bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese MSBU
/
1 Kings 21
1 Kings 21
Burmese MSBU
← Chapter 20
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 22 →
1
ယေဇရေလမြို့ရှိ ရှမာရိဘုရင်အာဟပ်မင်းကြီး၏နန်းတော်အနီးတွင် ယေဇရေလမြို့သားနာဗုတ်ပိုင်စပျစ်ခြံရှိ၏။
2
အာဟပ်မင်းကြီးက နာဗုတ်အား “သင့်စပျစ်ခြံသည် ငါ့နန်းတော်နှင့်နီးသောကြောင့် ဟင်းသီးဟင်းရွက်ခြံပြုလုပ်လိုသဖြင့် ငါ့ကို ပေးပါလော့။ ထိုခြံအစား ပိုကောင်းသောစပျစ်ခြံကို ပေးမည်။ သို့မဟုတ် တန်ဖိုးငွေကို သင်အလိုရှိလျှင် ငါပေးမည်”ဟု မိန့်ဆိုလျှင်
3
နာဗုတ်က အာဟပ်မင်းကြီးအား “ဤမြေသည် ဘိုးဘေးတို့ထံမှရထားသောအမွေမြေဖြစ်၏။ ထာဝရဘုရားတားမြစ်ထားသည်ဖြစ်၍ အရှင်မင်းကြီးအား ပေး၍မရပါ”ဟု ပြန်လျှောက်၏။
4
ထိုသို့ “ဘိုးဘေးတို့၏အမွေမြေကို အရှင်မင်းကြီးအား မပေးနိုင်ပါ”ဟု ယေဇရေလမြို့သားနာဗုတ်ဆိုသောစကားကြောင့် အာဟပ်မင်းကြီးသည် စိတ်မကျေမနပ်ဖြစ်၍ မျက်နှာသုန်မှုန်လျက် နန်းတော်သို့ပြန်သွားကာ အစာလည်းမစား သလွန်တော်ပေါ်တွင် တစ်ဖက်သို့လှည့်၍ လှဲနေလေ၏။
5
ထိုအခါ မိဖုရားယေဇဗေလသည် သူ့ထံသို့ဝင်လာပြီး “အရှင်သည် အစားအစာမစားဘဲ စိတ်မကျေမနပ်ဖြစ်နေသည်မှာ အဘယ်ကြောင့်နည်း”ဟု မေးလျှင်
6
မင်းကြီးက “ငါသည် ယေဇရေလမြို့သားနာဗုတ်အား ‘သင့်စပျစ်ခြံကို ငါ့အား ငွေနှင့်ရောင်းပါ။ သို့မဟုတ် သင်အလိုရှိလျှင် ထိုခြံအစား စပျစ်ခြံတစ်ခုကိုပေးပါမည်’ဟု ဆိုသည်ကို သူက ‘အကျွန်ုပ်စပျစ်ခြံကို အရှင်မင်းကြီးအား မပေးနိုင်ပါ’ဟု ဆိုသည်”ဟု ပြန်ဖြေ၏။
7
ထိုအခါ မိဖုရားယေဇဗေလက “မင်းကြီးသည် ယခု အစ္စရေးဘုရင်ဖြစ်သည်မဟုတ်လော။ ထ၍ အစာကိုစားတော်မူပါ။ စိတ်ကိုရွှင်လန်းအောင် ထားပါ။ ယေဇရေလမြို့သားနာဗုတ်၏စပျစ်ခြံကို မင်းကြီးအား အကျွန်ုပ်ကိုယ်တိုင် ဆက်သပါမည်”ဟု လျှောက်ဆိုလေ၏။
8
ထို့နောက် သူသည် အာဟပ်မင်းကြီးအမည်ဖြင့် စာရေးပြီး ရှင်ဘုရင်တံဆိပ်တော်ခတ်နှိပ်ကာ နာဗုတ်နေထိုင်ရာမြို့ရှိ သက်ကြီးဝါကြီးများ၊ မှူးမတ်များထံသို့ ထိုစာကို ပေးပို့လိုက်၏။
9
ထိုစာထဲတွင် “အစာရှောင်ရာနေ့ကို ကြေညာ၍ ထိုနေ့တွင် နာဗုတ်ကို လူတို့ရှေ့တွင် ထိုင်စေလော့။
10
သူနှင့်မျက်နှာချင်းဆိုင်တွင် လူမိုက်နှစ်ယောက်ကိုထိုင်စေ၍ ‘သင်သည် ဘုရားသခင်နှင့်ရှင်ဘုရင်ကို ကျိန်ဆဲလေပြီ’ဟု သက်သေခံစေပြီးလျှင် သူ့ကိုဆွဲထုတ်၍ ကျောက်ခဲနှင့်ပေါက်သတ်စေ”ဟု ရေးထား၏။
11
ထိုမြို့တွင်နေထိုင်သော မြို့သားသက်ကြီးဝါကြီးများနှင့် မှူးမတ်များလည်း သူတို့ထံသို့ပေးပို့သောစာ၌ရေးသားထားသည့် ယေဇဗေလညွှန်ကြားချက်အတိုင်း ပြုကြ၏။
12
သူတို့သည် အစာရှောင်ရာနေ့ကိုကြေညာ၍ နာဗုတ်ကို လူတို့ရှေ့တွင် ထိုင်စေကြ၏။
13
ထိုအခါ လူမိုက်နှစ်ဦးက သူနှင့်မျက်နှာချင်းဆိုင်တွင် လာထိုင်၍ “နာဗုတ်သည် ဘုရားသခင်နှင့်ရှင်ဘုရင်ကို ကျိန်ဆဲပါပြီ”ဟု လူတို့ရှေ့တွင် သက်သေခံကြ၏။ ထို့နောက် သူ့ကို မြို့ပြင်သို့ဆွဲထုတ်ပြီး ကျောက်ခဲနှင့်ပေါက်ကြသဖြင့် သူသေလေ၏။
14
ထို့နောက် ယေဇဗေလထံသို့ လူလွှတ်၍ “နာဗုတ်ကို ကျောက်ခဲနှင့်ပေါက်သတ်၍ သူသေပါပြီ”ဟု သတင်းပို့၏။
15
ထိုသို့ နာဗုတ်သည် ကျောက်ခဲနှင့်ပေါက်သတ်ခံရ၍ သေပြီဖြစ်ကြောင်းကို ယေဇဗေလကြားသိလျှင် အာဟပ်မင်းကြီးအား “နာဗုတ်အသက်မရှင်တော့ပါ။ သူသေပြီဖြစ်၍ သင် ငွေဖြင့်ဝယ်မည်ကို ရောင်းပေးရန်ငြင်းဆန်ခဲ့သော ယေဇရေလမြို့သားနာဗုတ်၏စပျစ်ခြံကို ထ၍သိမ်းယူတော်မူပါ”ဟု လျှောက်တင်၏။
16
နာဗုတ်သေပြီဟု အာဟပ်မင်းကြီးကြားလျှင် ယေဇရေလမြို့သားနာဗုတ်၏စပျစ်ခြံကို သိမ်းယူရန် ထသွားလေ၏။
17
ထိုအခါ ထာဝရဘုရား၏နှုတ်ကပတ်တော်သည် တိရှဘိမြို့သားဧလိယထံသို့ ရောက်လာ၍
18
“ထလော့။ ရှမာရိမြို့ရှိ အစ္စရေးဘုရင်အာဟပ်မင်းကြီးကို သွားတွေ့လော့။ သူသည် နာဗုတ်၏စပျစ်ခြံကို သိမ်းယူရန် သွားလေပြီ။
19
သူ့အား ထာဝရဘုရားက ‘သင်သည် လူကိုသတ်သည်သာမက သူ့ဥစ္စာကိုပါ သိမ်းယူပါပြီတကား’ဟူ၍ မိန့်တော်မူပြီဟု ဆင့်ဆိုလော့။ ထို့ပြင် သူ့အား ထာဝရဘုရားက ‘နာဗုတ်၏သွေးကို ခွေးတို့လျက်သောနေရာတွင် သင့်သွေးကိုလည်း လျက်လိမ့်မည်’ဟူ၍ မိန့်တော်မူပြီဟု ဆင့်ဆိုလော့”ဟု မိန့်ဆို၏။
20
ထိုအခါ အာဟပ်မင်းကြီးက ဧလိယအား “အို ငါ့ရန်သူ၊ သင်သည် ငါ့ကိုတွေ့ပြီလော”ဟု ဆိုလျှင် ဧလိယက “သင်သည် ထာဝရဘုရားရှေ့တော်တွင် မကောင်းမှုပြုရန် သင့်ကိုယ်သင်ရောင်းစားသောကြောင့် သင့်ကိုငါတွေ့ပြီ။
21
ထာဝရဘုရားက ‘ကြည့်ရှုလော့။ ယခု ငါသည် သင့်အပေါ် ဘေးဆိုးကျရောက်စေမည်။ သင့်ကို ငါသုတ်သင်ပယ်ရှင်းမည်။ အစ္စရေးပြည်ရှိ အာဟပ်မင်းကြီးအမျိုးထဲမှ ကျွန်ပြုခံရသူနှင့် ကျွန်ပြုမခံရသူပါမကျန် ယောက်ျားအားလုံးကို ငါပယ်ရှင်းမည်။
22
သင်သည် ငါ့ကို အမျက်ထွက်စေသည်သာမက အစ္စရေးလူမျိုးတို့ကိုပါ အပြစ်ပြုစေသောကြောင့် သင့်အမျိုးအနွယ်ကို နေဗတ်၏သားယေရောဗောင်၏အမျိုးအနွယ်နှင့် အဟိယ၏သားဗာရှာ၏အမျိုးအနွယ်ကဲ့သို့ ဖြစ်စေမည်’ဟု မိန့်တော်မူပြီ။
23
ယေဇဗေလနှင့်ပတ်သက်၍လည်း ထာဝရဘုရားက ‘ယေဇရေလမြို့ရိုးနားတွင် ခွေးတို့သည် ယေဇဗေလကို စားကြလိမ့်မည်’ဟု မိန့်တော်မူပြီ။
24
အာဟပ်မင်းကြီး၏အမျိုးတို့သည် မြို့ထဲ၌သေလျှင် ခွေးတို့စားကြလိမ့်မည်။ မြို့ပြင်၌သေလျှင် မိုးကောင်းကင်ငှက်တို့ စားကြလိမ့်မည်”ဟု ဆို၏။
25
အကယ်စင်စစ် အာဟပ်မင်းကြီးကဲ့သို့မိဖုရားယေဇဗေလ၏သွေးဆောင်မှုနောက်သို့လိုက်ပါသွားပြီး ထာဝရဘုရားရှေ့တော်၌ မကောင်းမှုကိုပြုခြင်းဖြင့် မိမိကိုယ်ကိုရောင်းစားသောသူ တစ်ယောက်မျှမရှိ။
26
သူသည် အစ္စရေးအမျိုးသားတို့ထံမှ ထာဝရဘုရားနှင်ထုတ်တော်မူခဲ့သော အာမောရိလူမျိုးတို့ပြုခဲ့သည့်အတိုင်း ရုပ်တုများနောက်သို့လိုက်၍ စက်ဆုပ်ရွံရှာဖွယ်အမှုများကို ပြုလေ၏။
27
အာဟပ်မင်းကြီးသည် ဧလိယစကားကို ကြားသောအခါ မင်းဝတ်တန်ဆာများကိုဆုတ်ဖြဲပစ်၍ လျှော်တေအဝတ်ကိုဝတ်ကာ အစာရှောင်လေ၏။ လျှော်တေအဝတ်နှင့်ပင်အိပ်၏။ လမ်းလျှောက်လျှင်လည်း မျက်နှာမဖော်ဝံ့။
28
တစ်ဖန် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် တိရှဘိမြို့သား ဧလိယထံသို့ရောက်လာ၍
29
“အာဟပ်မင်းကြီးသည် ငါ့ရှေ့တော်တွင် ကိုယ်ကိုအလွန်နှိမ့်ချသည်ကို သင်မြင်သလော။ ထိုသို့ ငါ့ရှေ့တော်တွင် ကိုယ်ကိုနှိမ့်ချသောကြောင့် သူ့လက်ထက်တွင် ထိုဘေးဆိုးနှင့်မကြုံတွေ့စေရ။ သူ့သားလက်ထက်မှ သူ့အမျိုးအနွယ်ကို ထိုဘေးဆိုးနှင့်ကြုံတွေ့စေမည်”ဟု မိန့်ဆို၏။
← Chapter 20
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 22 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22