bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese MSBU
/
2 Samuel 11
2 Samuel 11
Burmese MSBU
← Chapter 10
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 12 →
1
ထိုနှစ် နွေဦးရာသီ၊ ရှင်ဘုရင်တို့ စစ်ထွက်တိုက်ချိန်ရောက်သောအခါ ဒါဝိဒ်မင်းကြီးသည် ယွာဘနှင့်တပ်မှူးများအပါအဝင် အစ္စရေးစစ်သည်အပေါင်းတို့ကို စစ်ထွက်တိုက်စေ၏။ သူတို့သည် အမ္မုန်အမျိုးသားတို့ကို တိုက်ခိုက်ဖျက်ဆီးပြီး ရဗ္ဗာမြို့ကိုလည်း ဝိုင်းထားလိုက်ကြ၏။ ဒါဝိဒ်မင်းကြီးမူကား ဂျေရုဆလင်မြို့၌ နေရစ်ခဲ့၏။
2
တစ်ညနေတွင် ဒါဝိဒ်မင်းကြီးသည် အိပ်ရာမှထလာပြီး ဘုရင့်နန်းတော်ခေါင်မိုးပြင်သို့တက်၍ စင်္ကြံလျှောက်နေစဉ် အလွန်အဆင်းလှသောမိန်းမတစ်ဦး ရေချိုးနေသည်ကို ထိုခေါင်မိုးပြင်မှ လှမ်းမြင်ရ၏။
3
ထိုအခါ ဒါဝိဒ်မင်းကြီးသည် လူလွှတ်၍ ထိုမိန်းမအကြောင်းကို မေးမြန်းစေရာ “သူသည် ဧလျံ၏သမီး၊ ဟိတ္တိလူမျိုး ဥရိယ၏မယား ဗာသရှေဘ ဖြစ်ပါ၏”ဟု ပြန်လျှောက်ကြ၏။
4
ဒါဝိဒ်မင်းကြီးသည် တမန်တို့ကိုစေလွှတ်၍ ခေါ်စေသဖြင့် ထိုမိန်းမရောက်လာလျှင် ဒါဝိဒ်မင်းကြီးသည် သူနှင့်အိပ်လေ၏။ (ဗာသရှေဘသည် မစင်ကြယ်ခြင်းမှ သန့်စင်ပြီးချိန်ဖြစ်၏။) ထို့နောက် သူသည် အိမ်သို့ ပြန်သွား၏။
5
ထိုမိန်းမသည် ကိုယ်ဝန်ရလာသဖြင့် ဒါဝိဒ်မင်းကြီးထံသို့ လူလွှတ်၍ “အကျွန်ုပ်၌ ကိုယ်ဝန်ရှိနေပြီ”ဟု လျှောက်စေ၏။
6
ထိုအခါ ဒါဝိဒ်မင်းကြီးသည် ယွာဘထံသို့ လူလွှတ်၍ “ဟိတ္တိလူမျိုး ဥရိယကို ငါ့ထံ လွှတ်လိုက်ပါ”ဟု ဆိုသဖြင့် ယွာဘသည် ဥရိယကို ဒါဝိဒ်မင်းကြီးထံ လွှတ်လိုက်လေ၏။
7
ဥရိယရောက်လာသောအခါ ဒါဝိဒ်မင်းကြီးသည် ယွာဘနှင့် စစ်သည်တို့၏အခြေအနေ၊ စစ်ပွဲအခြေအနေ တို့ကို မေးမြန်း၏။
8
ထို့နောက် ဒါဝိဒ်မင်းကြီးက ဥရိယအား “သင့်အိမ်သို့ပြန်သွားပြီး ခြေဆေးပါ”ဟု မိန့်ဆိုသဖြင့် ဥရိယလည်း ဘုရင့်နန်းတော်မှထွက်သွား၏။ ရှင်ဘုရင်က သူ့အဖို့ စားကောင်းသောက်ဖွယ်များလည်း ပေးလိုက်သေး၏။
9
သို့သော် ဥရိယသည် အိမ်မပြန်ဘဲ မိမိသခင်၏အမှုထမ်းအပေါင်းတို့နှင့်အတူ ဘုရင့်နန်းတော်တံခါးဝတွင် အိပ်လေ၏။
10
“ဥရိယသည် သူ့အိမ်သို့မပြန်ပါ”ဟူသောသတင်းကို ဒါဝိဒ်မင်းကြီးကြားသိ၏။ ထိုအခါ ဒါဝိဒ်မင်းကြီးက ဥရိယအား “သင်သည် ခရီးဝေးကပြန်လာရသည်မဟုတ်လော။ အဘယ်ကြောင့် သင့်အိမ်သို့မပြန်သနည်း”ဟု မေး၏။
11
ထိုအခါ ဥရိယက ဒါဝိဒ်မင်းကြီးအား “သေတ္တာတော်နှင့်တကွ အစ္စရေးလူမျိုး၊ ယုဒလူမျိုးတို့သည် တဲများ၌သာ နေကြပါ၏။ အကျွန်ုပ်၏သခင် ယွာဘနှင့် အကျွန်ုပ်သခင်၏စစ်သည်တို့သည်လည်း ကွင်းပြင်၌သာ စခန်းချကြပါ၏။ အကျွန်ုပ်မူကား အိမ်သို့ပြန်ပြီး စားသောက်လျက်၊ မယားနှင့်အိပ်လျက် နေသင့်ပါသလော။ မင်းကြီးအသက်ရှင်တော်မူသည်နှင့်အညီ အကျွန်ုပ် ထိုသို့မပြုသင့်ပါ”ဟု ပြန်လျှောက်လေ၏။
12
ထိုအခါ ဒါဝိဒ်မင်းကြီးက ဥရိယအား “ယနေ့ သည်မှာနေပါ။ မနက်ဖြန်မှ သင့်ကို ပြန်လွှတ်မည်”ဟု ဆိုသဖြင့် ဥရိယသည် နောက်တစ်နေ့အထိ ဂျေရုဆလင်မြို့တွင် နေ၏။
13
နောက်မှ ဒါဝိဒ်မင်းကြီးသည် သူ့ကို စားသောက်ပွဲသို့ ဖိတ်ပြီး မူးအောင် သောက်စေ၏။ သို့သော် နေဝင်ချိန်တွင် သူသည် အိမ်သို့မပြန်ဘဲ သူ့သခင်၏အစေအပါးများနှင့်အတူ သွားအိပ်လေ၏။
14
နံနက်ရောက်လျှင် ဒါဝိဒ်မင်းကြီးသည် ယွာဘထံသို့ စာတစ်စောင်ရေးပြီး ဥရိယနှင့် ပို့လိုက်၏။
15
ထိုစာ၌ “တိုက်ပွဲပြင်းထန်သောနေရာတွင် ဥရိယကို ရှေ့တန်းတက်စေပြီး သင်တို့က နောက်ပြန်ဆုတ်ပါ။ သူအတိုက်ခိုက်ခံရပြီး သေပါစေ”ဟု ရေးထား၏။
16
ထို့ကြောင့် ယွာဘသည် မြို့ကိုသေချာစောင့်ကြည့်ထား၍ ရဲစွမ်းသတ္တိထက်မြက်သောစစ်သည်တို့ ရှိသည့်နေရာကို သိလျှင် ဥရိယကို ထိုနေရာတွင် ချထား၏။
17
မြို့ထဲမှစစ်သည်တို့ ထွက်လာပြီး ယွာဘနှင့် တိုက်ခိုက်သောအခါ ဒါဝိဒ်မင်းကြီး၏စစ်မှုထမ်းထဲမှ စစ်သည်အချို့ ကျဆုံးကြ၏။ ဟိတ္တိလူမျိုး ဥရိယလည်း ကျဆုံးလေ၏။
18
ယွာဘသည် စစ်ပွဲသတင်းအလုံးစုံကို ဒါဝိဒ်မင်းကြီးထံ လူလွှတ်၍ ကြားပြောစေ၏။
19
ယွာဘက စေတမန်အား “သင်သည် စစ်ပွဲသတင်းများကို ရှင်ဘုရင်အား အလုံးစုံပြောကြားပြီးနောက်
20
အကယ်၍ ရှင်ဘုရင်အမျက်ထွက်ပြီး သင့်အား ‘သင်တို့ အဘယ်ကြောင့် မြို့နားကပ်ပြီး တိုက်ခိုက်ကြသနည်း။ မြို့ရိုးပေါ်မှနေ၍ သူတို့ပစ်ခတ်နိုင်သည်ကို မသိကြသလော။
21
ယေရုဗေရှက်၏သား အဘိမလက်ကို မည်သူသတ်သနည်း။ သေဗက်မြို့တွင် မိန်းမတစ်ယောက်မြို့ရိုးပေါ်မှနေ၍ကြိတ်ဆုံကျောက်ကို ပစ်ချသဖြင့် သူသေခဲ့သည်မဟုတ်လော။ သင်တို့ အဘယ်ကြောင့် မြို့ရိုးနားသို့ ကပ်သွားရသနည်း’ဟု ဆိုလျှင် ‘အရှင့်အစေအပါး ဟိတ္တိလူမျိုး ဥရိယလည်း ကျဆုံးပြီ’ဟူ၍ လျှောက်တင်လော့”ဟု ညွှန်ကြားလိုက်၏။
22
တမန်သည်လည်း ထွက်လာ၍ ဒါဝိဒ်မင်းကြီးထံသို့ရောက်သောအခါ ယွာဘမှာလိုက်သမျှအတိုင်း ကြားလျှောက်လေ၏။
23
တမန်က ဒါဝိဒ်မင်းကြီးအား “ထိုမြို့သားတို့သည် အကျွန်ုပ်တို့ထက် ခွန်အားကြီးကြ၏။ မြို့ပြင်အထိ အကျွန်ုပ်တို့ကို ထွက်တိုက်ကြ၏။ သို့သော် အကျွန်ုပ်တို့လည်း သူတို့ကို မြို့တံခါးဝအထိ ပြန်တိုက်ပါ၏။
24
လေးသည်တော်တို့သည် မြို့ရိုးပေါ်မှနေ၍ ကျွန်တော်မျိုးတို့ကို လေးနှင့်ပစ်ကြရာ ရှင်ဘုရင်၏လူအချို့ ကျဆုံးကြပါ၏။ အရှင့်အမှုထမ်း ဟိတ္တိလူမျိုး ဥရိယလည်း ကျဆုံးပါပြီ”ဟု လျှောက်လေ၏။
25
ထိုအခါ ဒါဝိဒ်မင်းကြီးက တမန်အား “သင်သည် ယွာဘအား ‘ဤအမှုကား ဆိုးလှသည်ဟု သင်မမြင်နှင့်။ ဓားသည် တစ်ယောက်မဟုတ်တစ်ယောက် ဝါးမျိုတတ်၏။ မြို့ကိုသာ ဖိတိုက်ပြီး ဖျက်ဆီးပစ်ပါ’ဟု ပြန်ပြောလော့။ သူ့ကိုလည်း အားပေးလော့”ဟု ဆို၏။
26
ဥရိယ၏မယားသည် သူ၏ခင်ပွန်းဥရိယကျဆုံးကြောင်း ကြားသိသောအခါ ခင်ပွန်းအတွက် ငိုကြွေးမြည်တမ်းလေ၏။
27
ငိုကြွေးမြည်တမ်းချိန်လွန်သောအခါ ဒါဝိဒ်မင်းကြီးသည် လူလွှတ်၍ သူ့ကို နန်းတော်သို့ ခေါ်လာစေ၏။ သူသည် မိဖုရားဖြစ်လာပြီး သားကိုမွေးဖွား၏။ သို့သော် ဤသို့ ဒါဝိဒ်မင်းကြီးပြုသောအမှုသည် ထာဝရဘုရားရှေ့တော်၌ ဆိုးညစ်သောအမှုဖြစ်၏။
← Chapter 10
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 12 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24