bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese MSBU
/
Nehemiah 9
Nehemiah 9
Burmese MSBU
← Chapter 8
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 10 →
1
ထိုလ နှစ်ဆယ့်လေးရက်နေ့တွင် အစ္စရေးအမျိုးသားတို့သည် အစာရှောင်လျက်၊ လျှော်တေအဝတ်ကိုဝတ်လျက်၊ ခေါင်းပေါ်မှာ မြေမှုန့်ကိုတင်လျက် စုဝေးကြ၏။
2
အစ္စရေးအမျိုးအနွယ်တို့သည် တိုင်းတစ်ပါးသားတို့နှင့် ခပ်ခွာခွာနေ၍ ရပ်လျက် မိမိတို့အပြစ်၊ ဘိုးဘေးတို့၏အပြစ်များကို ဝန်ချတောင်းပန်ကြ၏။
3
သူတို့သည် ကိုယ်ရှိရာနေရာ၌ ရပ်လျက် နေ့တစ်နေ့၏လေးပုံတစ်ပုံတွင် ဘုရားသခင်ထာဝရဘုရား၏ပညတ်တရားကျမ်းကို ဖတ်ပြီး နောက်လေးပုံတစ်ပုံတွင် အပြစ်များကိုဝန်ချတောင်းပန်ကာ ဘုရားသခင်ထာဝရဘုရားအား ရှိခိုးကိုးကွယ်ကြ၏။
4
ထို့နောက် ယေရွှာ၊ ဗာနိ၊ ကပ်မျေလ၊ ရှေဗနိ၊ ဗုန္နိ၊ ရှေရဘိ၊ ဗာနိ၊ ခေနနိတို့သည် လေဝိအမျိုးတို့၏စင်ပေါ်တွင်ရပ်၍ ဘုရားသခင်ထာဝရဘုရားထံ ကျယ်လောင်သောအသံဖြင့် အော်ဟစ်ဆုတောင်းကြ၏။
5
လေဝိအမျိုး ယေရွှာ၊ ကပ်မျေလ၊ ဗာနိ၊ ဟာရှဗနိ၊ ရှေရဘိ၊ ဟောဒိယ၊ ရှေဗနိ၊ ပေသဟိတို့က “မတ်တတ်ရပ်၍ သင်တို့၏ဘုရားသခင်ထာဝရဘုရားကို အစဉ်အမြဲကောင်းချီးထောမနာပြုကြလော့။ ဘုန်းကြီးသောနာမတော်ကို ကောင်းချီးထောမနာပြုကြလော့။ ဂုဏ်ပြုခြင်း၊ ချီးမွမ်းခြင်းရှိသမျှတို့ထက် ချီးမြှောက်ကြလော့။
6
ကိုယ်တော်တစ်ပါးတည်းသာလျှင် ထာဝရဘုရားဖြစ်တော်မူ၏။ ကိုယ်တော်သည် မိုးကောင်းကင်၊ အမြင့်ဆုံးသောကောင်းကင်နှင့်ကောင်းကင်တန်ဆာအားလုံး၊ မြေကြီးနှင့်မြေကြီးတန်ဆာအားလုံး၊ ပင်လယ်နှင့်ပင်လယ်တန်ဆာအားလုံးကို ဖန်ဆင်းတော်မူ၍ ထိုအရာအားလုံးကိုလည်း အသက်ရှင်စေတော်မူ၏။ ကောင်းကင်ဗိုလ်ခြေတို့သည် ကိုယ်တော်ကိုရှိခိုးကိုးကွယ်ကြပါ၏။
7
အို ဘုရားရှင်ထာဝရဘုရား၊ ကိုယ်တော်သည် အာဗြံကိုရွေးကောက်တော်မူ၍ သူ့ကို ခါလဒဲပြည် ဥရမြို့မှထုတ်ဆောင်ခဲ့ပြီး အာဗြဟံဟူသောအမည်ကိုပေးတော်မူ၏။
8
သူသည် ရှေ့တော်တွင် စိတ်သဘောဖြောင့်မှန်သောသူဖြစ်ကြောင်း ကိုယ်တော်တွေ့မြင်သဖြင့် ခါနာန်ပြည်၊ ဟိတ္တိပြည်၊ အာမောရိပြည် ၊ ဖေရဇိပြည်၊ ယေဗုသိပြည်၊ ဂိရဂါရှိပြည်တို့ကို သူ၏သားစဉ်မြေးဆက်တို့အားပေးရန် သူနှင့်ပဋိညာဉ်ပြုတော်မူ၏။ ကိုယ်တော်သည်လည်း ဖြောင့်မတ်တော်မူသည်ဖြစ်၍ ကတိတော်ကိုတည်စေတော်မူ၏။
9
အီဂျစ်ပြည်တွင် အကျွန်ုပ်တို့၏ဘိုးဘေးများ ဖိစီးနှိပ်စက်မှုခံရသည်ကို ကိုယ်တော်သိမြင်တော်မူပါ၏။ ဧဒုံပင်လယ်နားတွင် သူတို့၏အော်ဟစ်သံကို ကိုယ်တော်ကြားတော်မူပါ၏။
10
ဖာရောမင်းကြီးအပါအဝင် သူ၏အစေအပါးအပေါင်းတို့နှင့် ပြည်သူပြည်သားအပေါင်းတို့ကို ဆန့်ကျင်၍ နိမိတ်လက္ခဏာများ၊ အံ့ဖွယ်အမှုများကို ကိုယ်တော်ပြတော်မူပါ၏။ အကြောင်းမူကား သူတို့သည် ဘိုးဘေးတို့အား ဖိနှိပ်ညှဉ်းဆဲကြသည်ကို ကိုယ်တော်သိတော်မူ၍ ကိုယ်တော်သည် နာမတော်ကို ယနေ့တိုင် ထင်ရှားစေတော်မူပြီ။
11
သူတို့ရှေ့၌ပင် ကိုယ်တော်သည် ပင်လယ်ကိုခွဲတော်မူ၍ ပင်လယ်အလယ် ခြောက်သွေ့သောမြေပေါ်တွင် သူတို့ကို ဖြတ်ကူးစေ၏။ သူတို့ကို လိုက်သောသူတို့အား ကျောက်တုံးကို ရေနက်ထဲပစ်ချသကဲ့သို့ ပင်လယ်နက်ထဲသို့ပစ်ချတော်မူ၏။
12
ထို့ပြင် သူတို့အား နေ့အချိန်၌ မိုးတိမ်တိုင်ဖြင့်လည်းကောင်း၊ ညအချိန်၌ သူတို့သွားသောလမ်းခရီးတွင် အလင်းရဖို့ မီးတိုင်ဖြင့်လည်းကောင်း ပို့ဆောင်တော်မူ၏။
13
ကိုယ်တော်သည် သိနာတောင်ပေါ်သို့ကြွဆင်းတော်မူ၏။ သူတို့အား ကောင်းကင်မှနှုတ်မြွက်တော်မူ၏။ သူတို့အား ဖြောင့်မှန်သောစီရင်ထုံးဖွဲ့ချက်၊ မှန်ကန်သောတရား၊ ကောင်းမြတ်သောပြဋ္ဌာန်းချက်နှင့် ပညတ်ချက်တို့ကို ပေးတော်မူ၏။
14
သူတို့အား ကိုယ်တော်၏သန့်ရှင်းမြင့်မြတ်သောဥပုသ်နေ့ကို သိစေတော်မူ၏။ ကိုယ်တော်၏အစေအပါးမောရှေမှတစ်ဆင့် ပညတ်ချက်များ၊ ပြဋ္ဌာန်းချက်များ၊ တရားတော်များကို ပေးအပ်တော်မူ၏။
15
သူတို့ဆာလောင်သောအခါ သူတို့အား ကောင်းကင်မှမုန့်ကို ချပေးတော်မူ၏။ သူတို့ရေဆာသောအခါ ကျောက်ထဲမှရေကို ထွက်စေတော်မူ၏။ ထိုပြည်ကို သူတို့အား ပေးမည်ဟု ကျိန်ဆိုထားသည့်အတိုင်း ထိုပြည်ကို ဝင်ရောက်သိမ်းပိုက်ရန် မိန့်တော်မူ၏။
16
သို့သော် အကျွန်ုပ်တို့၏ဘိုးဘေးတို့သည် အတင့်ရဲ၍ ခေါင်းမာ ကြ၏။ ကိုယ်တော်၏ပညတ်တော်များကို မနာခံကြ။
17
သူတို့သည် ကိုယ်တော်၏စကားကို နားမထောင်။ သူတို့အလယ်တွင် ပြုတော်မူသော အံ့ဖွယ်အမှုတို့ကိုမအောက်မေ့ဘဲ ခေါင်းမာ လျက် ကိုယ်တော်ကို ပုန်ကန်ကြ၍ ကျွန်ခံရာပြည်သို့ပြန်ရန် ခေါင်းဆောင်ကိုခန့်ထားကြ၏။ သို့သော် ကိုယ်တော်သည် ခွင့်လွှတ်တတ်သော၊ ကျေးဇူးပြုတတ်သော၊ သနားစုံမက်တတ်သော၊ စိတ်ရှည်သော၊ မေတ္တာကရုဏာတော်ကြီးမားသောဘုရားဖြစ်တော်မူ၍ သူတို့ကိုစွန့်ပစ်တော်မမူခဲ့။
18
ထို့ပြင် သူတို့သည် နွားသငယ်ရုပ်တုကို သွန်းလုပ်၍ ‘ဤဘုရားသည် သင်တို့ကို အီဂျစ်ပြည်မှထုတ်ဆောင်ခဲ့သော သင်တို့၏ဘုရားဖြစ်သည်’ဟု ပြောဆိုလျက် လွန်စွာပြစ်မှားစော်ကားကြသော်လည်း
19
ကိုယ်တော်သည် ကရုဏာတော်ကြီးမားသောကြောင့် သူတို့ကိုတောကန္တာရတွင် စွန့်ပစ်တော်မမူ။ နေ့အချိန်၌ သူတို့ကို လမ်းခရီးတွင်ပို့ဆောင်ရန် မိုးတိမ်တိုင်ကိုသူတို့ရှေ့မှမဖယ်ရှား၊ ညအချိန်၌ သူတို့သွားသောလမ်းခရီးတွင်လည်း အလင်းရရှိရန် မီးတိုင်ဖြင့် ပို့ဆောင်တော်မူ၏။
20
သူတို့အားလမ်းပြသွန်သင်ပေးရန် ကိုယ်တော်၏ကောင်းမြတ်သောဝိညာဉ်တော်ကို ချပေးတော်မူ၏။ ကိုယ်တော်၏မန္နမုန့်ကို သူတို့ပါးစပ်နှင့်မပြတ်စေဘဲ ရေဆာသောအခါတွင်လည်း ရေကိုပေးတော်မူ၏။
21
တောကန္တာရ၌ အနှစ်လေးဆယ်ပတ်လုံး ကျွေးမွေးတော်မူသဖြင့် သူတို့၌ မည်သည့် လိုအပ်ချက်မျှမရှိ။ သူတို့၏အဝတ်များသည် မဟောင်းနွမ်း၊ သူတို့၏ခြေတို့သည်လည်း ရောင်ရမ်းခြင်းမရှိ။
22
ကိုယ်တော်သည် တိုင်းနိုင်ငံများနှင့် လူမျိုးတို့ကို သူတို့လက်သို့ အပ်တော်မူ၏။ နယ်မြေကိုလည်း သူတို့အား ပိုင်းခြားခွဲဝေပေးတော်မူ၏။ သူတို့သည် ဟေရှဘုန်ဘုရင်ရှိဟုန်မင်းကြီး၏ပြည်နှင့် ဗာရှန်ဘုရင်ဩဃမင်းကြီး၏ပြည်တို့ကို သိမ်းပိုက်နိုင်ခဲ့၏။
23
သူတို့၏သားမြေးများကို မိုးကောင်းကင်ကြယ်ကဲ့သို့ များပြားစေတော်မူ၏။ ဘိုးဘေးတို့ဝင်ရောက်ပိုင်ဆိုင်ရန် ကိုယ်တော်မိန့်မှာသည့်ပြည်သို့ သူတို့ကိုပို့ဆောင်တော်မူ၏။
24
သူတို့၏သားမြေးတို့သည် ထိုပြည်ကိုဝင်ရောက်သိမ်းပိုက်သောအခါ ကိုယ်တော်သည် ထိုပြည်သားခါနာန်လူမျိုးတို့ကို သူတို့ရှေ့တွင်နှိမ်နင်းတော်မူ၏။ ရှင်ဘုရင်နှင့်တကွ ပြည်သူပြည်သားတို့ကို သူတို့လက်သို့အပ်တော်မူ၍ သူတို့အလိုရှိသည့်အတိုင်းပြုကြ၏။
25
သူတို့သည် ခိုင်ခံ့သောမြို့များနှင့် မြေဩဇာကောင်းသောပြည်ကို သိမ်းပိုက်ကြ၏။ ဥစ္စာရတနာနှင့်ပြည့်သောအိမ်များ၊ တူးပြီးသောရေတွင်းများ၊ စပျစ်ခြံများ၊ သံလွင်ခြံများ၊ သီးစားပင်များစွာကို သိမ်းယူကြ၏။ သူတို့သည် ဝလင်စွာစားကြပြီး ဝဖြိုးကြ၏။ ကိုယ်တော်၏ကြီးမားလှသောကောင်းမြတ်ခြင်းကြောင့် သူတို့ ပျော်ရွှင်ကြည်နူးကြရ၏။
26
သို့သော် သူတို့သည် နာခံမှုမရှိ။ ကိုယ်တော်ကိုပုန်ကန်ကြ၏။ ပညတ်တရားကို ကျောခိုင်းကြ၏။ ကိုယ်တော့်ထံသို့ပြန်လာရန် သူတို့ကိုသတိပေးသော ကိုယ်တော်၏ပရောဖက်များကိုသတ်ဖြတ်ကြ၏။ လွန်စွာပြစ်မှားစော်ကားကြ၏။
27
ထို့ကြောင့် ကိုယ်တော်သည် သူတို့အား ရန်သူတို့လက်သို့အပ်သဖြင့် ရန်သူတို့သည် သူတို့ကိုညှဉ်းပန်းနှိပ်စက်လေ၏။ သူတို့သည် ဆင်းရဲဒုက္ခရောက်သောအခါ ကိုယ်တော့်ထံအော်ဟစ်သဖြင့် ကိုယ်တော်သည် ကောင်းကင်မှကြားတော်မူ၏။ ကိုယ်တော်သည် ကရုဏာတော်ကြီးမားသောကြောင့် ကယ်တင်မည့်သူများကို ပြင်ဆင်ပေးတော်မူ၍ သူတို့ကို ရန်သူတို့လက်မှကယ်တင်စေခဲ့၏။
28
သူတို့သည် အေးအေးချမ်းချမ်းနေရသောအခါ ကိုယ်တော်ရှေ့တော်တွင် မကောင်းမှုကိုပြုကြပြန်သဖြင့် သူတို့ကို အုပ်ချုပ်မည့်ရန်သူတို့လက်သို့ အပ်လိုက်တော်မူ၏။ သူတို့သည် ပြန်လာ၍ ကိုယ်တော့်ထံ အော်ဟစ်သောအခါ ကိုယ်တော်သည် ကောင်းကင်မှ နားညောင်းတော်မူ၏။ ကိုယ်တော်၏ ကရုဏာတော်နှင့်အညီ သူတို့ကိုအကြိမ်ကြိမ်ကယ်နုတ်တော်မူခဲ့၏။
29
ပညတ်တရားတော်ကို လိုက်နာရန် ကိုယ်တော်သည် သူတို့ကို သတိပေးခဲ့၏။ သို့သော် သူတို့သည် မာနထောင်လွှားလျက် ကိုယ်တော်၏ပညတ်ချက်တို့ကို မနာခံကြ။ ‘လိုက်နာသောသူတိုင်း အသက်ချမ်းသာရာရမည်’ဟူသော စီရင်ထုံးဖွဲ့ချက်များကို ဆန့်ကျင်၍ အပြစ်ပြုကြ၏။ သူတို့သည် ကိုယ်တော့်ကို ကျောခိုင်း၍ ဆန့်ကျင်ပုန်ကန်လျက်၊ ခေါင်းမာ လျက် မနာခံဘဲနေကြ၏။
30
ကိုယ်တော်သည် သူတို့အားနှစ်ပေါင်းများစွာသည်းခံတော်မူ၍ ကိုယ်တော်၏ဝိညာဉ်တော်ခံရသော ပရောဖက်များအားဖြင့် သူတို့ကို သတိပေးသော်လည်း ဂရုမစိုက်ကြသောကြောင့် သူတို့ကို ဤပြည်ရှိ လူမျိုးခြားတို့လက်သို့ အပ်လိုက်တော်မူ၏။
31
သို့သော် ကိုယ်တော်သည် ကျေးဇူးပြုတတ်သော၊ သနားစုံမက်တတ်သောဘုရားဖြစ်တော်မူ၍ မေတ္တာကရုဏာတော်ကြီးမားသောကြောင့် သူတို့ကို အဆုံးတိုင် မဖျက်ဆီးခဲ့။ သူတို့ကို စွန့်ပစ်တော်မမူခဲ့။
32
အကျွန်ုပ်တို့၏ဘုရားသခင်၊ ကိုယ်တော်သည် ကြီးမြတ်သော၊ တန်ခိုးနှင့်ပြည့်စုံသော၊ ကြောက်ရွံ့ရိုသေဖွယ်သော၊ ပဋိညာဉ်နှင့် မေတ္တာကရုဏာတော်ကိုစောင့်ထိန်းတော်မူသောဘုရား ဖြစ်တော်မူပါ၏။ အဆီးရီးယားဘုရင်တို့လက်ထက်မှစ၍ ယနေ့ထိတိုင် အကျွန်ုပ်တို့၏ရှင်ဘုရင်များ၊ အကြီးအကဲများ၊ ယဇ်ပုရောဟိတ်များ၊ ပရောဖက်များ၊ ဘိုးဘေးများနှင့် ကိုယ်တော်၏လူမျိုးတော်အပေါင်းတို့ကြုံတွေ့ခဲ့ရသောအခက်အခဲအလုံးစုံတို့ကို ဘာမျှမဟုတ်ဟု မှတ်တော်မမူပါနှင့်။
33
အကျွန်ုပ်တို့အား ကြုံတွေ့စေသောအဖြစ်အပျက်အလုံးစုံတို့၌ ကိုယ်တော်သည် တရားပါ၏။ ကိုယ်တော်သည် သစ္စာရှိစွာပြုသော်လည်း အကျွန်ုပ်တို့ကား ဆိုးယုတ်စွာပြုတတ်ကြပါ၏။
34
အကျွန်ုပ်တို့၏ရှင်ဘုရင်များ၊ အကြီးအကဲများ၊ ယဇ်ပုရောဟိတ်များ၊ ဘိုးဘေးများသည် ကိုယ်တော်၏ပညတ်တရားကိုမလိုက်နာကြ။ သူတို့သည် ကိုယ်တော်၏ပညတ်တော်များ၊ သူတို့အားကိုယ်တော်ပေးတော်မူသောသက်သေများကိုလည်း အလေးမထားကြ။
35
သူတို့သည် ကိုယ့်နိုင်ငံနှင့်ကိုယ်နေရပြီး ကိုယ်တော်ပေးသနားတော်မူသော ကောင်းမြတ်ခြင်းအလုံးစုံခံစားရလျက်၊ ကျယ်ဝန်း၍မြေဩဇာကောင်းသောပြည်ကို သူတို့အား ပေးသနားတော်မူလျက်နှင့်ပင် ကိုယ်တော်ကိုဝတ်မပြုကြ၊ သူတို့ပြုသောမကောင်းမှုကိုမစွန့်ကြ။
36
ယခု အကျွန်ုပ်တို့သည် ကျွန်ဖြစ်ရကြပြီ။ ပြည်ထွက်သီးနှံများ၊ ကောင်းသောအစားအစာများ စားသုံးရစေရန် အကျွန်ုပ်တို့ဘိုးဘေးတို့အား ကိုယ်တော်ပေးသောပြည်၌ အကျွန်ုပ်တို့သည် ကျွန်ဖြစ်ရကြပါပြီ။
37
အကျွန်ုပ်တို့၏အပြစ်များကြောင့် အကျွန်ုပ်တို့ကိုအုပ်ချုပ်ရန် ကိုယ်တော်ခန့်ထားတော်မူသောရှင်ဘုရင်တို့သည် ဤပြည်ထွက်သီးနှံများကို အလျှံအပယ်စားသုံးနေကြရပါ၏။ အကျွန်ုပ်တို့နှင့် အကျွန်ုပ်တို့၏တိရစ္ဆာန်တို့ကို အလိုရှိသည့်အတိုင်း ခိုင်းစေကြပါ၏။ အကျွန်ုပ်တို့သည် ဆင်းရဲဒုက္ခအကြီးအကျယ်ခံရပါ၏”ဟု ဆိုကြ၏။
38
ဤအကြောင်းအရာအလုံးစုံတို့ကြောင့် ငါတို့သည် ပဋိညာဉ်ကိုရေးဆွဲ၍ ဝန်ခံကတိပြုကြ၏။ ငါတို့၏အကြီးအကဲများ၊ လေဝိသားများ၊ ယဇ်ပုရောဟိတ်များသည်လည်း တံဆိပ်ခတ်ကြ၏။
← Chapter 8
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 10 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13