bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese MSBU
/
1 Kings 18
1 Kings 18
Burmese MSBU
← Chapter 17
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 19 →
1
ထို့နောက် ရက်ပေါင်းများစွာကုန်လွန်လာ၏။ သုံးနှစ်ကြာလျှင် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ဧလိယထံသို့ရောက်လာ၍ “အာဟပ်မင်းကြီးကို ကိုယ်တိုင်သွားတွေ့လော့။ ငါသည် မြေပြင်ပေါ်သို့ မိုးကိုရွာစေမည်”ဟု မိန့်တော်မူ၏။
2
ထို့ကြောင့် ဧလိယသည် အာဟပ်မင်းကြီးထံ ကိုယ်တိုင်သွားလေ၏။ ထိုစဉ်က ရှမာရိပြည်၌ ငတ်မွတ်ခေါင်းပါးခြင်းဘေးကြီး ဆိုက်ရောက်နေ၏။
3
အာဟပ်မင်းကြီးသည် နန်းတော်အုပ်ဩဗဒိကို ဆင့်ခေါ်၏။ ဩဗဒိသည် ထာဝရဘုရားကို အလွန်ကြောက်ရွံ့ရိုသေသောသူဖြစ်၏။
4
ထာဝရဘုရား၏ပရောဖက်များကို ယေဇဗေလသတ်ခဲ့စဉ်က ဩဗဒိသည် ပရောဖက်တစ်ရာကို ငါးဆယ်စီခွဲ၍ လိုဏ်ဂူထဲတွင် ဝှက်ထားခဲ့ပြီး အစာရေစာကိုလည်း ကျွေးမွေးခဲ့၏။
5
အာဟပ်မင်းကြီးက ဩဗဒိအား “မြင်းနှင့်လားတို့အသက်ရှင်နိုင်ရန် မြက်ပင်ရလိုရငြား တိုင်းပြည်အနှံ့ရှိ စမ်းချောင်းပေါက်ရာနေရာ၊ မြစ်ချောင်းစီးရာနေရာရှိသမျှသို့ သွားကြည့်လော့။ သို့မဟုတ်လျှင် တိရစ္ဆာန်အချို့ကို ငါတို့သတ်ပစ်ရလိမ့်မည်”ဟု ဆို၏။
6
တစ်ပြည်လုံးအနှံ့သွားကြည့်ရန် ကိုယ်သွားရမည့်နေရာကိုခွဲဝေပြီး အာဟပ်မင်းကြီးနှင့်ဩဗဒိတို့ တစ်ယောက်တစ်လမ်းစီ ထွက်သွားကြ၏။
7
ဩဗဒိထွက်သွားစဉ် လမ်းတွင် ဧလိယနှင့်ဆုံ၏။ သူသည် ဧလိယကို မှတ်မိသဖြင့် သူ့ရှေ့တွင်ပျပ်ဝပ်ကာ “အကျွန်ုပ်၏အရှင် ဧလိယပါတကား”ဟု ဆို၏။
8
ဧလိယကလည်း “ငါပင်ဖြစ်၏။ သင့်သခင်ထံသွား၍ ‘ဤအရပ်၌ ဧလိယရှိ၏’ဟူ၍ လျှောက်တင်လော့”ဟု သူ့အား ဆို၏။
9
သို့သော် ဩဗဒိက “အရှင့်အစေအပါးအကျွန်ုပ်သည် မည်သည့်အပြစ်ကိုပြုမိ၍ အကျွန်ုပ်ကို အာဟပ်မင်းကြီးသတ်ရအောင် သူ့လက်ထဲသို့ အပ်ရသနည်း။
10
အရှင်၏ဘုရားသခင်ထာဝရဘုရား အသက်ရှင်တော်မူသည်နှင့်အညီ အရှင့်ကိုရှာဖွေရန် အကျွန်ုပ်သခင်သည် နိုင်ငံတိုင်း၊ လူမျိုးတိုင်းထံသို့ အကျွန်ုပ်ကို စေလွှတ်ခဲ့ပါသည်။ ‘ဤနေရာတွင် ဧလိယမရှိပါ’ဟု လျှောက်တင်သောနိုင်ငံနှင့် လူမျိုးအား အရှင့်ကိုမတွေ့ကြောင်း ကျိန်ဆိုစေခဲ့ပါ၏။
11
ယခုမှာ အရှင်က သင့်သခင်ထံသွား၍ ‘ဧလိယနှင့်တွေ့ပါပြီ’ဟု လျှောက်စေပါသည်တကား။
12
အကျွန်ုပ်ထွက်သွားသည်နှင့် ထာဝရဘုရား၏ဝိညာဉ်တော်က အရှင့်ကို အကျွန်ုပ်မသိနိုင်သောနေရာသို့ ဆောင်ယူသွားလျှင် အကျွန်ုပ်သည် အာဟပ်မင်းကြီးကို သွားလျှောက်တင်ပြီးမှ အရှင့်ကို မတွေ့သောအခါ အကျွန်ုပ်ကို သူသတ်ပါလိမ့်မည်။ အရှင့်အစေအပါးအကျွန်ုပ်သည် ငယ်ရွယ်စဉ်မှစ၍ ထာဝရဘုရားကို ကြောက်ရွံ့ရိုသေသူဖြစ်ပါ၏။
13
ထာဝရဘုရား၏ပရောဖက်များကို ယေဇဗေလသတ်ခဲ့စဉ်က အကျွန်ုပ်မည်သို့ပြုပေးခဲ့သည်ကို အရှင်မကြားမိပါသလော။ အကျွန်ုပ်သည် ထာဝရဘုရား၏ပရောဖက်တစ်ရာကို ငါးဆယ်စီခွဲ၍ လိုဏ်ဂူထဲတွင် ဝှက်ထားခဲ့ပြီး အစာရေစာကိုလည်း ကျွေးမွေးခဲ့ပါ၏။
14
ယခုမှာ အရှင်က ‘သင့်သခင်ထံသွား၍ ဤအရပ်၌ ဧလိယရှိ၏’ဟု လျှောက်စေသဖြင့် အကျွန်ုပ်သွားလျှောက်လျှင် အကျွန်ုပ်ကို သူသတ်ပါလိမ့်မည်”ဟု ဆို၏။
15
ထိုအခါ ဧလိယက “ငါကိုးကွယ်သောကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား အသက်ရှင်တော်မူသည်နှင့်အညီ ယနေ့ အာဟပ်မင်းကြီးနှင့် ငါအမှန်ပင်တွေ့မည်”ဟု သူ့အား ပြန်ပြော၏။
16
ထို့ကြောင့် ဩဗဒိသည် အာဟပ်မင်းကြီးထံ ပြန်လာ၍အခစားဝင်ပြီး လျှောက်တင်ရာ အာဟပ်မင်းကြီးသည် ဧလိယကို သွားရောက်တွေ့ဆုံ၏။
17
အာဟပ်မင်းကြီးသည် ဧလိယကို တွေ့သည်နှင့် အာဟပ်မင်းကြီးက “အစ္စရေးလူမျိုးကို ဒုက္ခပေးသူမှာ သင်မဟုတ်လော”ဟု မေးလျှင်
18
ဧလိယက “အစ္စရေးလူမျိုးကို ဒုက္ခပေးသူမှာ ငါမဟုတ်။ ထာဝရဘုရား၏ပညတ်ချက်တို့ကို စွန့်ပယ်ပြီး ဗာလဘုရားနောက်သို့လိုက်သော သင်နှင့်သင့်ဘိုးဘေးတို့၏အမျိုးအနွယ်များပင် ဖြစ်၏။
19
ယခုမှာ အစ္စရေးလူမျိုးအပေါင်းတို့နှင့်တကွ ယေဇဗေလစားပွဲ၌စားသော ဗာလဘုရား၏ပရောဖက်လေးရာ့ငါးဆယ်နှင့် အာရှရနတ်ဘုရားမတံခွန်တိုင်၏ပရောဖက်လေးရာတို့ကို ဆင့်ခေါ်၍ ငါရှိရာကရမေလတောင်ပေါ်တွင် စုဝေးစေလော့”ဟု ဆို၏။
20
အာဟပ်မင်းကြီးသည် အစ္စရေးအမျိုးသားအပေါင်းတို့ကို လူလွှတ်ခေါ်စေပြီး ပရောဖက်တို့ကို ကရမေလတောင်ပေါ်တွင် စုဝေးစေ၏။
21
ဧလိယသည် လူအပေါင်းတို့ထံသို့သွားပြီး “သင်တို့သည် ခံယူချက်နှစ်ခုကြား မည်မျှကြာအောင် ဇဝေဇဝါဖြစ်နေမည်နည်း။ ထာဝရဘုရားသည် ဘုရားသခင်မှန်လျှင် ထာဝရဘုရားနောက်သို့လိုက်လော့။ ဗာလသည် ဘုရားသခင်မှန်လျှင် သူ့နောက်လိုက်လော့”ဟု ဆို၏ ။ လူတို့သည် တစ်ခွန်းမျှ မတုံ့ပြန်ကြ။
22
ဧလိယက ဆက်၍လူတို့အား “ငါတစ်ဦးတည်းသာ ထာဝရဘုရား၏ပရောဖက်အဖြစ် ကျန်ခဲ့၏။ ဗာလဘုရား၏ပရောဖက်များမူကား အယောက်လေးရာ့ငါးဆယ်ရှိ၏။
23
ယခု ငါတို့ကို နွားထီးပျိုနှစ်ကောင်ပေးပါ။ နွားတစ်ကောင်ကို သူတို့အဖို့ ရွေးစေပါ။ ထိုနွားကို ခုတ်ပိုင်းပြီး မီးမမွှေးသေးဘဲထင်းပုံပေါ်တင်စေပါ။ ငါလည်း ကျန်နွားတစ်ကောင်ကို အသင့်ပြင်ပြီး မီးမမွှေးသေးဘဲ ထင်းပုံပေါ်တင်မည်။
24
ထို့နောက် သင်တို့ဘုရား၏နာမကို ခေါ်ပါ။ ငါသည်လည်း ထာဝရဘုရား၏နာမကို ခေါ်မည်။ မီးဖြင့် ထူးတော်မူသောဘုရားသည် ဘုရားသခင်မှန်ပါစေ”ဟု ဆို၏။ လူအပေါင်းတို့ကလည်း “ကောင်းပါပြီ”ဟု ဆိုကြ၏။
25
ထို့နောက် ဧလိယက ဗာလဘုရား၏ပရောဖက်တို့အား “သင်တို့သည် လူများသောကြောင့် သင်တို့အဖို့ နွားတစ်ကောင်ကိုရွေးပြီး အလျင်အသင့်ပြင်ပါ။ ပြီးလျှင် မီးမမွှေးသေးဘဲ သင်တို့ဘုရား၏နာမကို ခေါ်ပါ”ဟု ဆို၏။
26
ထို့ကြောင့် သူတို့ကိုပေးသောနွားအား ယူ၍အသင့်ပြင်ပြီး “အို ဗာလဘုရား၊ အကျွန်ုပ်တို့ကို ထူးတော်မူပါ”ဟု နံနက်အချိန်မှ မွန်းတည့်အချိန်ထိ ဗာလဘုရား၏နာမကိုခေါ်ကြ၏။ သို့သော် တုံ့ပြန်မှုမရှိ။ ထူးသံလည်း မကြားရ။ သူတို့သည် မိမိတို့တည်ထားသောယဇ်ပလ္လင်ပတ်ပတ်လည်တွင် ကခုန်ယိမ်းထိုးလျက်နေကြ၏။
27
မွန်းတည့်ချိန်သို့ရောက်သောအခါ ဧလိယက သူတို့အား “အသံကျယ်ကျယ်အော်ခေါ်ကြပါလော့။ ဗာလသည် ဘုရားမှန်သည်မဟုတ်လော။ ယခု ဈာန်ဝင်စားနေကောင်းနေလိမ့်မည်။ သို့မဟုတ် အလေးအပေါ့ သွားကောင်းသွားနေလိမ့်မည်။ သို့မဟုတ် ခရီးလွန်ကောင်းလွန်နေလိမ့်မည်။ သို့မဟုတ် အိပ်ပျော်ကောင်းအိပ်ပျော်နေလိမ့်မည်။ တစ်ယောက်ယောက် သွားနှိုးရလိမ့်မည်”ဟု လှောင်ပြောင်လေ၏။
28
ထို့ကြောင့် သူတို့သည် အသံကျယ်လောင်စွာအော်ခေါ်သည်သာမက သူတို့ဓလေ့အတိုင်း ကိုယ်ကိုဓားလှံတို့ဖြင့်ထိုးမွှမ်းသဖြင့် သူတို့ကိုယ်ပေါ်တွင် သွေးသံရဲရဲဖြစ်လေ၏။
29
ဤသို့ဖြင့် နေ့တစ်ဝက်ကျိုးလေ၏။ ညဦးပိုင်းယဇ်ပူဇော်ရမည့်အချိန်ထိ သူတို့ပရောဖက်ပြုနေကြသော်လည်း တုံ့ပြန်မှုမရှိ။ ထူးသံကို မကြားရ။ အရေးလုပ်သူလည်း မရှိ။
30
ထိုအခါ ဧလိယက လူအပေါင်းတို့အား “ငါ့အနားသို့ လာကြပါ”ဟု ဆိုလျှင် လူအပေါင်းတို့သည် သူ့အနားသို့ လာကြ၏။ ထို့နောက် ပြိုပျက်သွားသောထာဝရဘုရား၏ယဇ်ပလ္လင်ကို ပြုပြင်လေ၏။
31
“သင့်အမည်ကား အစ္စရေးဖြစ်ရမည်”ဟု ထာဝရဘုရား၏မိန့်ဆိုခြင်းကိုခံရသောယာကုပ်မှ ဆင်းသက်လာသောအမျိုးအနွယ်အရေအတွက်အတိုင်း ဧလိယသည် ကျောက်တုံးတစ်ဆယ့်နှစ်တုံးကိုယူ၍
32
ထာဝရဘုရား၏နာမတည်ရာ ကျောက်ယဇ်ပလ္လင်ကို တည်ပြီးလျှင် ယဇ်ပလ္လင်ပတ်ပတ်လည်တွင် မျိုးစေ့နှစ်စေအာ လောက်ဆန့်သည့်မြောင်းတစ်ခုကို တူး၏။
33
ထင်းများကိုစီထားပြီး နွားကိုလည်း ခုတ်ပိုင်း၍ ထင်းပုံပေါ် တင်၏။
34
ထို့နောက် “အိုးလေးလုံးကို ရေဖြည့်ပြီး မီးရှို့ရာယဇ်ကောင်နှင့် ထင်းများပေါ် လောင်းချပါ”ဟု ဆို၏။ “ဒုတိယအကြိမ် လောင်းပါ”ဟု ဆိုသဖြင့် လူတို့သည် ဒုတိယအကြိမ်ထပ်လောင်းကြ၏။ “တတိယအကြိမ် လောင်းပါ”ဟု ဆိုပြန်သဖြင့် လူတို့သည် တတိယအကြိမ်ထပ်လောင်းကြ၏။
35
ဤသို့ဖြင့် ယဇ်ပလ္လင်ပတ်ပတ်လည်တွင် ရေဝိုင်းနေပြီး မြောင်းထဲတွင်လည်း ရေပြည့်လေ၏။
36
ညဦးပိုင်းယဇ်ပူဇော်ရမည့်အချိန်ရောက်သောအခါ ပရောဖက်ဧလိယသည် ယဇ်ပလ္လင်နားချဉ်းလာ၍ “အာဗြဟံ၊ ဣဇက်၊ အစ္စရေးတို့၏ဘုရားသခင်ထာဝရဘုရား၊ ကိုယ်တော်သည် အစ္စရေးလူမျိုးတွင်ဘုရားသခင်ဖြစ်ကြောင်း၊ အကျွန်ုပ်သည် ကိုယ်တော်၏အစေအပါးဖြစ်ပြီး ကိုယ်တော်၏အမိန့်တော်ဖြင့် ဤအရာအားလုံးကိုပြုခြင်းဖြစ်ကြောင်း ယနေ့ ဤလူတို့ကို သိစေတော်မူပါ။
37
အို ထာဝရဘုရား၊ ထူးတော်မူပါ။ အကျွန်ုပ်ကို ထူးတော်မူပါ။ သို့မှ ထာဝရဘုရားသည် ဘုရားသခင်မှန်ကြောင်း၊ ကိုယ်တော်သည် လူတို့၏စိတ်ကိုပြောင်းလဲစေနိုင်ကြောင်းကို ဤလူတို့သိရလိမ့်မည်”ဟု ဆုတောင်းလေ၏။
38
ထိုအခါ ထာဝရဘုရားထံမှမီးကျလာ၍ မီးရှို့ရာယဇ်ကောင်၊ ထင်း၊ ကျောက်၊ မြေမှုန့်တို့ကိုပါ လောင်ကျွမ်းသဖြင့် မြောင်းထဲမှရေများလည်း ခန်းခြောက်လေ၏။
39
လူအပေါင်းတို့သည် ထိုအဖြစ်ကိုမြင်သောအခါ ပျပ်ဝပ်လျက် “ထာဝရဘုရားသည် ဘုရားသခင်အမှန်ဖြစ်တော်မူ၏။ ထာဝရဘုရားသည် ဘုရားသခင်အမှန်ဖြစ်တော်မူ၏”ဟု ကြွေးကြော်လေ၏။
40
ထိုအခါ ဧလိယက လူတို့အား “ဗာလဘုရား၏ပရောဖက်တို့ကို ဖမ်းဆီးပါ။ တစ်ယောက်မျှမလွတ်စေနှင့်”ဟု ဆိုလျှင် လူတို့က သူတို့ကို ဖမ်းဆီးလေ၏။ ဧလိယသည် သူတို့ကို ကိရှုန်ချောင်းသို့ခေါ်သွားပြီး ထိုအရပ်၌ ကွပ်မျက်လိုက်လေ၏။
41
ထို့နောက် ဧလိယက အာဟပ်မင်းကြီးအား “တက်သွားပြီး စားသောက်ပါလော့။ မိုးသည်းထန်စွာရွာမည့်အသံ ကြားရပြီ”ဟု ဆို၏။
42
အာဟပ်မင်းကြီးလည်း တက်သွား၍စားသောက်လေ၏။ ဧလိယမူကား ကရမေလတောင်ထိပ်သို့ တက်သွားပြီး မြေပေါ်၌ဒူးထောက်လျက် ဒူးနှစ်လုံးကြား၌ မျက်နှာကိုအပ်ထားလေ၏။
43
ထို့နောက် သူ့ငယ်သားအား “ယခု သွားပြီး ပင်လယ်ဘက်သို့ကြည့်ပါ”ဟု ဆိုလျှင် ငယ်သားကသွားကြည့်ပြီး “မည်သည့်အရိပ်အယောင်မျှ မတွေ့ရပါ”ဟု ပြန်လာပြော၏။ ဧလိယက မိမိငယ်သားအား “ထပ်၍သွားပါ”ဟု ခုနစ်ကြိမ်တိုင်တိုင် စေခိုင်းလေ၏။
44
ခုနစ်ကြိမ်မြောက်တွင် ငယ်သားက “လက်တစ်ဝါးစာမိုးတိမ်တစ်ခု ပင်လယ်ဘက်မှတက်လာသည်ကို တွေ့ပါပြီ”ဟု ဆို၏။ ထိုအခါ ဧလိယက “အာဟပ်မင်းကြီးထံသွား၍ ‘ရထားအသင့်ပြင်ပြီး ပြန်ဆင်းသွားလော့။ မိုးကြီး၍မပြန်နိုင်မည်ကို စိုးရပါသည်’ဟူ၍ ပြောကြားလော့”ဟု ဆို၏။
45
ထိုတစ်ခဏချင်းတွင်ပင် မိုးကောင်းကင်မှတိမ်များ မည်းမှောင်အုံ့ဆိုင်းလာသည်သာမက လေများပါတိုက်လာပြီး မိုးသည်းထန်စွာရွာလေတော့သည်။ အာဟပ်မင်းကြီးသည်လည်း ရထားစီးနင်းပြီး ယေဇရေလမြို့သို့ ပြန်သွားလေ၏။
46
ထိုစဉ် ထာဝရဘုရား၏လက်တော်သည် ဧလိယထံသက်ရောက်လာသဖြင့် သူသည် ခါးပန်းကိုစည်းပြီးပြေးရာ အာဟပ်မင်းကြီးကိုကျော်၍ ယေဇရေလမြို့သို့ ကြိုရောက်နှင့်လေ၏။
← Chapter 17
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 19 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22