bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese MSBU
/
1 Samuel 1
1 Samuel 1
Burmese MSBU
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 2 →
1
ဧဖရိမ်တောင်ပေါ်ဒေသ၊ ရာမသိမ်ဇုဖိမ်မြို့တွင် ဧလကာနအမည်ရှိသော လူတစ်ယောက်ရှိ၏။ သူသည် ဧဖရိမ်အမျိုး ဇုဖ၏တီ၊ တောဟူ၏မြစ်၊ ဧလိဟု၏မြေး၊ ယေရောဟံ၏သားဖြစ်၏။
2
ထိုသူ၌ မယားနှစ်ယောက်ရှိ၏။ တစ်ယောက်၏အမည်မှာ ဟန္နဖြစ်ပြီး နောက်တစ်ယောက်၏အမည်မှာ ပေနိန္နဖြစ်၏။ ပေနိန္န၌ သားသမီးရှိ၏။ ဟန္န၌ကား သားသမီးမရှိချေ။
3
ဧလကာနသည် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားကို ရှိခိုးကိုးကွယ်ရန်နှင့် ယဇ်ပူဇော်ရန်အတွက် မိမိနေထိုင်ရာမြို့မှ ရှိလောမြို့သို့ နှစ်စဉ်သွားလေ့ရှိ၏။ ထိုမြို့တွင် ဧလိ၏သားနှစ်ယောက်ဖြစ်သော ဟောဖနိနှင့်ဖိနဟတ်တို့သည် ထာဝရဘုရား၏ယဇ်ပုရောဟိတ်များဖြစ်ကြ၏။
4
ဧလကာနသည် မိမိယဇ်ပူဇော်ရာနေ့ရောက်တိုင်း မယားပေနိန္နနှင့် သူ၏သားသမီးအားလုံးကို ဝေစုများခွဲဝေပေးလေ့ရှိ၏။
5
သူသည် ဟန္နကိုချစ်သောကြောင့် ဝေစုနှစ်ဆခွဲဝေပေး၏။ သို့သော် ထာဝရဘုရားသည် ဟန္နကိုသန္ဓေတည်ခွင့်ပေးတော်မမူ ။
6
ထိုသို့ ထာဝရဘုရားသည် ဟန္နအား သန္ဓေတည်ခွင့်ပေးတော်မမူသောကြောင့် သူ၏ပြိုင်ဖက်သည် ဟန္နစိတ်ဆိုးအောင် ဒေါသစိတ်ကို ဆွလေ့ရှိ၏။
7
ဟန္နသည် တစ်နှစ်ပြီးတစ်နှစ် ထာဝရဘုရား၏အိမ်တော်သို့ သွားသည့်အခါတိုင်း ပြိုင်ဖက်သည် သူ့ကို ဒေါသထွက်အောင် ဆွလေ၏။ ထို့ကြောင့် သူသည် အစာမစားဘဲ ငို၍သာနေရ၏။
8
သူ၏ခင်ပွန်းဧလကာနကလည်း “ဟန္န၊ အဘယ်ကြောင့် ငိုကြွေးနေသနည်း။ အဘယ်ကြောင့် မစားမသောက်ဘဲနေသနည်း။ အဘယ်ကြောင့် စိတ်ဆင်းရဲနေသနည်း။ ငါသည် သင့်အပေါ် သားဆယ်ယောက်ထက် ပို၍ကောင်းသည်မဟုတ်လော”ဟု သူ့အား ဆို၏။
9
သူတို့သည် ရှိလောမြို့တွင် စားသောက်ကြပြီးနောက် ဟန္နသည် ထသွားလေ၏။ ထိုစဉ် ယဇ်ပုရောဟိတ်ဧလိသည် ထာဝရဘုရား၏ဗိမာန်တော်တံခါးတိုင်အနီးရှိ ထိုင်ခုံပေါ်တွင် ထိုင်နေ၏။
10
ဟန္နသည် စိတ်နှလုံးကြေကွဲစွာဖြင့် ထာဝရဘုရားထံ ငိုယိုလျက်
11
“ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား၊ ကိုယ်တော့်ကျွန်မ ခံရသောဆင်းရဲဒုက္ခကို အကယ်စင်စစ် ကြည့်တော်မူပါ။ ကိုယ်တော့်ကျွန်မကို မမေ့လျော့ဘဲ အောက်မေ့တော်မူပါ။ ကိုယ်တော့်ကျွန်မအား သားယောက်ျားကိုပေးသနားတော်မူပါ။ သို့ပြုလျှင် အကျွန်ုပ်သည် သူ့ဘဝတစ်ခုလုံးကို ထာဝရဘုရားထံ ဆက်ကပ်အပ်နှံပါမည်။ သူ့ဆံပင်ကိုလည်း မရိတ်ပါ”ဟု ကတိသစ္စာပြုဆုတောင်းလေ၏။
12
ထိုသို့ ထာဝရဘုရားထံ အဆက်မပြတ်ဆုတောင်းနေစဉ် ဧလိသည် သူ့နှုတ်ကို ကြည့်လျက်နေ၏။
13
ဟန္နသည် စိတ်ထဲ၌ဆုတောင်းနေသောကြောင့် နှုတ်ခမ်းသာလှုပ်ပြီး အသံမထွက်။ ထို့ကြောင့် ဧလိက ဟန္န ယစ်မူးနေသည်ဟု ထင်၍
14
ဧလိက သူ့အား “သင်သည် မည်မျှကြာအောင်ယစ်မူးနေမည်နည်း။ စပျစ်ဝိုင်ကို ရှောင်ပါလော့”ဟု ဆို၏။
15
ဟန္နကလည်း “သခင်၊ ထိုသို့မဟုတ်ပါ။ အကျွန်ုပ်သည် စိတ်သောကရောက်နေသောမိန်းမ ဖြစ်ပါ၏။ စပျစ်ဝိုင် မသောက်ပါ။ သေရည်သေရက်ကိုလည်း မသောက်ပါ။ ထာဝရဘုရားရှေ့တော်၌ မိမိစိတ်ခံစားချက်ကို ဖွင့်ပြနေခြင်းသာဖြစ်ပါ၏။
16
သခင့်ကျွန်မကို ဆိုးညစ်သောမိန်းမဟု မထင်ပါနှင့်။ အကျွန်ုပ်၌ ပူဆွေးဝမ်းနည်းမှု များလွန်းသဖြင့် အဆက်မပြတ်ဆုတောင်းနေခြင်းသာ ဖြစ်ပါ၏”ဟု ပြန်ပြောသော်
17
ဧလိက “ငြိမ်ဝပ်စွာသွားလော့။ အစ္စရေးလူမျိုး၏ဘုရားသခင်သည် သင်တောင်းလျှောက်သောဆုကို ပေးသနားတော်မူပါစေသော”ဟု ဆို၏။
18
ထိုအခါ ဟန္နက “သခင့်ကျွန်မသည် သခင့်ရှေ့၌မျက်နှာရပါစေသော”ဟု ဆိုပြီး သူသည် ထွက်သွား၍ စားသောက်လေ၏။ သူ၏မျက်နှာသည်လည်း ယခင်ကကဲ့သို့ မညှိုးတော့ပေ။
19
သူတို့သည် နံနက်စောစောထ၍ ထာဝရဘုရားအား ရှိခိုးကိုးကွယ်ပြီးလျှင် မိမိတို့အိမ်ရှိရာ ရာမမြို့သို့ ပြန်လာကြ၏။ ထို့နောက်တွင် ဧလကာနသည် မိမိ၏မယားဟန္နနှင့်ဆက်ဆံ၏။ ထာဝရဘုရားသည်လည်း ဟန္နကို အောက်မေ့တော်မူသဖြင့်
20
အချိန်တန်သောအခါ ဟန္နသည် ကိုယ်ဝန်ဆောင်၍ သားယောက်ျားကို မွေးဖွားလေ၏။ ဟန္နကလည်း “ဤသားသည် ထာဝရဘုရားထံ ဆုတောင်း၍ ရသောသားဖြစ်၏”ဟု ဆိုပြီး သူ၏အမည်ကို ရှမွေလ ဟုမှည့်ခေါ်လေ၏။
21
ဧလကာနသည် ထာဝရဘုရားထံ နှစ်စဉ်ပူဇော်သောယဇ်ကို ပူဇော်ရန်နှင့် ကတိသစ္စာဝတ်ကိုပြုရန် သူ၏အိမ်သူအိမ်သားအပေါင်းတို့နှင့်အတူ သွားကြ၏။
22
သို့သော် ဟန္နက လိုက်မသွားဘဲ သူ့ခင်ပွန်းအား “သူငယ်နို့ပြတ်ပြီးမှ သူ့ကို ခေါ်သွားမည်။ သူသည် ထာဝရဘုရားရှေ့တော်သို့ ရောက်၍ ထိုနေရာတွင် အစဉ်အမြဲနေရမည်”ဟု ဆို၏။
23
သူ၏ခင်ပွန်းဧလကာနကလည်း “သင်ကောင်းသည်ဟုထင်သည့်အတိုင်း ပြုပါ။ သူငယ်နို့ပြတ်သည်အထိ နေပါ။ ထာဝရဘုရားသည် ကတိထားသည့်အတိုင်း ပြုတော်မူပါစေသော”ဟု ဆို၏။ ထို့ကြောင့် ဟန္နနေခဲ့၍ မိမိ၏သားကို နို့ပြတ်သည်အထိပြုစုစောင့်ရှောက်လေ၏။
24
သူငယ်နို့ပြတ်ပြီးမှ ဟန္နသည် နွားထီးသုံးကောင် ၊ မုန့်ညက်တစ်ဧဖာ ၊ စပျစ်ဝိုင်တစ်ဘူးကို ယူပြီးလျှင် သူငယ်ကို ထာဝရဘုရား၏အိမ်တော်ရှိရာ ရှိလောမြို့သို့ ခေါ်ဆောင်သွား၏။ သူငယ်ကား အလွန်နုနယ်သေး၏။
25
သူတို့သည် နွားကိုသတ်ပြီး သူငယ်ကို ဧလိထံသို့ ခေါ်ဆောင်လာကာ
26
ဟန္နက “အို အကျွန်ုပ်၏သခင်၊ သခင် အသက်ရှင်သည်နှင့်အညီ အကျွန်ုပ်သည် ယခင်က ဤနေရာ အရှင့်အနားတွင်ရပ်လျက် ထာဝရဘုရားထံဆုတောင်းခဲ့သောမိန်းမ ဖြစ်ပါ၏။
27
ဤသားကိုရဖို့ ဆုတောင်းခဲ့ရာ ထာဝရဘုရားသည် အကျွန်ုပ်တောင်းလျှောက်သောဆုကို ပေးသနားတော်မူပါပြီ။
28
ထို့ကြောင့် ယခု အကျွန်ုပ်သည် ဤသူငယ်ကို ထာဝရဘုရားထံ ဆက်ကပ်ပါ၏။ သူအသက်ရှင်သမျှကာလပတ်လုံး သူ့ကို ထာဝရဘုရားထံ အပ်နှံပါပြီ”ဟု ဆိုပြီး ထိုနေရာတွင် ထာဝရဘုရားအား ရှိခိုးကိုးကွယ်လေ၏။
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 2 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31