bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese MSBU
/
Daniel 6
Daniel 6
Burmese MSBU
← Chapter 5
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 7 →
1
ဒါရိမင်းကြီးသည် နိုင်ငံကိုအုပ်ချုပ်မည့်အရာရှိ တစ်ရာ့နှစ်ဆယ်ကို နိုင်ငံတစ်ဝန်းလုံးတွင် ခန့်ထားရန်အလိုရှိ၏။
2
ထိုသူတို့အထက်တွင် ဒံယေလအပါအဝင် အုပ်ချုပ်ရေးမှူးသုံးဦးကို ခန့်ထား၏။ ဘုရင်၏အကျိုးမယုတ်စေရန် အမှုကိစ္စတို့ကို အုပ်ချုပ်ရေးအရာရှိတို့က အုပ်ချုပ်ရေးမှူးသုံးဦးထံ အစီရင်ခံတင်ပြရ၏။
3
ဒံယေလတွင် ထူးကဲသောဝိညာဉ်ရှိ၍ အခြားအုပ်ချုပ်ရေးမှူး၊ အုပ်ချုပ်ရေးအရာရှိတို့ထက် ထူးချွန်ထက်မြက်သောကြောင့် ရှင်ဘုရင်သည် သူ့အား နိုင်ငံတော်တစ်ခုလုံးကို အုပ်ချုပ်စေမည်ဟု အကြံရှိ၏။
4
ထိုအခါ အခြားအုပ်ချုပ်ရေးမှူးနှင့် အုပ်ချုပ်ရေးအရာရှိတို့သည် နိုင်ငံအရေးနှင့်ပတ်သက်၍ ဒံယေလကို စွပ်စွဲနိုင်ရန် သူ၏အမှားကို ရှာကြံကြ၏။ သို့သော် ဒံယေလသည် သစ္စာရှိသူဖြစ်သည်နှင့်အညီ သူ၌ မှားယွင်းမှု၊ ပေါ့ဆမှုတစ်စုံတစ်ရာမျှမရှိ။ သူ၌အမှားမတွေ့သောကြောင့် သူ့ကိုစွပ်စွဲ၍မရကြ။
5
နောက်ဆုံးတွင် သူတို့က “ဒံယေလကို သူ့ဘုရားသခင်၏ပညတ်တရားနှင့်ပတ်သက်သောစွပ်စွဲချက်မှတစ်ပါး အခြားစွပ်စွဲချက်ကို ရှာတွေ့နိုင်မည်မဟုတ်”ဟု ပြောဆိုကြ၏။
6
ထို့နောက် အုပ်ချုပ်ရေးမှူးများနှင့် အုပ်ချုပ်ရေးအရာရှိများ အတူတကွစုရုံးကာ ရှင်ဘုရင်ထံသို့သွားပြီး “အို ဒါရိမင်းကြီး၊ သက်တော်ထာဝရရှည်ပါစေသော။
7
အရှင်မင်းကြီး၊ ဤရက်သုံးဆယ်အတွင်း အရှင်မင်းကြီးမှလွဲ၍ အခြားဘုရားကိုဖြစ်စေ၊ လူကိုဖြစ်စေ အသနားခံဆုတောင်းသောသူ မည်သူမဆို ခြင်္သေ့တွင်းထဲသို့ ပစ်ချခြင်းခံရမည်ဟူသောတားမြစ်အမိန့်ကို အတည်ပြုအမိန့်ထုတ်ပြန်စေလိုပါသည်ဟု နိုင်ငံအကြီးအကဲများဖြစ်သည့်အုပ်ချုပ်ရေးမှူးများနှင့် အုပ်ချုပ်ရေးအရာရှိများ၊ မင်းအတိုင်ပင်ခံများ၊ ဘုရင်ခံများအားလုံးသဘောတူတိုင်ပင်ကြပါ၏။
8
အို အရှင်မင်းကြီး၊ မေဒိနှင့် ပါးရှားတို့၏ပယ်ဖျက်၍မရနိုင်သောဥပဒေသအတိုင်း ဤအမိန့်စာကို ယခု အတည်ပြုလက်မှတ်ရေးထိုးတော်မူပါ”ဟု လျှောက်တင်ကြသောကြောင့်
9
ဒါရိမင်းကြီးလည်း ထိုအမိန့်စာကို လက်မှတ်ရေးထိုးလေ၏။
10
ထိုအမိန့်စာကို ဒါရိမင်းကြီးလက်မှတ်ရေးထိုးကြောင်း ဒံယေလကြားသိသော်လည်း သူသည် အိမ်သို့ပြန်၍အပေါ်ထပ် မိမိအခန်းသို့ဝင်ကာ ဂျေရုဆလင်မြို့ဘက်သို့မျက်နှာမူထားသော ပြတင်းပေါက်ကိုဖွင့်ပြီး ဘုရားသခင်ရှေ့တော်တွင် ယခင်ကတစ်နေ့သုံးကြိမ်ဒူးထောက်ဆုတောင်းခဲ့သည့်အတိုင်း ဆုတောင်းလျက်ကျေးဇူးတော်ကို ချီးမွမ်းလေ၏။
11
ထိုအခါ လူတို့သည် အုပ်စုလိုက်ရောက်လာ၍ ဒံယေလသည် မိမိဘုရားသခင်ရှေ့တော်တွင် ဆုတောင်းအသနားခံနေသည်ကို တွေ့သောအခါ
12
ရှင်ဘုရင်ထံသို့သွားပြီးလျှင် ရှင်ဘုရင်ထုတ်ပြန်ထားသောအမိန့်နှင့်ပတ်သက်၍ “အရှင်မင်းကြီး၊ ဤရက်သုံးဆယ်အတွင်း အရှင်မင်းကြီးမှလွဲ၍ အခြားဘုရားကိုဖြစ်စေ၊ လူကိုဖြစ်စေ အသနားခံဆုတောင်းသောသူ မည်သူမဆို ခြင်္သေ့တွင်းထဲသို့ ပစ်ချခြင်းခံရမည်ဟူသောအမိန့်ကို လက်မှတ်ရေးထိုးထားပြီမဟုတ်ပါလော၊ အရှင်မင်းကြီး”ဟု မေးလျှောက်ကြလျှင် မင်းကြီးက “မေဒိနှင့်ပါးရှားတို့၏ပယ်ဖျက်၍မရသောဥပဒေအတိုင်း ဤကိစ္စမှာ မှန်ကန်၏”ဟု ပြန်လည်မိန့်ဆို၏။
13
ထိုအခါ သူတို့က “အရှင်မင်းကြီး၊ ယုဒလူမျိုးသုံ့ပန်းတစ်ဦးဖြစ်သောဒံယေလသည် အရှင်မင်းကြီးကိုအလေးမထား။ အရှင်မင်းကြီးလက်မှတ်ရေးထိုးထုတ်ပြန်ထားသော အမိန့်ကို မနာခံဘဲ တစ်နေ့သုံးကြိမ်ဆုတောင်းမြဲ ဆုတောင်းလျက်နေပါ၏”ဟု ဘုရင့်ထံ လျှောက်ထားကြလေ၏။
14
ထိုစကားကိုကြားသောအခါ ရှင်ဘုရင်သည် အလွန်စိတ်ထိခိုက်ပြီး ဒံယေလကိုကယ်မည်ဟု စိတ်ပိုင်းဖြတ်လျက် နေဝင်သည့်တိုင်အောင် ဒံယေလလွတ်မြောက်မည့်လမ်းကို ကြိုးပမ်းရှာကြံလျက်နေ၏။
15
ထိုသူတို့ကလည်း ရှင်ဘုရင်ထံ အုပ်စုလိုက်သွား၍ “အို အရှင်မင်းကြီး၊ မေဒိနှင့် ပါးရှားတို့၏ပယ်ဖျက်၍မရသောဥပဒေနှင့်အညီ ရှင်ဘုရင်အတည်ပြုထားသောမည်သည့်အမိန့်၊ မည်သည့်ပြဋ္ဌာန်းချက်ကိုမျှ ပြုပြင်ပြောင်းလဲ၍မရကြောင်း သိမှတ်တော်မူပါ”ဟု ရှင်ဘုရင်အား လျှောက်ဆိုကြ၏။
16
ထို့ကြောင့် ရှင်ဘုရင်အမိန့်ပေး၍ သူတို့သည်လည်း ဒံယေလကို ခေါ်လာကြပြီး ခြင်္သေ့တွင်းထဲသို့ ပစ်ချလိုက်လေ၏။ ရှင်ဘုရင်ကလည်း ဒံယေလအား “သင် အမြဲကိုးကွယ်သောသင်၏ဘုရားသခင်သည် သင့်ကိုကယ်တင်တော်မူပါစေသော”ဟု မိန့်ဆို၏။
17
ထို့နောက် ကျောက်တုံးတစ်တုံးသယ်လာကြပြီး တွင်းဝကို ပိတ်ထားကြ၏။ ဒံယေလနှင့်ပတ်သက်၍ ချမှတ်ထားသည့်အရာ အပြောင်းအလဲမဖြစ်စေရန် ရှင်ဘုရင်သည် မိမိတံဆိပ်တုံးနှင့် မှူးမတ်တို့တံဆိပ်တုံးကို တွင်းဝတွင် ခတ်နှိပ်ထားလေ၏။
18
ရှင်ဘုရင်သည် နန်းတော်သို့ပြန်လာ၍ တစ်ညလုံး စားတော်မခေါ်၊ ဖျော်ဖြေပွဲများလည်း ရှေ့တော်မသွင်း၊ စက်တော်လည်း မခေါ်နိုင်ဘဲ ရှိလေ၏။
19
ရှင်ဘုရင်သည် နံနက်စောစောထ၍ ခြင်္သေ့တွင်းသို့ အလျင်အမြန်သွားလေ၏။
20
ဒံယေလရှိရာတွင်းဝနားသို့ရောက်လာသောအခါ ဝမ်းနည်းသောအသံဖြင့် ရှင်ဘုရင်က “အသက်ရှင်တော်မူသောဘုရားသခင်၏ကျွန် ဒံယေလ၊ သင် အမြဲကိုးကွယ်သောသင်၏ဘုရားသခင်သည် သင့်ကို ခြင်္သေ့တို့၏ဘေးမှ ကယ်တင်ပြီလော”ဟု ဒံယေလအား မေးလေ၏။
21
ဒံယေလကလည်း “အို အရှင်မင်းကြီး၊ သက်တော်ထာဝရတည်ပါစေသော။
22
အကျွန်ုပ်၏ဘုရားသခင်သည် ကောင်းကင်တမန်ကိုစေလွှတ်၍ ခြင်္သေ့တို့၏နှုတ်ကိုပိတ်ထားသဖြင့် ခြင်္သေ့တို့သည် အကျွန်ုပ်ကို အန္တရာယ်မပြုပါ။ အကျွန်ုပ်သည် ဘုရားသခင်ရှေ့တော်၌ အပြစ်ကင်းကြောင်း ထင်ရှားပါ၏။ အရှင်မင်းကြီးရှေ့တွင်လည်း မည်သည့်ပြစ်မှုမျှ မကျူးလွန်ခဲ့ပါ”ဟု ပြန်လျှောက်လေ၏။
23
ထိုအခါ ရှင်ဘုရင်သည် ဝမ်းသာအားရဖြစ်လျက် ဒံယေလကို တွင်းထဲမှထုတ်ယူရန်အမိန့်ပေးသဖြင့် ဒံယေလကို တွင်းထဲမှ ထုတ်ယူကြ၏။ ဒံယေလသည် ဘုရားသခင်ကို ယုံကြည်ကိုးစားသောကြောင့် သူ၌ ထိခိုက်ဒဏ်ရာတစ်စုံတစ်ရာမျှ မတွေ့ရပေ။
24
ရှင်ဘုရင်သည် ဒံယေလအား စွပ်စွဲခဲ့သောသူတို့ကို ခေါ်ဆောင်လာစေ၍ ခြင်္သေ့တွင်းထဲသို့ ပစ်ချရန် အမိန့်ပေးလေ၏။ ထိုသူတို့ကို သားသမီး၊ ဇနီးများနှင့်တကွ ခြင်္သေ့တွင်းထဲသို့ပစ်ချလိုက်ရာ တွင်းအောက်ခြေမရောက်မီပင် ခြင်္သေ့တို့သည် သူတို့ကို ခုန်အုပ်၍အရိုးပါမကျန် ချိုးဖဲ့ကိုက်စားကြလေ၏။
25
ထို့နောက် ဒါရိမင်းကြီးသည် မြေတစ်ပြင်လုံးရှိနိုင်ငံအသီးသီးမှ ဘာသာစကားအမျိုးမျိုးပြောဆိုသော လူမျိုးအပေါင်းတို့ထံသို့ စာရေးလိုက်၏။ ထိုစာတွင် “သင်တို့၌ ငြိမ်ဝပ်ချမ်းသာ တိုးပွားပါစေသော။
26
ငါ့အာဏာစက်အောက်ရှိတိုင်းနိုင်ငံအားလုံးမှ လူအပေါင်းတို့သည် ဒံယေလ၏ဘုရားသခင်ကို ကြောက်ရွံ့ရိုသေရမည်ဟု ငါအမိန့်ထုတ်ပြန်လိုက်သည်။ ကိုယ်တော်သည် အသက်ရှင်တော်မူသောဘုရားသခင်၊ အစဉ်အမြဲတည်တော်မူသောဘုရားသခင် ဖြစ်၏။ နိုင်ငံတော်သည်လည်း မပျက်စီးနိုင်၊ အာဏာစက်သည်လည်း ထာဝရတည်တော်မူ၏။
27
ဒံယေလကို ခြင်္သေ့ရန်မှကယ်တင်တော်မူသောဘုရားသခင်သည် မိုးကောင်းကင်နှင့် မြေကြီးပေါ်တွင် မစကယ်တင်တော်မူသောဘုရား၊ အံ့ဖွယ်နိမိတ်လက္ခဏာကို ပြတော်မူသောဘုရား ဖြစ်တော်မူ၏”ဟူ၍ ပါရှိ၏။
28
ဤသို့ဖြင့် ဒံယေလသည် ဒါရိမင်းကြီးလက်ထက်နှင့် ပါးရှားလူမျိုးကုရုမင်းကြီးလက်ထက်တို့တွင် ကောင်းစားလျက်နေ၏။
← Chapter 5
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 7 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
Recommended Reading
Commentary
Daniel Commentaries
→
Devotional
Daniel Devotional Guide
→
Get This Bible
Burmese MSBU Study Bible
→