားရွက်ပြတ်သွားလေ၏။
48
ယေရှုက ထိုသူတို့အား “သင်တို့သည် ဓားပြကိုဖမ်းသကဲ့သို့ တုတ်၊ ဓားများကိုင်ဆောင်လျက် ငါ့ကိုဖမ်းဆီးရန်လာကြသလော။
49
ငါသည် နေ့တိုင်း သင်တို့နှင့်အတူရှိလျက် ဗိမာန်တော်၌သွန်သင်နေခဲ့သော်လည်း သင်တို့သည် ငါ့ကိုမဖမ်းဆီးကြ။ သို့သော် ဤသို့ဖြစ်ခြင်းမှာ ကျမ်းစာပြည့်စုံခြင်းသို့ရောက်မည့်အကြောင်းတည်း” ဟု မိန့်တော်မူ၏။
50
ထိုအခါ တပည့်တော်အားလုံးသည် ကိုယ်တော်ကိုထားခဲ့၍ ထွက်ပြေးကြ၏။
51
လူငယ်တစ်ဦးသည် မိမိကိုယ်ပေါ်တွင် ပိတ်ချောထည်ကိုသာခြုံလျက် ကိုယ်တော်၏နောက်သို့လိုက်သွားရာ လူတို့သည် သူ့ကိုဖမ်းဆီးကြ၏။
52
သို့သော် သူသည် ပိတ်ချောထည်ကိုထားခဲ့၍ အဝတ်မပါဘဲထွက်ပြေးသွားလေ၏။
53
ထို့နောက် သူတို့သည် ယေရှုကို ယဇ်ပုရောဟိတ်မင်းထံသို့ ခေါ်ဆောင်သွားကြရာ ယဇ်ပုရောဟိတ်အကြီးအကဲများ၊ သက်ကြီးဝါကြီးများနှင့်ကျမ်းပြုဆရာများအားလုံးသည် စုဝေးလာကြ၏။
54
ပေတရုသည်လည်း ယဇ်ပုရောဟိတ်မင်း၏ခြံဝင်းအတွင်းထဲအထိ ကိုယ်တော့်နောက်သို့ မလှမ်းမကမ်းမှလိုက်သွားကာ အစောင့်တပ်သားများနှင့်အတူထိုင်လျက် မီးလှုံနေ၏။
55
ယဇ်ပုရောဟိတ်အကြီးအကဲများနှင့် တရားလွှတ်တော်အဖွဲ့ဝင်အားလုံးသည် ယေရှုကိုသေဒဏ်ချမှတ်နိုင်ရန် ကိုယ်တော်ကိုဆန့်ကျင်ထွက်ဆိုမည့်သက်သေကို ရှာကြသော်လည်း မတွေ့ကြ။
56
အကြောင်းမူကား လူများစွာတို့သည် ကိုယ်တော်၏တစ်ဖက်၌ မမှန်သောသက်သေထွက်ဆိုကြသော်လည်း သူတို့၏သက်သေခံချက်များသည် ကိုက်ညီမှုမရှိကြပေ။
57
ထိုအခါ လူအချို့တို့သည်ထ၍ ကိုယ်တော်၏တစ်ဖက်၌ မမှန်သောသက်သေထွက်ဆိုလျက်
58
“ဤသူက ‘ငါသည် လူ့လက်ဖြင့်တည်ဆောက်သော ဤဗိမာန်တော်ကိုဖြိုဖျက်၍ လူ့လက်ဖြင့်မတည်ဆောက်သော အခြားဗိမာန်တော်ကို သုံးရက်အတွင်းတည်ဆောက်မည်’ဟု ပြောဆိုသည်ကို အကျွန်ုပ်တို့ကြားရပါသည်”ဟု ဆိုကြ၏။
59
သို့သော် သူတို့၏သက်သေခံချက်သည်လည်း အလားတူပင်ကိုက်ညီမှုမရှိပေ။
60
ထိုအခါ ယဇ်ပုရောဟိတ်မင်းသည် သူတို့ရှေ့၌ထ၍ “သင်သည် တစ်ခွန်းမျှမဖြေဘဲနေသလော။ ဤသူတို့သည် သင့်တစ်ဖက်၌ သက်သေခံကြသည်မှာ မည်သို့နည်း”ဟု ယေရှုအားမေးလေ၏။
61
သို့သော် ကိုယ်တော်သည် တစ်ခွန်းမျှမဖြေကြားဘဲ တိတ်ဆိတ်စွာနေတော်မူ၏။ တစ်ဖန် ယဇ်ပုရောဟိတ်မင်းက “သင်သည် မင်္ဂလာရှိသောအရှင်၏သားတော်တည်းဟူသော ခရစ်တော်ဖြစ်သလော”ဟု မေးလေ၏။
62
ယေရှုကလည်း “ငါဖြစ်၏။ လူ့သားသည် တန်ခိုးတော်၏လက်ယာဘက်၌ထိုင်လျက် ကောင်းကင်မိုးတိမ်များဖြင့်ကြွလာသည်ကို သင်တို့မြင်ရကြလိမ့်မည်” ဟု မိန့်တော်မူ၏။
63
ထိုအခါ ယဇ်ပုရောဟိတ်မင်းသည် မိမိ၏အဝတ်ကိုဆုတ်ဖြဲလျက် “နောက်ထပ် မည်သည့်သက်သေများလိုသေးသနည်း။
64
ဘုရားသခင်အားစော်ကားပြောဆိုသောစကားကို သင်တို့ကြားရကြပြီ။ သင်တို့မည်သို့ထင်မြင်ကြသနည်း”ဟု ဆိုသော် သူတို့အားလုံးသည် ကိုယ်တော်ကို သေဒဏ်ခံထိုက်သည်ဟု စီရင်ကြ၏။
65
ထို့နောက် အချို့တို့သည် ကိုယ်တော်ကိုတံတွေးနှင့်ထွေးလျက် မျက်နှာတော်ကိုဖုံးအုပ်ပြီးလျှင် ကိုယ်တော်ကိုထိုးနှက်ကာ “ဟောကြည့်ပါ”ဟု ဆိုကြ၏။ အစောင့်တပ်သားများသည်လည်း ကိုယ်တော်ကိုခေါ်သွား၍ ရိုက်ပုတ်ကြ၏။
66
ပေတရုသည် ခြံဝင်းအောက်ဘက်၌ရှိစဉ် ယဇ်ပုရောဟိတ်မင်း၏အစေခံမိန်းမတစ်ဦးသည်လာ၍
67
မီးလှုံနေသောပေတရုကိုတွေ့လျှင် သူ့ကိုစူးစိုက်ကြည့်လျက် “သင်သည်လည်း နာဇရက်မြို့သားယေရှုနှင့်အတူရှိခဲ့သည်”ဟု ဆို၏။
68
သို့သော် ပေတရုသည် “သင်ပြောနေသည့်အရာကို ငါမသိ၊ နားလည်းမလည်”ဟု ငြင်းဆိုလျက် ခြံအဝင်ဝဘက်သို့ထွက်သွားရာ ကြက်တွန်လေ၏။
69
ထို့နောက် ထိုအစေခံမိန်းမသည် ပေတရုကို နောက်တစ်ဖန်တွေ့သဖြင့် အနီး၌ရပ်နေသောသူတို့အား “ဤသူသည် သူတို့ထဲကတစ်ဦးဖြစ်သည်”ဟု ဆို၏။
70
သို့သော် ပေတရုသည် တစ်ဖန်ငြင်းဆိုလေ၏။ ထို့နောက် ခဏကြာလျှင် အနီး၌ရပ်နေသောသူတို့က “သင်သည် အမှန်ပင် သူတို့အထဲမှတစ်ဦးဖြစ်၏။ အကြောင်းမူကား သင်သည်လည်း ဂါလိလဲနယ်သားဖြစ်၏”ဟု ထပ်၍ ပေတရုအားဆိုကြ၏။
71
ပေတရုကလည်း “သင်တို့ပြောနေသည့်လူကို ငါမသိ”ဟု တိုင်တည်၍ကျိန်ဆိုလေ၏။
72
ထိုခဏချင်းတွင် ဒုတိယအကြိမ် ကြက်တွန်လေ၏။ ထိုအခါ ပေတရုသည် “ကြက်နှစ်ကြိမ်မတွန်မီ သင်သည် ငါ့ကို သုံးကြိမ်တိုင်တိုင်ငြင်းပယ်လိမ့်မည်” ဟု ယေရှုမိန့်တော်မူခဲ့သောစကားကို သတိရသဖြင့် ချုံးပွဲချငိုကြွေးလေ၏။
← Chapter 13
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 15 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16