bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese MSBU
/
Deuteronomy 28
Deuteronomy 28
Burmese MSBU
← Chapter 27
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 29 →
1
သင်သည် သင်၏ဘုရားသခင်ထာဝရဘုရား၏စကားတော်ကို သေချာစွာနားထောင်၍ ယနေ့သင့်အား ငါမှာကြားသော ကိုယ်တော်၏ပညတ်တော်ရှိသမျှတို့ကို လိုက်နာစောင့်ထိန်းလျှင် သင်၏ဘုရားသခင်ထာဝရဘုရားသည် ကမ္ဘာမြေကြီးပေါ်ရှိ လူမျိုးအပေါင်းတို့ထက် သင့်ကိုချီးမြှင့်တော်မူမည်။
2
သင်၏ဘုရားသခင်ထာဝရဘုရား၏စကားတော်ကို နားထောင်လျှင် သင့်အပေါ်သက်ရောက်မည့်ကောင်းချီးမင်္ဂလာ၊ သင်ခံစားရမည့် ကောင်းချီးမင်္ဂလာအပေါင်းကား ဤသို့ဖြစ်၏။
3
သင်သည် မြို့၌ ကောင်းချီးခံစားရမည်။ တော၌လည်း ကောင်းချီးခံစားရမည်။
4
သင့်သားသမီး၊ သင့်မြေ၏အသီးအနှံ၊ သင့်တိရစ္ဆာန်၏သားပေါက်များဖြစ်သည့် သင့်နွားသားပေါက်များ၊ သင့်သိုးဆိတ်သားပေါက်များသည် ကောင်းချီးခံစားရမည်။
5
သင့်တောင်း၊ သင့်မုန့်နယ်ခွက်သည် ကောင်းချီးခံစားရမည်။
6
သင်သွားသည်ဖြစ်စေ၊ လာသည်ဖြစ်စေ ကောင်းချီးခံစားရမည်။
7
ထာဝရဘုရားသည် သင့်ကိုပုန်ကန်ထကြွသောရန်သူတို့ကို သင့်ရှေ့မှောက်၌ ရှုံးနိမ့်စေတော်မူမည်။ သူတို့သည် သင့်ထံသို့ လမ်းတစ်လမ်းတည်းဖြင့် လာကြသော်လည်း သင့်ထံမှ လမ်းခုနစ်သွယ်ဖြင့် ထွက်ပြေးကြရလိမ့်မည်။
8
ထာဝရဘုရားသည် သင်၏ကျီ၌လည်းကောင်း၊ သင်လုပ်ဆောင်လေရာရာ၌လည်းကောင်း ကောင်းချီးမင်္ဂလာ သက်ရောက်စေတော်မူမည်။ သင်၏ဘုရားသခင်ထာဝရဘုရားပေးတော်မူသောပြည်၌ သင်ကောင်းချီးခံစားရမည်။
9
သင်သည် သင်၏ဘုရားသခင်ထာဝရဘုရား၏ပညတ်တော်များကိုစောင့်ထိန်း၍ ကိုယ်တော်၏လမ်းတော်အတိုင်း လိုက်လျှောက်လျှင် သင့်အား ထာဝရဘုရားကျိန်ဆိုတော်မူခဲ့သည့်အတိုင်း သင့်ကို မိမိအဖို့ သန့်ရှင်းသောလူမျိုးအဖြစ် တည်စေတော်မူမည်။
10
သင့်အပေါ် ထာဝရဘုရား၏နာမတော်တည်ကြောင်း မြေကြီးပေါ်ရှိ လူမျိုးအပေါင်းတို့သည် သိမြင်၍ သင့်ကိုကြောက်ရွံ့ကြလိမ့်မည်။
11
ထာဝရဘုရားက ထိုပြည်ကို သင့်အားပေးမည်ဟု သင်၏ဘိုးဘေးတို့အား ကျိန်ဆိုတော်မူခဲ့သည်နှင့်အညီ ထိုပြည်၌ သင့်သားသမီး၊ သင့်တိရစ္ဆာန်၏သားပေါက်၊ သင့်မြေ၏အသီးအနှံဖြင့် သင့်ကို ထာဝရဘုရား ကောင်းစားစေတော်မူမည်။
12
ထာဝရဘုရားသည် ကြွယ်ဝသောမိုးကောင်းကင်ဘဏ္ဍာတိုက်ကို ဖွင့်ပေးတော်မူပြီး သင်၏ပြည်၌ မိုးကို သူ့အချိန်နှင့်သူရွာစေတော်မူ၍ သင်လုပ်ဆောင်လေရာရာတို့ကိုကောင်းချီးပေးတော်မူမည်။ သင်သည် လူမျိုးများစွာတို့အား ချေးငှားပေးရမည်။ ချေးယူရမည်မဟုတ်။
13
ထာဝရဘုရားသည် သင့်ကို အမြီးမဖြစ်စေဘဲ ခေါင်းဖြစ်စေမည်။ သင်သည် အောက်၌မနေရဘဲ ထိပ်ဆုံး၌ နေရလိမ့်မည်။ ယနေ့ သင့်အားငါမိန့်မှာသော သင်၏ဘုရားသခင်ထာဝရဘုရား၏ပညတ်တော်များကို နားထောင်၍ လိုက်နာစောင့်ထိန်းလျှင်၊
14
ငါမှာကြားသည့်စကားတို့မှ လက်ယာဘက်၊ လက်ဝဲဘက်သို့မလွှဲ၊ အခြားဘုရားများနောက်သို့မလိုက်၊ ထိုဘုရားတို့ကို ဝတ်မပြုလျှင် ထိုကောင်းချီးများကိုခံစားရမည်။
15
သင်တို့သည် သင်တို့၏ဘုရားသခင်ထာဝရဘုရား၏စကားတော်ကိုနားမထောင်၊ ယနေ့ သင်တို့အား ငါမှာကြားသော ကိုယ်တော်၏ပညတ်ချက်၊ ပြဋ္ဌာန်းချက်ရှိသမျှတို့ကို မလိုက်နာ၊ မစောင့်ထိန်းလျှင် သင်တို့အပေါ်သက်ရောက်မည့်ကျိန်ခြင်းအမင်္ဂလာ၊ သင်တို့ခံစားရမည့် ကျိန်ခြင်းအမင်္ဂလာအပေါင်းကား ဤသို့ဖြစ်၏။
16
သင်သည် မြို့၌ ကျိန်ခြင်းခံရမည်။ တော၌လည်း ကျိန်ခြင်းခံရမည်။
17
သင့်တောင်း၊ သင့်မုန့်နယ်ခွက်သည် ကျိန်ဆဲခြင်းခံရမည်။
18
သင့်သားသမီး၊ သင့်မြေ၏အသီးအနှံ၊ သင့်နွား၏သားပေါက်များ၊ သင့်သိုးဆိတ်၏သားပေါက်များသည် ကျိန်ဆဲခြင်းခံရမည်။
19
သင်သွားသည်ဖြစ်စေ၊ လာသည်ဖြစ်စေ ကျိန်ဆဲခြင်းခံရမည်။
20
ထာဝရဘုရားကိုစွန့်ပယ်ခြင်းတည်းဟူသော ဆိုးညစ်မှုကို သင်ပြုသောကြောင့် သင်သည် အလျင်အမြန်ဖျက်ဆီးခြင်းခံရမည်။ ပျက်စီးခြင်းသို့မရောက်မချင်း ထာဝရဘုရားသည် သင်ပြုကျင့်လုပ်ဆောင်လေရာရာ၌ ကျိန်ဆဲခြင်း၊ ထိတ်လန့်ချောက်ချားခြင်း၊ ပြစ်တင်မောင်းမဲခြင်းတို့ကို သင့်အပေါ်သို့ ကျရောက်စေတော်မူမည်။
21
သင်ဝင်ရောက်သိမ်းပိုက်မည့်ပြည်မှ သုတ်သင်မခံရမချင်း ထာဝရဘုရားသည် သင့်အပေါ်၌ ကပ်ရောဂါကိုစွဲကပ်စေတော်မူမည်။
22
ထာဝရဘုရားသည် သင့်ကို အဆုတ်ရောဂါဖြစ်ခြင်း၊ ဖျားနာခြင်း၊ ရောင်ရမ်းခြင်း၊ အဖျားကြီးခြင်း၊ မိုးခေါင် ခြင်း၊ လောင်မီးပိုးကျခြင်း၊ မှိုစွဲခြင်းတို့ဖြင့် ဒဏ်ခတ်တော်မူမည်။ သင်ပျက်စီးခြင်းသို့မရောက်မချင်း ထိုဘေးတို့သည် သင့်ကိုလိုက်လိမ့်မည်။
23
သင့်ဦးခေါင်းအထက်ရှိမိုးကောင်းကင်သည် ကြေးနီကဲ့သို့လည်းကောင်း၊ သင့်အောက်ရှိမြေသည် သံကဲ့သို့လည်းကောင်း ဖြစ်မည်။
24
ထာဝရဘုရားသည် သင့်ပြည်၌ရွာသောမိုးကို ဖုန်မှုန့်၊ မြေမှုန့် ဖြစ်စေတော်မူ၍ သင်ပျက်စီးခြင်းသို့မရောက်မချင်း သင့်အပေါ် မိုးကောင်းကင်မှ ဖုန်မှုန့်မိုး၊ မြေမှုန့်မိုးရွာကျစေတော်မူမည်။
25
ထာဝရဘုရားသည် သင့်ရန်သူတို့ရှေ့၌ သင့်ကိုရှုံးနိမ့်စေတော်မူမည်။ သင်သည် လမ်းတစ်လမ်းတည်းဖြင့် သူတို့ထံသို့လာသော်လည်း သူတို့ထံမှ လမ်းခုနစ်လမ်းဖြင့် ထွက်ပြေးရမည်။ မြေကြီးပေါ်ရှိတိုင်းနိုင်ငံအားလုံးအတွက် သင်သည် ထိတ်လန့်စရာဖြစ်မည်။
26
သင်၏အလောင်းသည် မိုးကောင်းကင်ငှက်အမျိုးမျိုး၊ မြေတိရစ္ဆာန်အမျိုးမျိုးတို့၏အစာ ဖြစ်ရလိမ့်မည်။ ထိုအကောင်တို့ကို နှင်ထုတ်မည့်သူမရှိ။
27
ထာဝရဘုရားသည် ကုသ၍မရသော အီဂျစ်ပြည်အနာစိမ်း၊ ပလိပ်နာ၊ နှင်းခူ၊ ယားနာ စသည်ဖြင့် သင့်ကို ဒဏ်ခတ်တော်မူမည်။
28
ထာဝရဘုရားသည် သင့်ကို ရူးသွပ်ခြင်း၊ မျက်စိကန်းခြင်း၊ စိတ်ကယောက်ကယက်ဖြစ်ခြင်းတို့ဖြင့် ဒဏ်ခတ်တော်မူမည်။
29
မျက်မမြင်သည် စမ်းတဝါးဝါးလိုက်စမ်းရသကဲ့သို့ သင်သည်လည်း မွန်းတည့်အချိန်၌ပင် စမ်းတဝါးဝါးလိုက်စမ်းရမည်။ သင့်ဘဝလမ်းခရီး၌ အောင်မြင်လိမ့်မည်မဟုတ်။ နှိပ်စက်ခြင်း၊ လုယူခြင်းကိုသာ တစ်ချိန်လုံးခံနေရမည်။ သင့်ကို ကယ်တင်မည့်သူမရှိ။
30
သင်သည် မိန်းမနှင့်စေ့စပ်ထားသော်လည်း အခြားသူက ထိုမိန်းမနှင့်အိပ်လိမ့်မည်။ သင်သည် အိမ်ကိုဆောက်သော်လည်း ထိုအိမ်၌နေရမည်မဟုတ်။ စပျစ်ခြံကို စိုက်ပျိုးသော်လည်း အကျိုးခံစားရမည်မဟုတ်။
31
သင့်နွားကို သင့်ရှေ့မှောက်၌ပင် သတ်သော်လည်း အသားကို သင်စားရမည်မဟုတ်။ သင့်မြည်းကို သင့်ရှေ့မှောက်၌ပင် လုယူသွားသော်လည်း ထိုမြည်းကို သင်ပြန်ရမည်မဟုတ်။ သင့်သိုးသည် ရန်သူလက်သို့ရောက်သော်လည်း ကယ်တင်မည့်သူမရှိ။
32
သင်၏သားသမီးတို့သည် အခြားလူမျိုးလက်သို့ ရောက်သွားလိမ့်မည်။ သို့ဖြစ်၍ သင်၏မျက်စိတို့သည် သူတို့ကို တစ်ချိန်လုံး မျှော်ကြည့်၍ အားကုန်လိမ့်မည်။ သင့်လက်သည် အားမရှိ။
33
သင့်မြေ၏အသီးအနှံ၊ သင့်ချွေးနှဲစာရှိသမျှတို့ကို သင်မသိသောလူမျိုးသည် စားလိမ့်မည်။ သင်သည် နှိပ်စက်ညှဉ်းဆဲခြင်းကိုသာ တစ်ချိန်လုံးခံရလိမ့်မည်။
34
သင်မြင်တွေ့ရသောအရာများကြောင့် သင်ရူးရလိမ့်မည်။
35
ထာဝရဘုရားသည် ကုသ၍မရသော ဆိုးရွားသည့်အနာစိမ်းများဖြင့် သင့်ဒူး၊ သင့်ပေါင်တို့ကိုသာမက ခြေဖဝါးမှစ၍ ဦးခေါင်းတိုင်အောင် ဒဏ်ခတ်တော်မူမည်။
36
ထာဝရဘုရားသည် သင့်ကိုလည်းကောင်း၊ သင်တင်မြှောက်ထားသော သင့်ကိုအုပ်စိုးသည့်ရှင်ဘုရင်ကိုလည်းကောင်း သင်မသိ၊ သင့်ဘိုးဘေးတို့လည်းမသိသော လူမျိုးထံသို့ ဆောင်သွားတော်မူသဖြင့် သင်သည် ထိုအရပ်၌ အခြားဘုရားများဖြစ်သည့် သစ်သားဘုရား၊ ကျောက်ဘုရားတို့ကိုဝတ်ပြုရလိမ့်မည်။
37
သင့်အားထာဝရဘုရားနှင်ထုတ်တော်မူသောအရပ်ရှိ လူမျိုးအပေါင်းတို့တွင် သင်သည် ထိတ်လန့်စရာ၊ ပုံခိုင်းစရာ၊ ပြောင်လှောင်စရာ ဖြစ်လိမ့်မည်။
38
သင်သည် လယ်ယာ၌မျိုးစေ့များစွာကြဲ သော်လည်း ကျိုင်းကောင်စားသောကြောင့် အနည်းငယ်သာ စုသိမ်းရလိမ့်မည်။
39
သင်သည် စပျစ်ခြံများကိုစိုက်ပျိုး၍ ပြုစုသော်လည်း ပိုးကောင်စားသောကြောင့် စပျစ်သီးကိုဆွတ်ခူးရလိမ့်မည်မဟုတ်၊ စပျစ်ဝိုင်ကိုသောက်ရလိမ့်မည်မဟုတ်။
40
သင့်နယ်မြေတစ်ခွင်လုံးတွင် သံလွင်ပင်ရှိသော်လည်း အသီးကြွေကျသောကြောင့် သင်သည် သံလွင်ဆီကိုလိမ်းရမည်မဟုတ်။
41
သင်သည် သားသမီးများ မွေးဖွားသော်လည်း သူတို့သည် သုံ့ပန်းအဖြစ် ခေါ်ဆောင်သွားခြင်းခံရသောကြောင့် သင်နှင့်အတူနေရမည်မဟုတ်။
42
သင့်အပင်၊ သင့်မြေအသီးအနှံရှိသမျှတို့ကို ကျိုင်းကောင်အုပ်ကြီး ဖျက်ဆီးလိမ့်မည်။
43
သင့်တွင်ရှိသော တိုင်းတစ်ပါးသားတို့သည် သင့်ထက် မြင့်သည်ထက်မြင့်သွားလိမ့်မည်။ သင်မူကား နိမ့်သည်ထက်နိမ့်သွားလိမ့်မည်။
44
သူသည် သင့်အားချေးငှားပေးလိမ့်မည်။ သင်မူကား သူ့ကိုချေးငှားပေးနိုင်မည်မဟုတ်။ သူသည် ဦးခေါင်းဖြစ်လိမ့်မည်။ သင်မူကား အမြီးသာဖြစ်လိမ့်မည်။
45
သင်သည် သင်၏ဘုရားသခင်ထာဝရဘုရား၏စကားတော်ကိုနားမထောင်၊ သင့်အားမိန့်မှာတော်မူသော ပညတ်ချက်များ၊ ပြဋ္ဌာန်းချက်များကို မစောင့်ထိန်းသောကြောင့် သင်ပျက်စီးခြင်းသို့မရောက်မချင်း ဤကျိန်ခြင်းအမင်္ဂလာရှိသမျှတို့သည် သင့်အပေါ်သက်ရောက်လိမ့်မည်။ သင့်ကိုလိုက်၍မီလိမ့်မည်။
46
သင်၌လည်းကောင်း၊ သင်၏သားစဉ်မြေးဆက်၌လည်းကောင်း အမှတ်လက္ခဏာအဖြစ်၊ အံ့ဩဖွယ်အဖြစ် အစဉ်အမြဲတည်ရှိလိမ့်မည်။
47
သင်သည် အရာရာ၌ကြွယ်ဝလျက်ပင် ဝမ်းမြောက်ခြင်း၊ စိတ်နှလုံးရွှင်လန်းခြင်းဖြင့် သင်၏ဘုရားသခင်ထာဝရဘုရားကိုအစေမခံသောကြောင့်
48
ဆာလောင်မွတ်သိပ်ခြင်း၊ အဝတ်အချည်းစည်းဖြစ်ခြင်း၊ အရာရာချို့တဲ့ခြင်းတို့ဖြင့် ထာဝရဘုရားစေလွှတ်တော်မူသော သင်၏ရန်သူကို သင်အစေခံရလိမ့်မည်။ သင်ပျက်စီးခြင်းသို့မရောက်မချင်း သံထမ်းပိုးကို သင်၏လည်ပင်းပေါ် တင်ထားတော်မူမည်။
49
ထာဝရဘုရားသည် မြေကြီးစွန်းဝေးသောအရပ်မှ လူမျိုးတစ်မျိုးကို သင့်ထံသို့ခေါ်ဆောင်လာမည်။ ထိုလူမျိုးသည် လင်းယုန်ထိုးသုတ်သကဲ့သို့ သင့်ကို ထိုးသုတ်လိမ့်မည်။ သူတို့၏ဘာသာစကားကို သင်နားမလည်။
50
သူတို့သည် မျက်နှာထားခက်ထန်၍ အသက်ကြီးသူကို မလေးစား၊ အသက်ငယ်သူကို မသနားသော လူမျိုးဖြစ်၏။
51
သင်ပျက်စီးခြင်းသို့ မရောက်မချင်း သူတို့သည် သင်၏တိရစ္ဆာန်သားပေါက်များ၊ မြေအသီးအနှံများကို ဝါးမျိုလိမ့်မည်။ သင်ပျက်စီးသွားသည်အထိ ကောက်ပဲသီးနှံ၊ စပျစ်ဝိုင်အသစ်၊ ဆီ၊ နွားသားပေါက်၊ သိုးဆိတ်သားပေါက် တို့ကို သင့်အတွက် ချန်ထားမည်မဟုတ်။
52
သင်ယုံကြည်ကိုးစားသော သင့်ပြည်တစ်ပြည်လုံးရှိမြို့အားလုံး၏မြင့်မားခိုင်ခံ့သောမြို့ရိုးများ မပြိုကျမချင်း သူတို့သည် သင့်ကိုဝိုင်းထားလိမ့်မည်။ သင်၏ဘုရားသခင်ထာဝရဘုရားပေးတော်မူသောပြည်တစ်ပြည်လုံးရှိမြို့အားလုံးကို သူတို့ဝိုင်းထားလိမ့်မည်။
53
သင့်ရန်သူတို့သည် သင့်ကိုဝိုင်းထား၍ သင့်ကို အကျပ်အတည်းထဲသို့ ရောက်စေသောကြောင့် သင်၏ဘုရားသခင်ထာဝရဘုရားပေးတော်မူသည့် သင့်ရင်သွေးဖြစ်သော သင့်သားသမီးတို့၏အသားကိုပင် သင်ပြန်စားရလိမ့်မည်။
54
သင့်ရန်သူတို့သည် သင့်မြို့အားလုံးကိုဝိုင်းထား၍ အကျပ်အတည်းထဲသို့ရောက်စေသောကြောင့် သင့်တွင်ရှိသော အလွန်နူးညံ့သိမ်မွေ့သောယောက်ျားပင်လျှင် မိမိညီအစ်ကို၊ မိမိရင်ခွင်၌ရှိသောမယား၊ ကျန်ရှိသောမိမိသားသမီးတို့အပေါ် တွန့်တိုလိမ့်မည်။
55
သူ၌စားစရာတစ်စုံတစ်ခုမျှ မကျန်တော့သဖြင့် သူစားနေသော သားသမီး၏အသားကိုပင် အခြားသူတစ်ယောက်ကိုမျှ မကျွေးဘဲနေလိမ့်မည်။
56
သင့်ရန်သူတို့သည် သင့်မြို့ကိုဝိုင်းထား၍ အကျပ်အတည်းထဲသို့ရောက်စေသောကြောင့် မြေပေါ်ခြေမချဖူးသည့် နူးညံ့သိမ်မွေ့သောမိန်းမပင်လျှင် မိမိရင်ခွင်၌ရှိသောယောက်ျား၊ မိမိသားသမီးတို့အပေါ် တွန့်တိုလိမ့်မည်။
57
သူ၌ စားစရာတစ်စုံတစ်ခုမျှမရှိတော့သဖြင့် မိမိဗိုက် ထဲမှထွက်လာသောအချင်း၊ မိမိမွေးဖွားသောသားသမီးတို့ကိုပင် လျှို့ဝှက်စွာ စားလိမ့်မည်။
58
ဘုန်းကြီး၍ကြောက်မက်ဖွယ်ကောင်းသော သင်၏ဘုရားသခင်ထာဝရဘုရား၏နာမတော်ကို မကြောက်ရွံ့၊ ဤကျမ်းစာလိပ်၌ရေးသားထားသော တရားစကားရှိသမျှတို့ကို မလိုက်နာ၊ မစောင့်ထိန်းလျှင်
59
ထူးဆန်းသောကပ်ရောဂါဖြစ်သည့် ပြင်းထန်သောနာတာရှည်ကပ်ရောဂါများ၊ ဆိုးရွားသောနာတာရှည်အနာရောဂါများကို ထာဝရဘုရားသည် သင်နှင့်သင့်သားစဉ်မြေးဆက်တို့၌ သက်ရောက်စေတော်မူမည်။
60
သင်ကြောက်ရွံ့ခဲ့ရသော အီဂျစ်ပြည်၏ရောဂါဝေဒနာရှိသမျှတို့ကို သင့်ထံသို့ယူဆောင်လာတော်မူသဖြင့် သင်၌စွဲကပ်လိမ့်မည်။
61
ထို့ပြင် ထာဝရဘုရားသည် ဤပညတ်တရားကျမ်း၌ မရေးသားထားသည့်အနာရောဂါ၊ ကပ်ရောဂါ ရှိသမျှတို့ကိုလည်း သင်ပျက်စီးခြင်းသို့မရောက်မချင်း သင့်အပေါ်သို့ကျရောက်စေတော်မူမည်။
62
သင်သည် ကောင်းကင်ကြယ်နှင့်အမျှ များပြားခဲ့သော်လည်း သင်၏ဘုရားသခင်ထာဝရဘုရား၏စကားတော်ကို နားမထောင်သောကြောင့် အနည်းငယ်သာ အသက်ရှင်ကျန်ရစ်လိမ့်မည်။
63
ထာဝရဘုရားသည် သင့်ကိုကောင်းစားစေ၍ တိုးပွားစေရာ၌ နှစ်သက်အားရတော်မူသကဲ့သို့ သင့်ကိုဖျက်ဆီး၍ သုတ်သင်ပယ်ရှင်းပစ်ရာ၌လည်း ထာဝရဘုရား ဝန်လေးတော်မူမည်မဟုတ် ။ သင်သည် သင်ဝင်ရောက်သိမ်းပိုက်သည့်ပြည်ထဲမှ နုတ်ပယ်ခြင်းခံရလိမ့်မည်။
64
ထာဝရဘုရားသည် သင့်ကို မြေကြီးတစ်ဖက်စွန်းမှ တစ်ဖက်စွန်းတိုင်အောင် လူမျိုးတကာတို့အလယ်သို့ ကွဲလွင့်စေတော်မူမည်။ သင်သည် ထိုအရပ်တို့၌ သင်မသိ၊ သင့်ဘိုးဘေးတို့လည်းမသိသော အခြားဘုရားများဖြစ်သည့် သစ်သားဘုရား၊ ကျောက်ဘုရားတို့ကိုဝတ်ပြုရလိမ့်မည်။
65
သင်သည် ထိုလူမျိုးတို့အလယ်တွင် သက်သာရာမရ၊ နားစရာနေရာ ခြေတစ်ဖဝါးစာမျှ မရှိ။ ထိုအရပ်၌ ထာဝရဘုရားသည် သင့်ကို စိတ်နှလုံးကြောင့်ကြခြင်း၊ မျက်စိအားလျော့ခြင်း၊ စိတ်ပျက်ဝမ်းနည်းခြင်း ဖြစ်စေတော်မူမည်။
66
နောင်လာမည့်သင့်အသက်တာသည်လည်း မရေရာမသေချာ။ နေ့နေ့ညည ကြောက်ရွံ့လျက်နေရမည်။ ဘဝအာမခံချက် ရှိမည်မဟုတ်။
67
သင့်စိတ်ထဲ၌ကြောက်ရွံ့နေရသောအရာ၊ သင်မျက်စိ၌ မြင်နေရသောအရာတို့ကြောင့် နံနက်အချိန်၌ ‘နေဝင်ချိန်ရောက်ပါစေ’ နေဝင်ချိန်၌ ‘နံနက်အချိန်ရောက်ပါစေ’ဟု သင်ဆိုလိမ့်မည်။
68
‘ထိုလမ်းကို နောက်တစ်ဖန် သင်မမြင်ရ’ဟု သင့်အား ငါဆင့်ဆိုခဲ့သည့်အတိုင်း ထာဝရဘုရားသည် သင့်ကို အီဂျစ်ပြည်သို့ ထိုလမ်းဖြင့်မဟုတ်ဘဲ သင်္ဘောနှင့်ပြန်သွားစေတော်မူမည်။ ထိုပြည်၌ ကျွန်ယောက်ျား၊ ကျွန်မိန်းမအဖြစ် သင့်ကိုယ်သင် သင့်ရန်သူတို့ထံသို့ ရောင်းမည်။ သင့်ကို မည်သူမျှဝယ်မည်မဟုတ်”ဟု ဆိုလေ၏။
← Chapter 27
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 29 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34