bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese MSBU
/
2 Samuel 19
2 Samuel 19
Burmese MSBU
← Chapter 18
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 20 →
1
“ရှင်ဘုရင်သည် အဗရှလုံအတွက်ကြောင့် ငိုကြွေးမြည်တမ်းနေရပါပြီ”ဟု ယွာဘထံ သတင်းရောက်လာ၏။
2
“ရှင်ဘုရင်သည် သားတော်အဗရှလုံကြောင့် စိတ်ထိခိုက်နေရသည်”ဟူသောသတင်းကို စစ်သည်တို့ ကြားသိရလျှင် ထိုနေ့၌ရသောအောင်မြင်ခြင်းသည် သူတို့အတွက် ဝမ်းနည်းခြင်းဖြစ်ရလေ၏။
3
စစ်ပွဲမှထွက်ပြေးပြီး အရှက်ကွဲရသူတို့ ပုန်းလျှိုးကွယ်လျှိုးပြန်လာရသကဲ့သို့ ထိုနေ့တွင် စစ်သည်တို့သည် မြို့ထဲသို့ ပုန်းလျှိုးကွယ်လျှိုးဝင်လာကြ၏။
4
ရှင်ဘုရင်သည် မျက်နှာကိုဖုံးထား၍ “ငါ့သား အဗရှလုံ၊ ငါ့သား ငါ့သား အဗရှလုံ”ဟု ကျယ်လောင်စွာအော်ဟစ်ငိုကြွေးလေ၏။
5
ယွာဘသည် ရှင်ဘုရင်ရှိရာနန်းတွင်းသို့ဝင်၍ “ယနေ့ အရှင်မင်းကြီး၏အသက်၊ သားတော်သမီးတော်တို့၏အသက်၊ မိဖုရားမောင်းမတော်တို့၏အသက်ကို ကယ်တင်ပေးခဲ့သောစစ်သည်အပေါင်းတို့ကို အရှင်မင်းကြီး အရှက်ခွဲလေပြီ။
6
အရှင်မင်းကြီးသည် အရှင့်အား မုန်းသောသူကိုချစ်ပြီး အရှင့်အားချစ်သောသူကို မုန်းလေပြီ။ မှူးမတ်များ၊ မင်းမှုထမ်းများသည် အရှင့်အဖို့ ဘာမျှမဟုတ်ကြောင်းကို ယနေ့ အရှင်မင်းကြီး ထင်ထင်ရှားရှားဖော်ပြလိုက်ပြီ။ အဗရှလုံအသက်ရှင်ကျန်ခဲ့ပြီး ယနေ့ အကျွန်ုပ်တို့အားလုံး သေသွားလျှင်ပင် အရှင်မင်းကြီးအားရဝမ်းသာဖြစ်မည်ကို ယနေ့ အကျွန်ုပ်သိရပါပြီ။
7
ယခု ထပါ။ အရှင့်အမှုထမ်းတို့ထံသွား၍ နှစ်သိမ့်စကားမြွက်ဆိုပေးပါ။ အရှင်မင်းကြီးမသွားလျှင် ယခုညတွင်ပင် အရှင်မင်းကြီးထံပါး၌ မည်သူမျှကျန်ခဲ့မည်မဟုတ်ပါ။ ဤအမှုသည် အရှင်မင်းကြီး ငယ်စဉ်မှစ၍ ယခုချိန်ထိ ကြုံဖူးသောဒုက္ခအားလုံးထဲတွင် အဆိုးဆုံးဖြစ်လိမ့်မည်ကို ထာဝရဘုရားကိုတိုင်တည်၍ အကျွန်ုပ်ကျိန်ဝံ့ပါ၏”ဟု လျှောက်တင်လေ၏။
8
ထိုအခါ ရှင်ဘုရင်သည် ထ၍မြို့တံခါး၌ သွားထိုင်၏။ လူအပေါင်းတို့ကလည်း “ကြည့်ရှုလော့။ မြို့တံခါး၌ ရှင်ဘုရင် ထိုင်တော်မူ၏”ဟု တစ်ဆင့်စကားကြားသိကြလျှင် ရှင်ဘုရင်ထံသို့ လာကြ၏။ အစ္စရေးလူမျိုးတို့မူကား မိမိတို့အိမ်သို့ အသီးသီးပြန်ပြေးကြ၏။
9
ထို့နောက်တွင် အစ္စရေးအမျိုးအနွယ်အပေါင်းတို့က “ငါတို့ကို ရန်သူ့လက်မှ ကယ်တင်သူမှာ ရှင်ဘုရင်ဖြစ်၏။ ငါတို့ကို ဖိလိတ္တိလူမျိုးတို့လက်မှ လွတ်မြောက်စေသူမှာလည်း ရှင်ဘုရင်ပင် ဖြစ်၏။ သို့သော် ယခုမှာ အဗရှလုံကြောင့် ရှင်ဘုရင်မှာ တိုင်းပြည်မှ ထွက်ပြေးနေရပါပြီ။
10
ငါတို့ ဘိသိက်သွန်းမင်းမြှောက်ပေးခဲ့သော အဗရှလုံလည်း တိုက်ပွဲတွင် ကျဆုံးလေပြီ။ ယခုမှာ ရှင်ဘုရင်ကို ပြန်မကြွစေဘဲ အဘယ်ကြောင့်ငြိမ်နေကြသနည်း”ဟု အပြန်အလှန် ငြင်းခုံနေကြ၏။
11
ဒါဝိဒ်မင်းကြီးသည် ယဇ်ပုရောဟိတ်ဇာဒုတ်နှင့် အဗျာသာတို့ထံ လူလွှတ်၍ “ယုဒသက်ကြီးဝါကြီးတို့အား ‘အစ္စရေးလူမျိုးအပေါင်းတို့၏စကားသည် ဘုရင့်နန်းတော်သို့ပင် ရောက်လာလေပြီ။ သင်တို့မူကား ရှင်ဘုရင်ကို နန်းတော်သို့ပြန်လည်ခေါ်ဆောင်ရန် အဘယ်ကြောင့် နောက်ကျနေသနည်း။
12
ငါ့ညီအစ်ကို၊ ငါ့အရိုးအသားဖြစ်သောသင်တို့သည် ရှင်ဘုရင်ကို နန်းတော်သို့ပြန်လည်ခေါ်ဆောင်ရန် အဘယ်ကြောင့် နောက်ကျနေရသနည်း’ဟု ပြောလော့။
13
အာမသကိုလည်း ‘သင်သည် ငါ့အရိုးအသား ဖြစ်သည်မဟုတ်လော။ ယွာဘအစား သင့်ကို အမြဲတမ်းစစ်ဗိုလ်ချုပ်အဖြစ် ခန့်အပ်ပြီ။ ထိုသို့မပြုလျှင် ဘုရားသခင်သည် ငါ့အား ထိုထက်မကပြုတော်မူပါစေသော’ဟူ၍ ပြောကြားလော့”ဟု မှာလိုက်လေ၏။
14
ဤသို့ ရှင်ဘုရင်သည် ယုဒအမျိုးသားအပေါင်းတို့၏စိတ်နှလုံးကို တစ်ပေါင်းတစ်စည်းတည်း သိမ်းသွင်းနိုင်ခဲ့သဖြင့် သူတို့ကလည်း ရှင်ဘုရင်ထံ “အရှင်မင်းကြီးနှင့်တကွ မင်းမှုထမ်းအပေါင်းတို့ ပြန်လာကြပါ”ဟု လျှောက်တင်စေကြ၏။
15
ရှင်ဘုရင်ပြန်ကြွ၍ ဂျော်ဒန်မြစ်နားသို့ရောက်လာ၏။ ယုဒလူမျိုးတို့သည်လည်း ရှင်ဘုရင်ကိုကြိုဆို၍ ဂျော်ဒန်မြစ်တစ်ဖက်ကမ်းသို့ သွားရောက်ပို့ဆောင်ရန် ဂိလဂါလမြို့သို့ ရောက်လာကြ၏။
16
ထိုအခါ ဗာဟုရိမ်မြို့မှ ဗင်္ယာမိန်အမျိုးသားဖြစ်သူ ဂေရ၏သား ရှိမိသည် ယုဒလူမျိုးတို့နှင့်အတူ ရှင်ဘုရင်ကို ကြိုဆိုရန် အလျင်အမြန် ဆင်းသွား၏။
17
သူနှင့်အတူ ဗင်္ယာမိန်အမျိုးသားအယောက်တစ်ထောင်၊ ရှောလုအိမ်သား၏အစေခံ ဇိဘနှင့်သား တစ်ဆယ့်ငါးယောက်၊ အစေအပါးအယောက်နှစ်ဆယ်တို့လည်း ရှင်ဘုရင်ရှိရာ ဂျော်ဒန်မြစ်သို့ အလျင်အမြန်ရောက်လာကြပြီး
18
သူတို့သည် ရှင်ဘုရင်နှင့် နန်းတွင်းသူနန်းတွင်းသားတို့ကို တစ်ဖက်ကမ်းသို့ ပို့ပေးရန်နှင့် ရှင်ဘုရင်အလိုရှိသည်ကို လုပ်ဆောင်ပေးရန် ကူးတို့ဆိပ်မှ ကူးလာကြ၏။ ဂျော်ဒန်မြစ်ကို ရှင်ဘုရင်ဖြတ်ကူးသောအခါ ဂေရ၏သား ရှိမိသည် ရှင်ဘုရင်ရှေ့၌ ပျပ်ဝပ်လျက်
19
ရှင်ဘုရင်အား “အကျွန်ုပ်၏သခင်၊ အကျွန်ုပ်ကို အပြစ်ယူတော်မမူပါနှင့်။ အကျွန်ုပ်၏သခင် အရှင်မင်းကြီး ဂျေရုဆလင်မြို့မှထွက်ခွာသွားရသောနေ့က ကျွန်တော်မျိုးပြုမိသောအမှားများကို အရှင်မင်းကြီး နှလုံးသွင်းပြီး အောက်မေ့တော်မမူပါနှင့်။
20
အကျွန်ုပ်ပြစ်မှားမိခဲ့ကြောင်းကို အရှင့်အစေအပါးအကျွန်ုပ် သိပါ၏။ သို့ဖြစ်၍ ယနေ့ အကျွန်ုပ်၏သခင် အရှင်မင်းကြီးကိုကြိုဆိုရန် ယောသပ်အမျိုးအနွယ်အပေါင်းတို့တွင် အကျွန်ုပ်သည် အဦးဆုံးရောက်လာသူဖြစ်ပါ၏”ဟု လျှောက်တင်လေ၏။
21
ထိုအခါ ဇေရုယာ၏သား အဘိရှဲက “ရှိမိသည် ထာဝရဘုရား ဘိသိက်ပေးတော်မူသောသူကို ကျိန်ဆဲခဲ့လေပြီ။ ထို့အတွက်ကြောင့် သူအသေသတ်ခြင်းခံရမည် မဟုတ်လော”ဟု ဆိုလျှင်
22
ဒါဝိဒ်မင်းကြီးက “ဇေရုယာ၏သားတို့၊ ယနေ့ ငါနှင့် ဘက်ပြိုင်မည့်အကြောင်း သင်တို့နှင့် ငါ အဘယ်သို့ဆိုင်သနည်း။ ယနေ့ အစ္စရေးလူတစ်ဦးဦးကို သတ်ရမှဖြစ်မည်လော။ စင်စစ် ယနေ့ ငါသည် အစ္စရေးလူမျိုးတို့၏ဘုရင်ဖြစ်သည်ကို ငါမသိဘဲနေမည်လော”ဟု မိန့်တော်မူ၏။
23
ထို့နောက် ရှင်ဘုရင်က ရှိမိအား “သင် မသေရ”ဟု ကတိသစ္စာပြုလေ၏။
24
ရှောလုမင်းကြီး၏မြေး မေဖိဗောရှက်သည်လည်း ရှင်ဘုရင်ကို ကြိုဆိုရန် ဆင်းလာ၏။ ရှင်ဘုရင်ထွက်သွားသည့်နေ့မှစ၍ ဘေးကင်းစွာပြန်လာသည့်နေ့အထိ သူသည် ကိုယ့်ခြေကို မဆေး၊ နှုတ်ခမ်းမွေးကို မရိတ်၊ အဝတ်ကိုလည်း မလျှော်ဖွပ်ဘဲ နေ၏။
25
ဤသို့ သူသည် ရှင်ဘုရင်ကို ကြိုဆိုရန် ဂျေရုဆလင်မြို့သို့ရောက်လာသောအခါ ရှင်ဘုရင်က သူ့အား “မေဖိဗောရှက်၊ အဘယ်ကြောင့် သင်သည် ငါနှင့် မလိုက်ခဲ့သနည်း”ဟု မေးလျှင်
26
သူကလည်း “အကျွန်ုပ်၏သခင် အရှင်မင်းကြီး၊ အကျွန်ုပ်သည် ခြေမသန်သူဖြစ်၍ အကျွန်ုပ်က အကျွန်ုပ်၏အစေအပါးအား ‘ငါသည် ရှင်ဘုရင်နှင့်အတူလိုက်သွားမည်ဖြစ်၍ ငါစီးဖို့ မြည်းကိုကုန်းနှီးတင်ပေးပါ’ဟု ဆိုသော်လည်း သူသည် အကျွန်ုပ်ကို လှည့်စားခဲ့ပါ၏။
27
ထို့ပြင် အကျွန်ုပ်၏သခင် အရှင်မင်းကြီးထံ ကျွန်တော်မျိုးကို ကုန်းချောခဲ့ပါသေး၏။ အကျွန်ုပ်၏သခင် အရှင်မင်းကြီး၊ အရှင်သည် ဘုရားသခင်၏ကောင်းကင်တမန်ကဲ့သို့ဖြစ်ပါသည်။ အရှင်အလိုရှိသည့်အတိုင်း ပြုတော်မူပါ။
28
အကျွန်ုပ်ဖခင်၏အိမ်သူအိမ်သားတို့သည် အကျွန်ုပ်သခင်အရှင်မင်းကြီးရှေ့၌ ဘာမျှမဟုတ်၊ သေလူများသာ ဖြစ်ပါသော်လည်း ကျွန်တော်မျိုးကို အရှင့်စားပွဲ၌ စားရသောသူတို့နှင့်အတူ နေရာပေးခဲ့ပါ၏။ သို့ဖြစ်၍ အကျွန်ုပ်သည် အရှင်မင်းကြီးထံ အဘယ်အရာတောင်းဆိုခွင့်ရှိဦးမည်နည်း”ဟု လျှောက်တင်လေ၏။
29
ထိုအခါ ရှင်ဘုရင်က သူ့အား “သင် အဘယ်ကြောင့် ဤစကားကို ထပ်ပြောနေရသနည်း။ ‘မြေကို သင်နှင့် ဇိဘ ခွဲဝေယူရမည်’ဟု ငါဆိုခဲ့ပြီ”ဟု မိန့်ဆိုလျှင်
30
မေဖိဗောရှက်က ရှင်ဘုရင်အား “အကျွန်ုပ်၏သခင်အရှင်မင်းကြီးသည် နန်းတော်သို့ ဘေးကင်းစွာပြန်ရောက်ပြီဖြစ်၍ သူသည် ဤမြေအားလုံးကို ယူပါစေ”ဟု လျှောက်တင်လေ၏။
31
ဂိလဒ်ပြည်သား ဗာဇိလဲသည်လည်း ရှင်ဘုရင်ကို ဂျော်ဒန်မြစ်တစ်ဖက်ကမ်းသို့ ပို့ဆောင်ရန် ရောဂေလိမ်မြို့မှ ဂျော်ဒန်မြစ်သို့ ဆင်းလာ၏။
32
ဗာဇိလဲသည် အသက်ရှစ်ဆယ်ရှိပြီဖြစ်၍ အိုမင်းလှပြီ။ သူသည် အလွန်ချမ်းသာသောသူဖြစ်၍ မဟာနိမ်အရပ်တွင် ရှင်ဘုရင်စံမြန်းနေစဉ်အတွင်း ကျွေးမွေးပြုစုခဲ့၏။
33
ရှင်ဘုရင်က ဗာဇိလဲအား “ငါနှင့်အတူ တစ်ဖက်ကမ်းကို လိုက်ခဲ့ပါ။ ဂျေရုဆလင်မြို့တွင် သင့်ကို ငါ ကျွေးမွေးပြုစုမည်”ဟု ဆို၏။
34
ထိုအခါ ဗာဇိလဲက ရှင်ဘုရင်အား “အရှင်မင်းကြီးနှင့်အတူ ဂျေရုဆလင်မြို့သို့ လိုက်ရလောက်အောင် အကျွန်ုပ် မည်မျှအသက်ရှည်ပါဦးမည်နည်း။
35
ယခု အကျွန်ုပ်အသက်ရှစ်ဆယ် ရှိပါပြီ။ အကျွန်ုပ်သည် အကောင်း၊ အဆိုး ပိုင်းခြားနိုင်ပါဦးမည်လော။ ကျွန်တော်မျိုးသည် အစားအသောက်များကို အရသာခံနိုင်ပါဦးမည်လော။ သီချင်းသည်ယောက်ျားမိန်းမတို့၏သီချင်းသံကိုလည်း နားဆင်နိုင်ပါဦးမည်လော။ အကျွန်ုပ်၏သခင် အရှင်မင်းကြီးကို ကျွန်တော်မျိုး အဘယ်ကြောင့် ဝန်ထုပ်ဝန်ပိုး ဖြစ်စေရပါမည်နည်း။
36
အရှင်မင်းကြီး အဘယ်ကြောင့် ကျွန်တော်မျိုးအား ဤဆုလာဘ်ကို ပေးသနားတော်မူရပါမည်နည်း။ အရှင်မင်းကြီးနှင့်အတူ ဂျော်ဒန်မြစ်ကို အနည်းငယ် လိုက်ကူးပြီးလျှင်
37
ကျွန်တော်မျိုး ပြန်သွားပါရစေ။ အကျွန်ုပ်၏မိဘတို့သင်္ချိုင်းရှိရာ အကျွန်ုပ်၏ဇာတိမြို့တွင်ပင် အကျွန်ုပ် သေပါရစေ။ အရှင့်အစေအပါး ခိမဟံ ရှိပါ၏။ သူ့ကို အကျွန်ုပ်၏သခင် အရှင်မင်းကြီးနှင့်အတူ တစ်ဖက်ကမ်းသို့ ခေါ်သွား၍ အလိုရှိသည့်အတိုင်း သူ့အတွက် ပြုပေးပါ”ဟု လျှောက်တင်လေ၏။
38
ရှင်ဘုရင်ကလည်း “ခိမဟံကို ငါနှင့်အတူ တစ်ဖက်ကမ်းသို့ခေါ်သွားပါမည်။ သင်အလိုရှိသည်အတိုင်း သူ့ကို ပြုပေးပါမည်။ သင်အလိုရှိသမျှကိုလည်း သင့်အဖို့ ငါပြုပေးပါမည်”ဟု မိန့်ဆို၏။
39
ထို့နောက် လူအားလုံး ဂျော်ဒန်မြစ်ကို ဖြတ်ကူးကြ၏။ ရှင်ဘုရင်သည် ဗာဇိလဲကို နမ်း၍ကောင်းချီးပေးပြီးမှ ကူးသွား၏။ ဗာဇိလဲသည်လည်း မိမိနေရပ်သို့ ပြန်သွားလေ၏။
40
ထိုမှ ရှင်ဘုရင်သည် ဂိလဂါလမြို့သို့ ရောက်လေ၏။ ခိမဟံလည်း လိုက်ပါလာ၏။ ယုဒလူမျိုးအားလုံးနှင့် အစ္စရေးလူမျိုးတစ်ဝက်တို့သည်လည်း ရှင်ဘုရင်ကို လိုက်ပို့ကြ၏။
41
ထို့နောက် အစ္စရေးအမျိုးသားအပေါင်းတို့သည် ရှင်ဘုရင်ထံသို့ လာပြီး ရှင်ဘုရင်အား “အကျွန်ုပ်တို့၏ညီအစ်ကို ယုဒအမျိုးသားတို့သည် အရှင့်ကို အဘယ်ကြောင့် ခိုးယူပြီး အရှင်မင်းကြီးမှစ၍ နန်းတွင်းသူနန်းတွင်းသားများနှင့်တကွ ဒါဝိဒ်မင်းကြီး၏လူအားလုံးကို ဂျော်ဒန်မြစ်တစ်ဖက်ကမ်းသို့ ကူးစေကြသနည်း”ဟု လျှောက်တင်ကြ၏။
42
ယုဒအမျိုးသားအပေါင်းတို့ကလည်း အစ္စရေးအမျိုးသားတို့အား “ရှင်ဘုရင်သည် ငါတို့၏ဆွေမျိုးရင်းချာဖြစ်၏။ ဤအမှုကြောင့် သင်တို့ အဘယ်ကြောင့် အမျက်ထွက်ကြသနည်း။ ရှင်ဘုရင်၏ရိက္ခာတော်ကို ငါတို့စားကြသလော။ ရှင်ဘုရင်ထံမှ တစ်စုံတစ်ရာကို ငါတို့ယူကြသလော”ဟု ပြန်ပြောကြလျှင်
43
အစ္စရေးအမျိုးသားတို့ကလည်း ယုဒအမျိုးသားတို့အား “ရှင်ဘုရင်၌ ငါတို့ဝေစုဆယ်စုရှိ၏။ ထို့ကြောင့် သင်တို့နှင့်ယှဉ်လျှင် ငါတို့သည် ဒါဝိဒ်မင်းကြီးနှင့်ပို၍စပ်ဆိုင်၏။ အဘယ်ကြောင့် ငါတို့ကို မထီလေးစားပြုရသနည်း။ ငါတို့ဘုရင်ကို ငါတို့ အဦးဆုံးပြန်ခေါ်ရမည်မဟုတ်လော”ဟု ပြန်ပြောကြ၏။ သို့သော် ယုဒအမျိုးသားတို့၏စကားသည် အစ္စရေးအမျိုးသားတို့၏စကားထက် ပို၍ခိုင်မာ၏။
← Chapter 18
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 20 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24