bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese MSBU
/
Daniel 4
Daniel 4
Burmese MSBU
← Chapter 3
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 5 →
1
နိုင်ငံအသီးသီးမှ ဘာသာစကားအမျိုးမျိုးကိုပြောဆိုသော ကမ္ဘာအရပ်ရပ်ရှိလူမျိုးအပေါင်းတို့ထံသို့ ငါနေဗုခဒ်နေဇာမင်းကြီး ပြောကြားလိုက်ပါ၏။ သင်တို့ ကြီးပွားတိုးတက်ကြပါစေသော။
2
ငါ့အား အမြင့်ဆုံးသောဘုရားသခင် ပြတော်မူသော နိမိတ်လက္ခဏာ၊ အံ့ဖွယ်အမှုတို့ကို ဖော်ပြလိုပါ၏။
3
ကိုယ်တော်ပြုတော်မူသောနိမိတ်လက္ခဏာသည် ကြီးမားလှပါ၏။ အံ့ဖွယ်သောအမှုတို့သည်လည်း တန်ခိုးပါရှိ၏။ နိုင်ငံတော်သည် ထာဝရတည်သောနိုင်ငံ ဖြစ်၏။ အာဏာစက်သည် ကာလအစဉ်အဆက် တည်တော်မူ၏။
4
ငါနေဗုခဒ်နေဇာမင်းကြီးသည် ငါ့စံအိမ်တွင် နားနားနေနေရှိစဉ်၊ ငါ့နန်းတော်တွင် စည်းစိမ်ခံစားလျက်နေစဉ်၊
5
အိပ်မက်တစ်ခုကို မြင်မက်၏။ ထိုအိပ်မက်သည် ငါ့ကို ခြောက်လှန့်၏။ သလွန်တော်ပေါ်တွင်လဲလျောင်းနေစဉ် တွေးမိသောအတွေး၊ စိတ်အာရုံတွင် မြင်ရသောအရာတို့က ငါ့ကို ထိတ်လန့်စေ၏။
6
ထို့ကြောင့် အိပ်မက်၏အနက်အဓိပ္ပာယ်ကို ငါ့အား ဖော်ပြရန် ဘေဘီလုံပညာရှိအပေါင်းတို့ကို ငါ့ရှေ့မှောက်သို့ သွင်းစေဟု အမိန့်ထုတ်ပြန်လိုက်၏။
7
မှော်ဆရာများ၊ ဗေဒင်ဆရာများ၊ ခါလဒဲပညာရှိများ၊ နက္ခတ်ဗေဒပညာရှင်များအား ငါ့အိပ်မက်ကို ပြောပြသော်လည်း မည်သူမျှအိပ်မက်အနက်အဓိပ္ပာယ်ကို မဖော်ပြပေးနိုင်ကြ။
8
နောက်ဆုံးတွင် သန့်ရှင်းသောဘုရားများ၏ဝိညာဉ်နှင့်ပြည့်သော၊ ငါ့ဘုရား၏နာမအတိုင်း အမည်သစ်ရသောဗေလတရှာဇာ ခေါ် ဒံယေလသည် ငါ့ထံရောက်လာ၏။ ငါသည်လည်း သူ့အား
9
“အို မှော်ဆရာချုပ်ကြီးဗေလတရှာဇာ၊ သင်၌ သန့်ရှင်းသောဘုရားများ၏ဝိညာဉ်တည်သောကြောင့် မည်သည့်နက်နဲသောအရာမျှ သင့်အတွက် မခက်ခဲကြောင်းကို ငါသိ၏။ ထို့ကြောင့် စိတ်အာရုံတွင် ငါမြင်မက်သောအိပ်မက်နှင့် အနက်အဓိပ္ပာယ်ကို ဖော်ပြပါလော့။
10
ငါသည် သလွန်တော်ပေါ်တွင် တွေးတောလျက်နေစဉ် စိတ်အာရုံတွင် ကမ္ဘာမြေကြီး၏အလယ်ဗဟို၌ အလွန်မြင့်မားသောသစ်ပင်တစ်ပင်ကို ငါမြင်ရ၏။
11
ထိုအပင်သည် ရှင်သန်ကြီးထွားလျက် မိုးထိအောင်မြင့်သဖြင့် မြေကြီးစွန်းမှပင် ထီးထီးကြီးမြင်ရ၏။
12
အရွက်များ ဝေဆာလှပပြီး အသီးလည်း လှိုင်လှိုင်သီးသောကြောင့် ထိုအပင်ကို မှီခိုသောသတ္တဝါအားလုံး စားစရာရရှိကြ၏။ တောတိရစ္ဆာန်တို့သည် ထိုအပင်အောက်၌ အရိပ်ခိုကြပြီး မိုးကောင်းကင်ငှက်တို့သည်လည်း ထိုအပင်၏အကိုင်းအခက်များတွင် အသိုက်ကိုလုပ်ကြ၏။ သက်ရှိသတ္တဝါအားလုံးတို့သည် ထိုအပင်ကို မှီခိုစားသုံးကြ၏။
13
သလွန်တော်ပေါ်တွင် တွေးတောလျက်နေစဉ် တစ်ဖန် စိတ်အာရုံတွင် မြင်ရပြန်၏။ သန့်ရှင်းသူကောင်းကင်တမန်တစ်ပါးသည် ကောင်းကင်မှဆင်းသက်လာပြီး
14
ကျယ်လောင်စွာ အော်ဟစ်လျက် ‘ဤသစ်ပင်ကို ခုတ်လှဲပစ်လော့။ အကိုင်းအခက်များကိုလည်း ခုတ်ဖြတ်ပစ်လော့။ အရွက်များကို ခြွေချပြီး အသီးများကိုလည်း ဖြန့်ကြဲပစ်လော့။ တောတိရစ္ဆာန်တို့သည် ထိုအပင်အောက်မှလည်းကောင်း၊ ငှက်တို့သည် အကိုင်းအခက်တို့မှလည်းကောင်း ထွက်ပြေးကြပါစေ။
15
မြေတွင်စွဲနေသောအမြစ်နှင့်အငုတ်ကို သံကြိုး၊ ကြေးနီတို့ဖြင့် ချည်နှောင်၍ မြက်နုများပေါက်ရာကွင်းပြင်တွင် ချန်ထားလော့။ မိုးကောင်းကင်နှင်းများ စိုပါစေ။ တိရစ္ဆာန်တို့နှင့်အတူ မြက်ပင်ကို အတူစားစေ။
16
ခုနစ်နှစ်ပတ်လုံး လူစိတ်ပျောက်၍ တိရစ္ဆာန်စိတ်ဖြင့် နေထိုင်စေ။
17
ဤသည်ကား ကောင်းကင်တမန်တို့ကြေညာသော စီရင်ချက်ဖြစ်၏။ သန့်ရှင်းသူတို့၏စကားလည်း ဖြစ်၏။ အမြင့်ဆုံးသောအရှင်သည် လူ့ပြည်ကိုအုပ်စိုး၍ အလိုတော်ရှိသောသူအား ပေးတော်မူကြောင်းနှင့် အနိမ့်ဆုံးသောသူကိုပင် အုပ်စိုးခွင့်ပေးတော်မူကြောင်းကို အသက်ရှင်သူတို့ သိစေရန် ဖြစ်၏’ဟု ဆိုလေ၏။
18
ဤသည်ကား ငါနေဗုခဒ်နေဇာမင်းကြီး မြင်မက်သောအိပ်မက်ဖြစ်၏။ ယခုတွင် အသင်ဗေလတရှာဇာ၊ ငါ့အိပ်မက်၏အနက်အဓိပ္ပာယ်ကို ဖော်ပြပါလော့။ ငါ့နိုင်ငံမှ ပညာရှိအပေါင်းတို့သည် ငါ့အိပ်မက်အနက်အဓိပ္ပာယ်ကို မဖော်ပြနိုင်ကြ။ သင်မူကား သန့်ရှင်းသောဘုရားများ၏ဝိညာဉ်သည် သင်၌တည်သောကြောင့် ဖော်ပြနိုင်လိမ့်မည်”ဟု မိန့်ဆို၏။
19
ဗေလတရှာဇာ ခေါ် ဒံယေလလည်း အနည်းငယ်မျှတွေဝေနေ၏။ တွေးပြီး ထိတ်လန့်နေ၏။ ရှင်ဘုရင်ကလည်း “ဗေလတရှာဇာ၊ အိပ်မက်နှင့် အိပ်မက်အနက်အဓိပ္ပာယ် ဖော်ပြရမည်ကို မစိုးရိမ်ပါနှင့်”ဟု မိန့်ဆိုလျှင် ဗေလတရှာဇာက “အရှင်မင်းကြီး၊ ဤအိပ်မက်သည် မင်းကြီးကိုမုန်းသောသူများအတွက်သာ ဖြစ်ပါစေသော၊ အိပ်မက်အနက်အဓိပ္ပာယ်သည်လည်း မင်းကြီး၏ရန်သူများအတွက်သာ ဖြစ်ပါစေသော။
20
အရှင်မင်းကြီးမြင်မက်သော၊ ရှင်သန်ကြီးထွားလျက် မိုးထိအောင်မြင့်သဖြင့် မြေကြီးစွန်းမှ ထီးထီးကြီးမြင်ရသော၊
21
အရွက်များ ဝေဆာလှပပြီး အသီးလည်း လှိုင်လှိုင်သီးသောကြောင့် မှီခိုသောသတ္တဝါအားလုံးအဖို့ စားစရာရရှိစေသော၊ တောတိရစ္ဆာန်တို့သည် အရိပ်၌ခိုကြပြီး မိုးကောင်းကင်ငှက်တို့သည်လည်း အကိုင်းအခက်များတွင်အသိုက်လုပ်၍ရသော ထိုအပင်သည်ကား
22
အရှင်မင်းကြီးပင် ဖြစ်၏။ အရှင်သည် တိုးပွားချမ်းသာ၍ အင်အားကြီးမားပါ၏။ အရှင်၏ဘုန်းတန်ခိုးသည် မိုးထိအောင် ရောက်ပါ၏။ အာဏာစက်သည်လည်း မြေကြီးစွန်းထိ ရောက်ပါ၏။
23
ထို့ပြင် သန့်ရှင်းသူကောင်းကင်တမန်တစ်ပါးသည် ကောင်းကင်မှဆင်းသက်လာပြီး ‘ဤသစ်ပင်ကို ခုတ်လှဲဖျက်ဆီးပစ်လော့။ သို့သော် မြေကြီးထဲစွဲနေသောအမြစ်နှင့်အငုတ်ကို သံကြိုး၊ ကြေးနီတို့ဖြင့် ချည်နှောင်၍ မြက်နုများပေါက်ရာကွင်းပြင်တွင် ချန်ထားလော့။ မိုးကောင်းကင်နှင်းများ စိုပါစေ။ တောတိရစ္ဆာန်တို့နှင့်အတူ ခုနစ်နှစ်ပတ်လုံး မြက်ပင်ကို အတူစားပါစေ’ဟု မိန့်ဆိုသည်ကို အရှင်မင်းကြီး မြင်မက်ပါ၏။
24
အို အရှင်မင်းကြီး၊ အရှင်မင်းကြီး၏အိပ်မက်အနက်အဓိပ္ပာယ်နှင့် အကျွန်ုပ်၏အရှင်မင်းကြီးအပေါ် ကျရောက်လာမည့် အမြင့်ဆုံးသောအရှင်၏အမိန့်တော်ကား ဤသို့ ဖြစ်၏။
25
အရှင်မင်းကြီးသည် လူ့အသိုင်းအဝိုင်းမှ နှင်ထုတ်ခံရပြီး တောတိရစ္ဆာန်တို့နှင့်အတူ နေထိုင်ရလိမ့်မည်။ နွားကဲ့သို့ မြက်ကိုစားရလိမ့်မည်။ မိုးကောင်းကင်နှင်းများနှင့် စိုလျက်နေလိမ့်မည်။ အမြင့်ဆုံးသောအရှင်သည် လူ့ပြည်ကိုအုပ်စိုး၍ အလိုတော်ရှိသောသူကို ပေးတော်မူကြောင်း အရှင်မင်းကြီး သိမှတ်သည့်တိုင်အောင် ခုနစ်နှစ်ပတ်လုံး နေထိုင်ကျော်လွှားရလိမ့်မည်။
26
သစ်ပင်၏အမြစ်နှင့်အငုတ်ကို ချန်ထားရန် မှာထားခြင်းမှာ ကောင်းကင်ဘုံရှင်သည် အုပ်စိုးပိုင်သသူဖြစ်ကြောင်းကို အရှင်သိမှတ်တော်မူသောအခါ အရှင့်နိုင်ငံအား ပြန်အုပ်ချုပ်ရမည်ကို ဆိုလိုပါ၏။
27
သို့ဖြစ်၍ အို အရှင်မင်းကြီး၊ အကျွန်ုပ်အကြံပေးသည်ကို လက်ခံပါ။ ဖြောင့်မတ်စွာပြု၍ အပြစ်ကိုရှောင်ကြဉ်ပါ။ ဆင်းရဲသားတို့ကို သနား၍ မတရားမှုများကို စွန့်ပစ်ပါ။ သို့ပြုလျှင် မင်းကြီး၏နန်းစည်းစိမ်သည် တာရှည်တည်ပါလိမ့်မည်”ဟု ပြန်လျှောက်လေ၏။
28
ဤသို့လျှောက်ထားသောအရာအားလုံးသည်လည်း နေဗုခဒ်နေဇာမင်းကြီး၌ ဖြစ်ပျက်လာလေ၏။
29
ထိုမှ တစ်ဆယ့်နှစ်လလွန်သော် မင်းကြီးသည် ဘေဘီလုံနန်းတော်ပေါ်တွင် လမ်းလျှောက်ရင်း
30
“ဤဘေဘီလုံမြို့ကြီးသည် ငါ၏ခန့်ညားသောဂုဏ်သရေကို ထင်ဟပ်ပြရာ မင်းမြို့တော်အဖြစ် ငါ့အစွမ်းသတ္တိ၊ ငါ့တန်ခိုးအာဏာဖြင့် တည်ဆောက်ခဲ့သောမြို့ကြီးဖြစ်သည် မဟုတ်လော”ဟု မြွက်ဆို၏။
31
ထိုသို့မြွက်ဆို၍ မဆုံးမီပင် “နေဗုခဒ်နေဇာမင်းကြီး၊ သင့်အတွက် အမိန့်တော်ကား နိုင်ငံတော်ကို သင့်ထံမှ ရုပ်သိမ်းလိုက်ပြီ။
32
သင်သည် လူ့အသိုင်းအဝိုင်းမှ နှင်ထုတ်ခြင်းခံရပြီး တောတိရစ္ဆာန်တို့နှင့်အတူ နေထိုင်ရမည်။ နွားကဲ့သို့ မြက်ကိုစားရမည်။ အမြင့်ဆုံးသောအရှင်သည် လူ့ပြည်ကိုအုပ်စိုး၍ အလိုတော်ရှိသောသူကို ပေးတော်မူကြောင်း သင်သိမှတ်သည့်တိုင်အောင် ခုနစ်နှစ်ပတ်လုံး နေထိုင်ကျော်လွှားရမည်”ဟု ကောင်းကင်မှ အသံတော်ရောက်လာ၏။
33
ထိုခဏချင်းတွင် နေဗုခဒ်နေဇာမင်းကြီး၌ အမိန့်တော်အတိုင်း ဖြစ်ပျက်လေ၏။ သူသည် လူ့အသိုင်းအဝိုင်းမှ နှင်ထုတ်ခြင်းခံရ၍ နွားကဲ့သို့ မြက်ကိုစားရ၏။ သူ့အမွေးတို့သည် လင်းယုန်ငှက်အမွေးကဲ့သို့ ရှည်လာ၍ လက်သည်းခြေသည်းတို့သည်လည်း ငှက်ခြေသည်းကဲ့သို့ ဖြစ်လာသည့်တိုင်အောင် သူ့ကိုယ်သည် ကောင်းကင်နှင်းစက်ဖြင့် စိုစွတ်လျက်နေရ၏။
34
အချိန်စေ့သောအခါ ငါနေဗုခဒ်နေဇာမင်းကြီးသည် ကောင်းကင်သို့မော့ကြည့်၍ လူ့စိတ်ပြန်ဝင်လေ၏။ ထို့ကြောင့် အမြင့်ဆုံးသောအရှင်ကို ချီးမွမ်း၏။ ထာဝရအသက်ရှင်တော်မူသောအရှင်၏ဂုဏ်တော်၊ ဘုန်းအသရေတော်ကို ချီးမြှောက်၏။ ကိုယ်တော်၏အာဏာစက်သည် ထာဝရအာဏာစက် ဖြစ်၏။ ကိုယ်တော်၏နိုင်ငံတော်သည်လည်း ကာလအစဉ်တည်၏။
35
မြေကြီးသားတို့ကို ဘာမျှမဟုတ်သောအရာကဲ့သို့ မှတ်တော်မူ၏။ ကောင်းကင်သားကိုဖြစ်စေ၊ မြေကြီးသားကိုဖြစ်စေ အလိုရှိသည့်အတိုင်း ပြုတော်မူ၏။ ကိုယ်တော်၏လက်တော်ကို ဆီးတားနိုင်သောသူမရှိ။ “ကိုယ်တော် မည်သို့ပြုဘိသနည်း”ဟု ဆိုနိုင်သောသူမရှိ။
36
ငါ လူစိတ်ပြန်ဝင်သောအချိန်တွင် ငါ့နိုင်ငံတော်ကြီး ကျက်သရေရှိစေရန် ခန့်ညားထည်ဝါသောငါ့အရိုက်အရာကိုလည်း ငါပြန်လည်ရရှိ၏။ မင်းအတိုင်ပင်ခံများ၊ မှူးမတ်များလည်း ငါ့အားရှာဖွေ၍ ထီးနန်းကိုပြန်လည်အပ်နှင်းပေးကြ၏။ ငါ့ဘုန်းတန်ခိုးသည်လည်း တိုးသည်ထက်တိုးလေ၏။
37
ယခုတွင် ငါနေဗုခဒ်နေဇာမင်းကြီးသည် ကောင်းကင်ဘုံရှင်ဘုရင်ကို ချီးမွမ်းထောမနာပြုပါ၏၊ ချီးမြှောက်ပါ၏။ ကိုယ်တော်ပြုတော်မူသောအမှုသည် သစ္စာတော်နှင့်ပြည့်စုံတော်မူပါ၏။ ကိုယ်တော်၏နည်းလမ်းတော်တို့သည် တရားမျှတတော်မူ၏။ ကိုယ်တော်သည် မာနထောင်လွှားသောသူတို့ကို နှိမ့်ချနိုင်စွမ်းရှိတော်မူပါ၏။
← Chapter 3
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 5 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12